အာဏာရ အမျိုးသား ဒီမိုကရေစီ အဖွဲ့ ချုပ် (NLD) ပါတီ အနေဖြင့် တိုင်းနှင့် ပြည်နယ် ဝန်ကြီးချုပ်များ၏ နိုင်ငံရေး ဆောင်ရွက်ချက်များ ထိရောက်မှု ရှိ၊ မရှိကို စောင့်ကြည့်မည့် အဖွဲ့ တခုကို ဖွဲ့ စည်းရန် စီစဉ်လျက် ရှိကြောင်း သတင်းရရှိသည်။
ယနေ့ နေပြည်တော် စည်ပင်ဧည့်ရိပ်သာ ၂ တွင် ကျင်းပပြုလုပ်သည့် NLD ပါတီ ဗဟိုအလုပ်မှုဆောင်အဖွဲ့၏ အစည်းအဝေးအပြီးတွင် ဧရာဝတီက ကြားဖြတ်ရွေးကောက်ပွဲ ရလဒ် စောင့်ကြည့်ရေးအဖွဲ့၏ အစီရင်ခံစာနှင့် ပတ်သက်၍ ဧရာဝတီ၏ မေးခွန်းကို ဖြေကြားစဉ် ယင်းပါတီ၏ ဒုတိယ ဥက္ကဌ ဒေါက်တာ ဇော်မြင့်မောင်က အထက်ပါအတိုင်း ထည့်သွင်း ပြောဆိုလိုက်ခြင်း ဖြစ်သည်။
ယခု စောင့်ကြည့်မည့် အဖွဲ့ သည် ဝန်ကြီးချုပ်များ သာမက တိုင်းနှင့် ပြည်နယ် အဆင့် ဝန်ကြီးများ၊ ပါတီမှ လွှတ်တော်ကိုယ်စား လှယ်များကိုပါ စောင့်ကြည့်မည် ဖြစ်ကြောင်း၊ ယခုလို ဆောင်ရွက်ရခြင်းသည့် ၂၀၂၀ ရွေးကောက်ပွဲအတွက် သာမက ပါတီ ခိုင်ခံ့ရေး အတွက်ပါ ရည်ရွယ် လုပ်ဆောင်ခြင်း ဖြစ်ကြောင်း NLD ပါတီ တာဝန်ရှိသူများက ပြောသည်။
မန္တလေးတိုင်း ဝန်ကြီးချုပ်လည်း ဖြစ်သူ ဒေါက်တာ ဇော်မြင့်မောင်က “ပါတီရယ်၊ လူငယ်ရယ်၊ အမျိုးသမီးရယ်က အဲဒီအပေါ်မှာ ဗဟိုနဲ့ တိုင်းနဲ့ တွဲစပ်ပြီးတော့ ဝန်ကြီးချုပ် တင်မကဘူး။ ဝန်ကြီးတွေပါတကယ် ကွင်းဆင်း အလုပ်လုပ်ရဲ့လား ဆိုတာ။ လွှတ်တော်ကိုယ်စားလှယ်တွေလည်း နယ်မြေဒေသရောက်ခဲ့ရဲ့ လား။ အဲဒီအဖွဲ့ က သွားပြီးတော့ မေးပြုပြီးတော့ သုံးသပ်မှာပေါ့နော်။ ဒါဆိုရင်တော့ ပိုပြီး ပြင်ဆင်ပြီးသား ဖြစ်လိမ့်မယ် ထင်ပါတယ်”ဟု ပြောသည်။
စစ်ဆေးရေးအဖွဲ့၏ စစ်ဆေးချက်အရ ပေါ်ပေါက်လာမှုများကို မည်ကဲ့သို့ အရေးယူဆောင်ရွက်မှုများ ပြုလုပ်သွားမည်ဆိုသည်ကိုတော့ ထုတ်ဖော် ပြောဆိုခြင်း မရှိသေးပေ။
တိုင်းနှင့် ပြည်နယ် ဝန်ကြီးချုပ်များသည် သမ္မတရုံးသို့ လစဉ် အစီရင်ခံစာ ရေးရသလို ယခုအခါ ယင်းအစီရင်ခံစာ အပြင် ပါတီသို့ တင်ပြရမည့် အစီရင်ခံစာတခုလည်း ထပ်တိုးလာမည် ဖြစ်ကြောင်း ၎င်းက ပြောသည်။
“အခုက လစဉ် ဝန်ကြီးချုပ် အစီရင်ခံစာ အပြင် လစဉ် ပါတီ အနေနဲ့ ရေးရတော့မယ်။ ပါတီက ထိပ်ကပဲ ရှိမှာ။ ဝန်ကြီးချုပ် ကိုယ်တိုင် မရေးရတော့ဘူး။ ပါတီက ကြားထဲကနေ တကယ်လုပ်မလုပ် ဆိုတာကို မေးပြီးတော့ ကြားခံအဖွဲ့ ကနေ လုပ်လိမ့်မယ်။ အခုမှ ဖွဲ့ ရမှာ”ဟု ဒေါက်တာ ဇော်မြင့်မောင်က ပြောသည်။
ဝန်ကြီးချုပ်များကို စောင့်ကြည့်မည့်အဖွဲ့ တွင် ပါဝင်မည့်သူများကို NLD ဗဟိုက တဦး ရွေးပေးမည် ဖြစ်ကြောင်း၊ ဗဟို အမျိုးသမီး အဖွဲ့ မှ တဦး၊ ဗဟို လူငယ်မှ တဦးနှင့် တိုင်းနှင့် ပြည်နယ် အဆင့်မှ တဦး ပါမည် ဖြစ်ကြောင်း သိရသည်။
ရန်ကုန်တိုင်း လွှတ်တော် ကိုယ်စားလှယ် ဒေါ်စန္ဒာမင်းက “အခုလို စောင့်ကြည့်မယ်ဆိုတာ ကောင်းတယ်။ ဒါပေမယ့် ကိုယ့်ပါတီ အချင်းချင်းလည်း ဖြစ်တော့ အမှန်တရားကို ရဲရဲဝံဝံ အမှန်အတိုင်း တင်ပြရဲတဲ့သူတွေတော့ ဖြစ်ဖို့ လိုတယ်”ဟု ဧရာဝတီသို့ ပြောသည်။
ပါတီဝင်များအပေါ် အကဲဖြတ် လေ့လာသုံးသပ်ရေး အဖွဲ့ကို တိုင်းနှင့် ပြည်နယ်တိုင်းတွင် အဖွဲ့ဝင် ၆ ဦးနှင့် ဖွဲ့စည်းမည် ဖြစ်ကြောင်း၊ ၆ ဦးတွင် ၃ ဦး ကို ဗဟိုမှ ရွေးချယ်ပေးမည် ဖြစ်ပြီး ကျန် ၃ ဦးတွင် တိုင်းနှင့် ပြည်နယ်ရှိ လူငယ်၊ အမျိုးသမီးနှင့် အလုပ် အမှုဆောင် အဖွဲ့ဝင်များ ပါဝင်မည် ဖြစ်ကြောင်း NLD ပါတီ ပြောရေးဆိုခွင့် ရှိသူတဦး ဖြစ်သူ ဒေါက်တာ မျိုးညွှန့်က ပြောသည်။
“အဲ့ဒီ ၆ ဦးကနေ လစဉ် အစီရင်ခံစာ၊ အဲဒီတိုင်းနဲ့ပြည်နယ်အတွင်းမှာရှိတဲ့ အဖွဲ့ချုပ်ရဲ့ စွမ်းဆောင်ရည်ကို လေ့လာအကဲဖြတ်ပြီးတော့ ဗဟို အလုပ်အမှုဆောင်ကို တင်ပေးရပါမယ်” ဟု ၎င်းက ပြောသည်။
ပါတီ၏ မူဝါဒအရ လုပ်သင့်လုပ်ထိုက်သည့် ကိစ္စဟု ယူဆကြောင်း၊ ဝန်ကြီးချုပ်နှင့် ဝန်ကြီးများ၏ ဆောင်ရွက်မှုများကို ပို၍ မောင်း နှင်ပေးမည့် သဘောဖြစ်၍ လက်ခံကြောင်း၊ သို့သော် မူမမှန်သူများကမူ ယခု ကိစ္စကို ကြောက်ကြလိမ့်မည် ဖြစ်ကြောင်း စစ်ကိုင်း တိုင်း စည်ပင်သာယာရေး ဝန်ကြီး ဦးမြင့်ကြည်က ဧရာဝတီသို့ ပြောသည်။
ဝန်ကြီး ဦးမြင့်ကြည် က “ကျနော်တို့က ပါတီမူဝါဒ အရ သဘောကျတယ်။ လုပ်လည်း လုပ်သင့်ပါတယ်။ သို့သော်လည်း ဒီလို ဆောင်ရွက်တဲ့ နေရာမှာ ပု ဂ္ဂိုလ်ရေး အမြင်တွေနဲ့ မဟုတ်ဘဲနဲ့ တကယ့်ကို လမ်းစဉ်မှန်မှန်၊ သုံးသပ်ချက် မှန်မှန်ဆိုရင်တော့ တော်တော်ကို အားပေးပါတယ်”ဟု ပြောသည်။
NLD ပါတီသည် ၂၀၁၅ ရွေးကောက်ပွဲတွင် မဲအပြတ်အသတ် အနိုင်ရရှိပြီး အစိုးရ ဖွဲ့ နိုင်ခဲ့သော်လည်း ယခုနောက်ပိုင်းတွင် ပါတီ၏ ဆောင်ရွက်ချက်များကြောင့် ၂၀၁၈ ကြားဖြတ်ရွေးကောက်ပွဲတွင် ယခင် နိုင်ခဲ့ပြီးသား မဲဆန္ဒနယ်မြေတချို့ ကိုပင် ရှုံးနိမ့်သွားခဲ့ရသည်။