ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ ဖက်ဝန်းချောင်း ကျေးရွာအနီးတွင် လက်နက်ကြီး၊ လက်နက်ငယ် ပေါက်ကွဲသံများကြောင့် စိုးရိမ်ထိတ်လန့်နေကြသည့် ဒေသခံကျေးရွာသားများမှာ အိုးအိမ်များကို စွန့်ခွာပြီး ထွက်ပြေးနေကြရကြောင်း သတင်းရရှိသည်။
ဖက်ဝန်းချောင်းကျေးရွာမှ ဒေသခံ ၄၀ ကျော်သည် ၎င်းတို့ရွာအနီး လက်နက်ကြီး၊ လက်နက်ငယ် ပစ်ခတ်သံ၊ ပေါက်ကွဲသံများ ကြောင့် ရွာတွင်မနေရဲတော့သဖြင့် ပုဏ္ဏားကျွန်းမြို့နယ် သင်ပုန်းတန်း ကျေးရွာသို့ ဒီဇင်ဘာ ၉ ရက်နေ့တွင် သွားရောက် ပုန်းရှောင်နေကြရကြောင်းသိရသည်။
သင်ပုန်းတန်း ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးသိန်းဝင်း က “မနေ့က ညနေ ၅ နာရီကျော်လောက်က ကျနော်တို့ ရွာကို ရောက်လာကြပါတယ်။ တိုက်ပွဲ ဖြစ်သံတွေက ရွာအနားထိ ကြားလာရတော့ မနေရဲတော့ဘဲ ဒီအတိုင်း ချက်ချင်းကြီး ပြေးလာကြတာတာလို့ ပြောတယ်။ သူတို့မှာ ဘာမှ ပါမလာကြဘူး။ လက်ရှိ လိုတာကတော့ အဝတ်အထည် နဲ့ စားရေးသောက်ရေး တွေ လိုအပ်နေပါတယ်” ဟု ဧရာ ဝတီသို့ ပြောသည်။
ထွက်ပြေးလာသည့် ဖက်ဝန်းချောင်းရွာသား ဦးအောင်ဇံ ကတော့ ၎င်းတို့ ကျေးရွာ၏ အနောက်ဘက် မဲခေါင်ချောင်း ထဲတွင် တပ်မတော်နှင့် ရက္ခိုင့်တပ်မတော် (AA) တို့တိုက်ပွဲဖြစ်ပြီး ဒီဇင်ဘာလ ၈ ရက်နှင့် ၉ ရက်နေ့ တို့တွင် လက်နက်ကြီး ပေါက်ကွဲသံများနှင့် လက်နက်ငယ် ပစ်ခတ်သံများကို ဆက်တိုက်ကြားလာရသည့်အတွက် ကြောက်လန့်ပြီး ထွက်ပြေး လာရခြင်း ဖြစ်ကြောင်း ပြောသည်။
ဦးအောင်ဇံ က “တိုက်ပွဲဖြစ်တာကတော့ မဲခေါင်ချောင်းဝမှာ ဖြစ်နေတာပါ။ ကျနော်တို့ ရွာနဲ့ဆို အဲဒီနေရာနဲ့ ၁၅ မီနှစ်လောက်သာ သွားရတယ်။
သေနတ်သံကြားရတာတော့ ၂ ရက်တိတိ ကြားရတယ်။ ညဘက်လည်း ကြားရတယ်။ လက်နက်ကြီးကျည်ဆန်တွေ ရွာမှာ ကျလာမှာကို စိုးတယ်။ အဲဒါနဲ့ ကျနော်တို့ ဒီဘက်ကို ထွက်ပြေးလာကြတာပါ ” ဟု ဧရာဝတီသို့ ပြောသည်။
ရောက်ရှိလာသော လူပေါင်း ၄၀ ကျော်တွင် အမျိုးသား ၁၉ ဦး၊ အမျိုးသမီး ၂၃ ဦး စုစုပေါင်း ၄၂ ဦး ပါဝင်ပြီး ယင်းအထဲတွင် ကလေး ၁၈ ဦး ပါဝင်ကြောင်းလည်း သင်ပုန်းတန်းကျေးရွာသားများထံမှ သိရသည်။
ဖက်ဝန်းချောင်းကျေးရွာသည် ပုဏ္ဏားကျွန်း ၊ ရသေ့တောင် ၊ ကျောက်တော် စသည့်မြို့နယ် ၃ ခုနှင့် ထိစပ်နေသော နေရာတွင် တည်ရှိပြီး ရွာရှိစုစုပေါင်း လူဦးရေမှာ ၄၀ ကျော်သာ ရှိကြောင်းလည်း သိရသည်။
ပုဏ္ဏာကျွန်းမြို့နယ်အတွင်း တိုက်ပွဲဖြစ်ပွားမှုအခြေအနေနှင့် ပတ်သက်ပြီး ပြည်နယ်အစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဖုန်းတင့်အား ဧရာဝတီမှ ဆက်သွယ်ခဲ့ရာ “အခု ချိန်ထိ တရားဝင် သတင်း မတက်သေး၊ တရားဝင် သတင်း တက်တဲ့အခါ ပြောပါမယ်” ဟု ဖြေကြားသည်။
လက်ရှိအချိန်တွင် ၎င်းစစ်ဘေးရှောင်များကို သင်ပုန်းတန်းကျေးရွာ ဘုန်းကြီးကျောင်းတွင် နေထိုင်ရန် စီစဉ်ပေး ထားကာ ဒေသခံများက စားနိပ်ရိက္ခများအတွက် ကူညီ ဆောင်ရွက်ပေးထားကြောင်းလည်း သိရ သည်။
ရက္ခိုင့်တပ်မတော် ( AA ) သည် ယခင်က ကချင်းပြည်နယ် KIA ထိန်းချုပ်နေမြေတခုဖြစ်သည့် လိုင်ဇာတွင် အခြေစိုက်ခဲ့သော်လည်း လက်ရှိအချိန်မှာတော့ ချင်းပြည်နယ် အထက်ပိုင်း မြန်မာ- အိန္ဒိယ နယ်စပ်တွင် ဗဟိုဌာနချုပ်ဖွင့်လှစ်ထားသည်။
ထို့ကြောင့် ချင်းပြည်နယ် ပလက်ဝမြို့နယ်အတွင်း တပ်မတော်နှင့် AA တို့ မကြာခဏ ထိတွေ့ကာ တိုက်ပွဲများ ဖြစ်ပေါ်ခဲ့ပြီး နှစ်ဘက် ထိခိုက်ကျဆုံးမှုများလည်း ရှိခဲ့ကြသည်။
ပွင်းလင့်ရာသီရောက်လာသည်နှင့် ရက္ခိုင့်တပ်မတော် ( AA ) နှင့် မြန်မာတပ်မတော်တို့ တိုက်ပွဲဖြစ်ပွားမှုမှာ ခပ်စိတ်စိတ် ဖြစ်လာပြီး ဘူသီးတောင် ၊ ရသေ့တောင်မြို့နယ်များအထိပါ ကျယ်ပြန့် လာခဲ့သည်။
ပြီးခဲ့သည့် နိုဝင်ဘာလ ၃၀ ရက်နေ့မှ စတင်ကာ မြန်မာ- ဘင်္ဂလားနယ်စပ် မိုင်တိုင်အမှတ် ၆၄ အနီး ၊ ဘူသီးတောင်မြို့နယ် ၊ နဟန်းရွာနှင့် ဝါးနက်ရုံကြား ၊ ရသေ့တောင်မြို့နယ် ရေစိုးချောင်း အနီးတို့တွင် တိုက်ပွဲကြီး တိုက်ပွဲငယ်များ ဖြစ်ပွားခဲ့ကြောင်း လည်း တပ်မတော်နှင့် AA တို့က အသီးသီး သတင်း ထုတ်ပြန်ခဲ့ကြသည်။
ရခိုင်ပြည်နယ်အတွင်း ၂၀၁၅ ခုနှစ်မတ်မှ စတင်၍ ရက္ခိုင့်တပ်မတော် ( AA )နှင့် မြန်မာတပ်မတော်တို့ တိုက်ပွဲများ စတင်ခဲ့ရာ ကျောက်တော်မြို့နယ်အတွင်း ပီချောင်းတိုက်ပွဲ ၊ ရမ်းချောင်းတိုက်ပွဲများ ဖြစ်ပွားခဲ့သည့်အတွက် ဒေသခံများ ဘေးလွတ်ရာသို့ တိမ်းရောင်ခဲ့ရသည်။
အစိုးရသစ်လက်ထက် ၂၀၁၆ ခုနှစ်ဧပြီလ ၁၆ ရက်နေ့တွင်လည်း ပုဏ္ဏားကျွန်းမြို့နယ် ၊ လောရမ တောင်တန်းနှင့် ၎င်းမြို့နယ်နှင့် ကျောက်တော်မြို့နယ်ထိစပ်နေသည့် နတ်သရွေး တောင်ကြောတို့တွင် တကျော့ပြန် တိုက်ပွဲများ ပြင်းထန်ခဲ့ရာ မြန်မာ့တပ်မတော်ဘက်မှ ယာယီ တပ်ရင်းမှူး တစ်ဦးအပါအဝင် အရာရှိ စစ်သည်တချို့ ကျဆုံးခဲ့သည်။
ထိုတိုက်ပွဲကြောင့် ရသေ့တောင်မြို့နယ် ၊ ဘူးသီးတောင်မြို့နယ် ၊ ပုဏ္ဏားကျွန်းမြို့နယ်နှင့် ကျောက် တော်မြို့နယ်အတွင်းသို့ ဒေသခံ ၁၇၀၀ ကျော် ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။
ဆက်စပ် ဖတ်ရှုရန် – တပ်မတော်နှင့် AA တို့ တိုက်ပွဲ အရှိန်မြင့်လာ