ပဲခူးတိုင်းအနောက်ခြမ်း ပြည်ခရိုင် ပန်းတောင်းမြို့နယ်တွင် ဒီဇင်ဘာလ ၈ ရက်နေ့ နံနက် ၁၁ နာရီခွဲခန့်က ဆိုင်ကယ်စီးနင်းလာသည့် အမျိုးသမီး ၂ ဦးအား အမျိုးသား ၂ ဦးမှ သေနတ်ဖြင့်ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး ပစ်ခတ်သူ အမျိုးသား ၂ ဦးအား ဒီဇင်ဘာလ ၉ ရက်နေ့ နံနက်ပိုင်းက ဖမ်းဆီးရမိခဲ့ကြောင်း ပန်းတောင်းမြို့နယ် ရဲတပ်ဖွဲ့ထံမှသိရသည်။
ဆိုင်ကယ် လုယူရန် တူမီးသေနတ်ဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်းနှင့် ပစ်ခတ်သူများမှာ ပြည်မြို့နယ် လက်ခုပ်ပင်ကျေးရွာမှ သီဟစိုး (၁၈-နှစ်) နှင့် ပန်းတောင်းမြို့နယ် ကျီးပင်ကျေးရွာမှ ဝင်းကိုအောင် (၁၇-နှစ်) တို့ဖြစ်ပြီး ၎င်းတို့ ၂ ဦးအား ပန်းတောင်းမြို့နယ် ရွာသစ်ကုန်းကျေးရွာ မုဆိုးဘုရားအနီးတွင် ဒီဇင်ဘာလ ၉ ရက်နေ့တွင် လှည့်ကင်းလှည့်လည်နေသည့် ပန်းတောင်းမြို့နယ် ရဲတပ်ဖွဲ့မှ ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း ရဲမှတ်တမ်းအများအရ သိရသည်။
ပန်းတောင်းမြို့နယ် ရဲတပ်ဖွဲ့ ရဲမှူးကျော်ဆန်း က “ညက ၁၂ နာရီလောက်မှာ သီဟစိုးနဲ့ ဝင်းကိုအောင် ၂ ယောက်ကို ဆိုင်ကယ် နှစ်စီးနဲ့ မသင်္ကာဖွယ်တွေ့တော့ သူတို့စီးလာတဲ့ဆိုင်ကယ်ကို ပိုင်ဆိုင်ကြောင်းအထောက်အထားမပြနိုင်တဲ့အပြင် ပုံစံကိုကြည့်လိုက်တဲ့အခါ မနက်က သေနတ်ပစ်သွားတဲ့ တရားခံတွေရဲ့ ပုံပန်းသဏ္ဍန်တွေရထားတာနဲ့ ဒီ ၂ ယောက်နဲ့တူနေတာနဲ့ ညကစစ်ကြောလိုက်တဲ့အခါ ဒီကောင်တွေ ကျူးလွန်တာ စစ်ဆေးပေါ်ပေါက်တယ်။ ပစ်တဲ့သေနတ်ရောမေးတော့ တူမီးသေနတ်ကို ဖိုးဦးတောင်ဘုရားကားရပ်နားစခန်းနားမှာ စွန့်ပစ်ထားခဲ့တယ်ဆိုပြီး ပြောလို့ သွားရှာလိုက်တော့ အဲဒီသေနတ်ကိုလည်းတွေ့ပါတယ်” ဟု ပြောသည်။
ဒီဇင်ဘာလ ၈ ရက်နေ့ နံနက် ၁၁ နာရီခွဲခန့်က ပြည်- တောင်ကုတ် ကားမလမ်းအနီး ကံမကားလမ်းခွဲအတွင်း တမိုင်ကျော်ခန့်တွင် ၂ ပေနီးပါးရှိ တူမီးသေနတ်ဖြင့် ပစ်ခတ်ခံရ၍ သေနတ်ဖြင့်အပစ်ခံရသူမှာ ပန်းတောင်းမြို့နယ် မကျည်းပင်ကြားအင်းကျေးရွာမှ မပပဝင်းဆိုသူဖြစ်ပြီး ပြည်မြို့သို့ ဈေးဝယ်သွားရာမှ ယခုလိုပစ်ခတ်ခံရကာ ကျည်ဆံတတောင့်မှာ ထုတ်ချင်းပေါက်ထွက်သွား၍ တတောင့်မှာ့ အဆုပ်အတွင်းမှ ခွဲစိတ်ထုတ်ယူခဲ့ရပြီး ပြည်မြို့ ကုတင် ၅၀၀ ဆေးရုံတွင် ဆေးကုသမှု ခံယူနေရကြောင်းသိရသည်။
သွားရောက် ဖမ်းဆီးခဲ့သည့် ရဲမှူးကျော်ဆန်း က “ဆိုင်ကယ်နဲ့ တခြားပစ္စည်းတွေယူမလို့ သေနတ်နဲ့ပစ်တယ်လို့ပြောတယ်။ သေနတ်က တူမီးသေနတ် လွန်ခဲ့တဲ့ ၆ လလောက် က မြိတ်ဘက်မှာ (သီဟစိုး) အလုပ်သွားလုပ်ရင်း ကရင်လူမျိုးတွေဆီက ရခဲ့တာလို့ပြောတယ်။ ဒါကိုလည်း ထပ်စစ်ဆေးနေပါတယ်။ ဒီကလေးတွေက အရင်ကလည်း ပြစ်ချက်တွေရှိတယ်။ အခုစစ်ဆေးလို့ရတာနဲပဲ လောလောဆယ် အမှုဖွင့်ထားတာပဲရှိသေးတယ်။ ထပ်စစ်ပြီးလို့ အမှုတွေတိုးလာရင်လည်း ထပ်တိုးဖွင့်သွားအုံးမှာပါ။ နောင်ကျင်သွားအောင် ထိထိရောက်ရောက်အရေးယူသွားမှာပါ” ဟု ဧရာဝတီကိုပြောသည်။
သေနတ်ဖြင့်ပစ်ခတ်သူများမှာ ပြည်မြို့နယ် လက်ခုပ်ပင်ကျေးရွာမှ အသက် ၁၈ နှစ်အရွယ် သီဟစိုးမှာ ၂၀၁၇ ခုနှစ်က ဆိုင်ကယ်တူးဘောက်အတွင်း ဓါးမြောင်တွေ့ရှိမှုဖြင့် တရားစွဲဆိုခံခဲ့ရပြီး တရားသူကြီးမှ တရားရှင်လွှတ်ပေးခဲ့သူဖြစ်ပြီး ပန်းတောင်မြို့နယ် ကျီးပင်ကျေးရွာမှ အသက် ၁၇ အရွယ် ဝင်းကိုအောင်မှာလည်း ယခင်ကခိုးမှုဖြင့် လွန်ခဲ့သည့် ၅ လခန့်က လွတ်မြောက်လာသူဖြစ်ကြောင်း ရဲမှတ်တမ်းများအရသိရပြီး ၎င်းတို့ ၂ ဦးအား ရာဇသတ်ကြီးပုဒ်မ ၃၈၀/၅၄ နှင့် ပုဒ်မ ၃၀၇ တို့ဖြင့်အရေးယူထားကြောင်းနှင့် ယခင်ပြစ်မှုများ ကျူးလွန်မှုရှိမကိုလည်း စစ်ဆေးနေဆဲဖြစ်ကြောင်း သိရသည်။
ဆက်စပ်ဖတ်ရှုရန် – ပန်းတောင်းမြို့နယ်တွင် အမျိုးသမီး ၂ ဦး သေနတ်ဖြင့် ပစ်ခံရ