တွစ်တာ အမှုဆောင်အရာရှိချုပ် ဂျက်ဒိုဆေသည် မြန်မာနိုင်ငံ ပြင်ဦးလွင်သို့ ၁၀ ရက်ကြာ ဝိပဿနာ တရားအားထုတ်ရန် ရောက်ရှိခဲ့ပြီး သူ့ ခရီးစဉ် အကြောင်းကို ဒီဇင်ဘာလ ၈ ရက်နှင့် ၉ ရက် ဆက်တိုက် သူ၏ တွစ်တာစာမျက်နှာတွင် ရေးသားခဲ့ပြီးနောက် ဝေဖန်မှုခံနေရသည်။
ဂျက်ဒိုဆေက သူသည် ဝိပဿနာ ဟုခေါ်သော ပြင်းထန်သည့် ဗုဒ္ဓဘာသာ တရားအားထုတ်သည့် နည်းကို သုံးပြီး စိတ်၏ အနက်ရှိုင်းဆုံးအလွှာသို့ ဖေါက်ဝင်ကာ စိတ်၏ အစီအစဉ်ကို ပြန်လည်ရေးသားရန် နည်းပညာများနှင့်ကင်းကွာအောင် မည်သို့လုပ်ဆောင်ခဲ့သည်ကို ရေးသားခဲ့သည်။
ထိုနောက် သူကမြန်မာနိုင်ငံသည် လှပကြောင်းပြောကာ ပြည်သူများပျော်ရွှင်နေပြီး အစားအသောက်မှာ အံ့သြစရာကောင်းလောက်အောင် ကောင်းမွန်သည်ဟု ဆက်လက်ရေးသားသည်။ စာ၏ အဆုံးပိုင်းတွင်မူ သူက ဝိပဿနာကို ကိုယ်တိုင်အားထုတ်ကြည့်ရန်နှင့် မြန်မာနိုင်ငံသို့သွားရောက်ရန်ပင် သူ၏ တွစ်တာစာမျက်နှာကို ဖတ်ရှုသူ ၄.၁၂ သန်းတို့ကို တိုက်တွန်းအားပေးခဲ့သည်။ “ခရီးသွားချင်စိတ် နည်းနည်းရှိရင် မြန်မာနိုင်ငံကို သွားပါ” ဟု သူရေးသည်။
သူ ဆိတ်ငြိမ်စွာ ဝိပဿနာ ရှုမှတ်နေခဲ့သည်ဟု ရေးသားမှုမှာ တွစ်တာ လူမှူကွန်ရက်တွင်မူ အုန်းအုန်းထ သွားသည်။ မြန်မာနိုင်ငံတွင် စွပ်စွဲထားသည့် လူမျိုးတုံးသတ်ဖြတ်မှုများနှင့် အုပ်စုလိုက် အဓမ္မပြုကျင့်မှုများကို ထုတ်ဖေါ်ပြောဆိုခြင်းမရှိဘဲ သူက မြန်မာနိုင်ငံသို့ အလည်အပတ် သွားရန် တိုက်တွန်းသောကြောင့် လူ့အခွင့်အရေးသမားများက ဝေဖန်ခဲ့ကြသည်။
ဂျက်၏ ရေးသားချက်နှင့် ပတ်သက်ပြီး BuzzFeed မှ ဂျွန် စတန်တွန်က “ အရေးမပါလှသော တရားထိုင်ရန် အနားယူခြင်း အတွက် လူမျိုးတုံးသတ်ဖြတ်မှုသတ်ဖြတ်မှု ကျူးလွန်နေသော နိုင်ငံသို့ သွားရောက်ရန် အားပေးခြင်းသည် ဂျက်၏ စရိုက်လက္ခဏာဖြစ်သည်” ဟု ရေးသည်။
လူ့အခွင့်အရေးစောင့်ကြည်အဖွဲ့ (HRW) မှ ဥရောပ မီဒီယာ ဆိုင်ရာ ဒါရိုက်တာ အင်ဒရူး စထရို့လိန်းကလည်း “ကျနော်က တရားထိုင်တာ ကျွမ်းကျင်သူ မဟုတ်ဘူး။ ဒါပေမယ့် ခင်ဗျားက အဲဒါကိုပဲ ခေါင်းထဲမှာထည့်ထားတော့ အစုလိုက်၊ အပြုံလိုက်သတ်ဖြတ်မှုတွေ အဓမ္မပြုကျင့်မှုတွေကြောင့် ယနေ့ခေတ်မှာ အကြီးမားဆုံး လူသားချင်းစာနာမှု အကျပ်အတည်းမှာ လူတွေသိန်းနဲ့ချီထွက်ပြောရတဲ့ နိုင်ငံကိုရောက်သွားကြောင်း ဖေါ်ပြဖိုက မေ့သွားတာပဲ” ဟု ရေးသည်။
မြန်မာနိုင်ငံသို့သွားရောက်ရန် အားပေးသော စာကို တုံ့ပြန်ရာတွင် အခြား အသုံးပြုသူတဦးက “ ညှင်းပမ်းနှိပ်စက်မှု၊ အကြမ်းဖက်မှု၊ သတ်ဖြတ်မှုနဲ့ လူမျိုးတုံးသတ်ဖြတ်ရန် ကြိုးစားမှုတွေကြောင့် သိန်းနဲ့ချီတဲ့ ရိုဟင်ဂျာ မွတ်ဆလင်တွေ ဘင်္ဂလားဒေ့ရှ်နဲ့ တခြားနိုင်ငံတွေကို ထွက်ပြေးထွက်ပြေးနေရတဲ့ အချိန်မှာ ဂျက်က မြန်မာနိုင်ငံဟာ ကမ္ဘာလှည့်ခရီးသည်တွေအတွက် အရမ်းမိုက်တဲ့နေရာလို့ အကြံပေးနေတယ်” ဟု ရေးသည်။
အချို့ကမူ ဂျက်ဒိုဆေဘက်က ကာကွယ်ကြသည်။ သူ့အတွေ့အကြုံသစ်များကို သူ့လူမှုကွန်ရက်ပေါ်တွင် တင်ခြင်း၊ နိုင်ငံရေး ပဋိပက္ခများတွင် သဘောထား မပေးခြင်းတို့သည် မှားယွင်းသော အလုပ်တခု မဟုတ်ဟု ဆိုကြသည်။
တွစ်တာသုံးစွဲသူ တဦးက ဂျက်အား ဝေဖန်နေသူများကို “ရယ်စရာချည်း။ ပုဂ္ဂလိကပိုင် အဖွဲ့အစည်းတခုရဲ့ စီအီးအိုတယောက်ကို ဝိပဿနာအပေါ် သူ့အကောင်းမြင်ချက်တွေ မရှယ်ဖို့ မျှော်လင့်နေတာလား။ ဒါဆို နောက်တယောက် ဘယ်သူလဲ။ ယူအက်စ်မှာ လူမည်းတွေ အမြဲ အသတ်ခံရလို့ ဘီလ်ဂိတ်ကို မလှူရဘူးလို့ ဆိုကြမလား”ဟု ရေးသည်။
ဝေဖန်မှုများကို ဂျက်ဒိုဆေက လူသိရှင်ကြား တုံ့ပြန်ခြင်းမရှိပေ။ ဂျက် မြန်မာနိုင်ငံသို့ သွားခြင်းမှာ ဝိပဿနာသည် အစဉ်အလာပုံစံအတိုင်း မြန်မာနိုင်ငံတွင်သာ ကျင့်ကြံနိုင်သော ကြောင့် ဖြစ်သည်ဟု ဂျက်ဒိုဆေ၏ ရည်ရွယ်ချက်နှင့် အကျွမ်းတဝင်ရှိသူတဦးက Washington Post နှင့် တွေ့ဆုံမေးမြန်းရာတွင် ပြောသည်။
“ မြန်မာနိုင်ငံဟာ ဒီလိုကျင့်လို့ရတဲ့ တခုတည်းသော နိုင်ငံပဲ။ ဘယ်နိုင်ငံမှ ဒီအလေ့အကျင့်ရဲ့ အစဉ်အလာ အယူအဆကို မလိုက်နာကြဘူး။ ဒါကြောင့်မို့ သူ အဲဒီကိုသွားတာ” ဟုပြောသည်။
ဝေဖန်မှုများကို တိုက်ရိုက် မှတ်ချက်မပေးလိုကြောင်းနှင့် ဒေါ်ဆင်က သူ၏စာ အဆုံးတွင် သူ၏ အတွေ့အကြုံနှင့် ပတ်သက်သော မေးခွန်းများကို ပျော်ရွှင်စွာဖြေကြားမည်ဖြစ်ကြောင်း၊ တုံ့ပြန်မှုများကိုလည်း ကြည့်ရှုမည်ဖြစ်ကြောင်း ရေးသားထားကြောင်းကို အလေးထားပြောဆိုသည်။