နေပြည်တော် ဇမ္ဗူသီရိ မြို့နယ်ရှိ ခရေ အိမ်ရာတွင် နေထိုင်သည့် ဗဟိုဘဏ် ညွှန်ကြားရေးမှူးအိမ်သို့ ဝင်၍ သင်္ကန်း ဝတ်ဖြင့် လုယက်ခဲ့သူအား ပဲခူးတိုင်း ပြည်မြို့နယ် ဝက်ထီးကန် တိုက်နယ်တွင် ဖမ်းဆီးရမိကြောင်း ပြည်မြို့နယ် ရဲတပ်ဖွဲ့က ပြောသည်။
ဒီဇင်ဘာလ ၈ ရက် နံနက်ပိုင်းတွင် ထိုသင်္ကန်း ဝတ်ထားသူက ဇမ္ဗူသီရိမြို့နယ် ပညာသိဒ္ဓိ ရပ်ကွက်ရှိ ခရေအိမ်ရာ၌ နေထိုင်သည့် ဗဟိုဘဏ် ညွှန်ကြားရေးမှူး ဒေါ်လဲ့လဲ့နု ထံမှ ခြိမ်းခြောက်၍ ငွေကျပ် ၃ သိန်းကျော်ကို လုယူ ထွက်ပြေး သွားသူ ဖြစ်သည်ဟု ဆိုသည်။
ပြည်မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူး သန်းထွန်းအောင်က“ပြည် ဝက်ထီးကန်မှာ ဒီနေ့မနက်က ဖမ်းမိတယ်။ နေပြည်တော် အမှတ် (၅) ရဲစခန်းက အမှု ရာဇသတ်ကြီး ၃၈၆ အမှုနဲ့ ဖမ်းခိုင်းလို့ ဖမ်းပေးထားတာပါ။ သာသနာဝင် ကတ်တွေ ဘာတွေ မရှိပါဘူး။ လူနာမည်က မောင်မောင်၊ ဘုန်းကြီးနာမည် (ဘွဲ့) မရှိဘူး။ ဝက်ထီးကန် တန်ပိုရပ်က။ အဲဒီက ဇာတိ”ဟု ဧရာဝတီကို ပြောသည်။
ဖမ်းဆီးရမိသူမှာ ပြည်မြို့နယ် ဝက်ထီးကန်တိုက်နယ် ဇာတိဖြစ်ပြီး သာသနာ့ ဝန်ထမ်းကတ် မရှိဘဲ သင်္ကန်း ဝတ်ဖြင့် လှည့်၍ လိမ်လည် နေသူဖြစ်ကာ နေပြည်တော် ရဲတပ်ဖွဲ့က သတင်းရရှိ၍ ဖမ်းဆီးခိုင်းခြင်း ဖြစ်သည်ဟု သိရသည်။
ဝက်ထီးကန် တိုက်နယ် နယ်မြေရဲစခန်းမှ ဒုရဲအုပ် သန်းမင်းစိုးက“ဘာဖြစ်တယ် ဆိုတာတော့ ကျနော်တို့ သေချာ အသေးစိတ်တော့ မသိဘူး ခင်ဗျ။ အမှတ်(၅) စခန်း (နေပြည်တော်) ကနေပြီး ကျနော်တို့ကိုလှမ်းပြီးတော့ ဒီတရားခံနဲ့ ပတ်သတ်ပြီးတော့ စုံစမ်းပေးပါပေါ့နော်။ အဲဒီလိုမျိုးပြောလို့ ကျနော်တို့က ကူညီဆောင်ရွက်ပေးရတာပါ။ ကျနော်တို့ စခန်း ကို သူ့ကို ခေါ်ယူစစ်မေးခဲ့တာ သက်သေလူကြီးတွေနဲ့ (မနက်) ၁၀ နာရီလောက်ကပါ။ အသေးစိတ်ကတော့ တာဝန်ရှိလူကြီးတွေကိုပဲ မေးပေးပါ”ဟု ပြောသည်။
ဒေါ်လဲ့လဲ့နု၏ တိုင်ကြားချက်အရ နေပြည်တော်ရဲတပ်ဖွဲ့မှ ဇမ္ဗူသီရိမြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်းများအား လိုက်လံစုံစမ်းရာ ကျူးလွန်သူနှင့် ပုံသဏ္ဌာန်တူသူမှာ ဘောဂသိဒ္ဓိ ရပ်ကွက် သပြေ (၄) လူပျိုဆောင် အနောက်ဘက်ရှိ ကျူးကျော် တဲစုတွင် နေထိုင်သည့် မောင်မောင် ဆိုသူဖြစ်ကာ ခိုးမှုများ ကျူးလွန်ရန် အတွက် ခေါင်းတုံး တုံး၍ သင်္ကန်း စီးကာ လိုက်လံ အလှူခံကြောင်း၊ ပြစ်မှုကျူးလွန်ရန် အပြင်ထွက်သည့် အချိန်ကျမှသာ သင်္ကန်း လဲလှယ်ဝတ်ဆင်သူ ဖြစ်ကြောင်း၊ ပြစ်မှုကျူးလွန်ပြီးနောက် ပြည်မြို့နယ် ဝက်ထီးကန် ကျေးရွာသို့ ထွက်ခွာသွားကြောင်း သိရှိရသည့် အတွက် ပဲခူးတိုင်း ရဲတပ်ဖွဲ့နှင့် ဆက်သွယ်၍ ဖမ်းဆီးခိုင်းခဲ့ခြင်း ဖြစ်ကြောင်း နေပြည်တော် ရဲတပ်ဖွဲ့မှူးရုံးက ဒီဇင်ဘာ လ ၁၀ ရက်တွင် ထုတ်ပြန်ထားသည်။
လုယက်မှုနှင့် ပတ်သက်၍ ယခု ဖမ်းဆီးရမိသူကို ဇမ္ဗူသီရိမြို့နယ် အမှတ် (၅) ရဲစခန်းတွင် ကြောက်အောင်ပြု၍ ခြောက်လှန့် တောင်းယူမှု ရာဇသတ်ကြီး ပုဒ်မ ၃၈၆ ဖြင့် ဒီဇင်ဘာလ ၈ ရက်က အမှုဖွင့်ထားခြင်းဖြစ်ပြီး စစ်ဆေး အရေးယူမှုများ ပြုလုပ်နိုင်ရန်အတွက် နေပြည်တော်သို့ ခေါ်ဆောင်သွားမည်ဟု သိရသည်။
ပုဒ်မ ၃၈၆ အရ ပြစ်မှု ထင်ရှားပါက ကျူးလွန်သူအား ထောင်ဒဏ် ၁၀ နှစ်အထိ ပြစ်ဒဏ်တမျိုးမျိုးအပြင် ငွေဒဏ်လည်း ချမှတ်ရမည်ဟု ပြဋ္ဌာန်းထားသည်။
ဆက်စပ် ဖတ်ရှုရန် – နေပြည်တော်က ညွှန်မှူးတဦး၏ နေအိမ်ကို သင်္ကန်းဝတ်တဦးက ဝင်ရောက် လုယက်မှုဖြစ်ပွား