ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးလုပ်ငန်း လက်အောက်ရှိ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း MPT က အခွန် အများဆုံး ပေးဆောင်ခဲ့ကြောင်း ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်က ဒီဇင်ဘာလ ၁၀ ရက်က ကျင်းပသည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေး၌ ပြောဆိုလိုက်သည်။
ဆက်သွယ်ရေးကုမ္ပဏီများ၏ ကုန်သွယ်လုပ်ငန်းခွန်နှင့် Corporate Income Tax (ကော်ပိုရိတ်ဝင်ငွေခွန်) ပေးဆောင်မှုတွင် ဈေးကွက်ဝေစု အများဆုံးရထားသည့် MPT နှင့် မိတ်ဖက် KDDI ကုမ္ပဏီက ထိပ်ဆုံး အခွန်ဆောင်သူ စာရင်းတွင် မတွေ့ရသည့်အပေါ် တိကျစွာ သိလိုကြောင်း ဆိပ်ကြီးခနောင်တိုမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးတင်ထွန်းနိုင်က ဒီဇင်ဘာလ ၆ ရက်က လွှတ်တော်၌ မေးခွန်းထုတ်ခဲ့သည့်အပေါ် ပြန်လည်ရှင်းလင်း ဖြေဆိုခဲ့ခြင်း ဖြစ်သည်။
ကုန်သွယ်လုပ်ငန်းခွန်အတွက် Telenor က ကျပ် ဘီလီယံ ၅၀ ကျော်နှင့် Ooredoo က ကျပ်ဘီလီယံ ၅၀ ကျော် ပေးဆောင်ထားပြီး MPT နှင့် မိတ်ဖက် KDDI ကုမ္ပဏီကို မတွေ့ရကြောင်း၊ ကော်ပိုရိတ်ဝင်ငွေခွန် ပေးဆောင်မှုတွင်လည်း Telenor က ကျပ်ဘီလီယံ ၈၀ ကျော် ပေးဆောင်ချိန်တွင် MPT ၏ မိတ်ဖက် KDDI က ၃၀ ဘီလီယံအောက်သာ ပေးဆောင်နေသည်ကို တွေ့ရသည့်အတွက် ရှင်းလင်းရန် ဦးတင်ထွန်းနိုင်က တောင်းဆိုခဲ့ခြင်း ဖြစ်သည်။
MPT သည် နိုင်ငံပိုင်စီးပွားရေးအဖွဲ့အစည်းဖြစ်၍ ပုဂ္ဂလိကကုမ္ပဏီများ၏ ကုန်သွယ်လုပ်ငန်းခွန်ပေးဆောင်သည့် စာရင်းတွင် ထည့်သွင်းဖော်ပြခြင်း မခံရခြင်းဖြစ်ကြောင်းနှင့် “ကုန်သွယ်လုပ်ငန်းခွန် ကျပ် ၅၅ ဘီလီယံ ပေးသွင်းထားကြောင်း တွေ့ရပါတယ်။ သူ (MPT) ဟာ တယ်လီနော၊ အော်ရီဒူးတို့ထက် အများဆုံးဖြစ်ကြောင်း တွေ့ရှိရပါတယ်” ဟု ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်က ပြောသည်။
အဆိုပါ အခွန်ပေးသွင်းငွေမှာ MPT နှင့် KDDI Summit Global Myanmar ကုမ္ပဏီတို့ ဖက်စပ်လုပ်ကိုင်ခြင်းမှ ရရှိသည့် ဝင်ငွေဖြစ်ကြောင်းလည်း ဝန်ကြီးက ဆိုသည်။
KDDI ကုမ္ပဏီအနေဖြင့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုဥပဒေအရ ၂၀၁၆ ခုနှစ် အောက်တိုဘာလ ၁၀ ရက်မှ ၂၀၂၁ ခုနှစ် စက်တင်ဘာလ ၃၀ ရက်အထိ ငါးနှစ်စာ ဝင်ငွေခွန် ကင်းလွတ်ခွင့်ရရှိထားသည့် ၂၀၁၆-၁၇ ဘဏ္ဍာနှစ်အတွက် ကျသင့် ဝင်ငွေခန် ၆ လစာအတွက် ကျပ် ၂၂ ဘီလီယံ ပေးသွင်းထားကြောင်း သိရသည်။
“မကင်းလွတ်သေးတဲ့ ၂၀၁၇ တုန်းက ၆ လမှာ ၂၂ ဘီလီယံ ပေးသွင်းထားတာကို တွေ့ရပါတယ်။ ဒါကြောင့် နှစ်ခုပေါင်း အနေနဲ့ တွက်ရင် MPT က ၆၆ ဘီလီယံ၊ KDDI က ၂၂ ဘီလီယံဆိုတော့ ၈၈ ဘီလီယံ ပေးသွင်းထားတဲ့အတွက်ကြောင့် ဆက်သွယ်ရေးကဏ္ဍ Income Tax မှာလည်း အများဆုံး ပေးသွင်းထားတယ်ဆိုတဲ့အကြောင်း ရှင်းလင်း တင်ပြအပ်ပါတယ်” ဟု ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်က ဆိုသည်။
ဝန်ကြီး၏ ရှင်းလင်းချက်နှင့် ပတ်သက်၍ အခွန်အများဆုံး ပေးဆောင်ထားခြင်း ဟုတ်၊ မဟုတ်ကို ပြန်လည်ဆန်းစစ်ရန် လိုအပ်ပြီး Telenor သည် ဝင်ငွေခွန် ၈၉ ဘီလီယံကျော် ပေးဆောင်ထားသည့်အတွက် MPT ထက် ပိုများနေကြောင်း ပြည်သူ့လွှတ်တော် ဘဏ်များနှင့် ငွေကြေးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးကော်မတီ အတွင်းရေးမှူးလည်း ဖြစ်သူ ဦးတင်ထွန်းနိုင်ထံမှ သိရသည်။
၎င်းက “တယ်လီနောဘယ်လောက်ဆောင်ထားလဲဆိုတာ ဘီလီယံ ၈၀ ကျော်ဆောင်ထားတယ်လို့ပဲ ဖော်ပြထားတာ။ ၈၀ ဘယ်လောက်ကျော်လဲဆိုတော့ ၈၉ ဘီလီယံ ကျော်တယ်။ ဒါက ကိုယ့်ဆီမှာ ရှိတဲ့အချက်အလက်ကို ပြောတာ။ အဲဒီတော့ ဝန်ကြီးပြောသွားတဲ့ ၈၈ ဘီလီယံနဲ့ သူအများဆုံးဆိုတာ ကိုယ့်ဆီက အချက်အလက်အရ မဟုတ်ဘူး။ တယ်လီနောက သူ့ထက် များနေတယ်” ဟု ဧရာဝတီကို ပြောသည်။
“ကုန်သွယ်လုပ်ငန်းခွန်ကို ပိုဆောင်တဲ့ကုမ္ပဏီသည် ဝင်ငွေပိုဝင်လို့ ငါးရာခိုင်နှုန်းက ပိုလာတာ။ ကုန်သွယ်လုပ်ငန်းခွန်ကျ သူ (MPT) က ပိုပါတယ် ပြောတယ်။ ဝင်ငွေခွန်ကျ ကိုယ့်ဆီက အချက်အလက်အရ သူက တယ်လီနောထက် နည်းနေတယ်။ ဒီကိစ္စက စိတ်ဝင်စားဖို့ ကောင်းတယ်လို့ ပြောတာ”ဟု ဦးတင်ထွန်းနိုင်က ထပ်ဆင့်ရှင်းလင်းသည်။
Telenor သည် GSM ဈေးကွက်သာ ရှိသော်လည်း MPT သည် GSM,CDMA , ကြိုးဖုန်း၊ ADSL အင်တာနက် စသည်ဖြင့် ဈေးကွက်များပြားစွာ ရှိကြောင်း၊ ယင်းလုပ်ငန်းများမှ အခွန်မှန်ကန်စွာ ရရှိခြင်း ရှိ၊ မရှိကိုလည်း ဆန်းစစ်ရန်လိုကြောင်း ၎င်းက ဆိုသည်။
MPT သည် ဂျပန်အခြေစိုက် KDDI နှင့် Sumitomo ကုမ္ပဏီ ပူးပေါင်းကာ ဝန်ထမ်းပေါင်း ၈၀၀၀ ကျော်နှင့် လုပ်ဆောင်နေသည့် ဆက်သွယ်ရေးလုပ်ငန်းဖြစ်ကာ နိုင်ငံအတွင်း ကွန်ရက်လွှမ်းခြုံနိုင်မှု၏ ၉၆ ရာခိုင်နှုန်းကို ပိုင်ဆိုင်ထားပြီး MPT အသုံးပြုသူ သန်း ၂၀ ကျော်ရှိသည်ဟု သိရသည်။
ဧပြီလ မှ စက်တင်ဘာလအထိ ၆ လ ဘတ်ဂျက်အတွင်း ဖုန်းဘီလ်မှ ကုန်သွယ်လုပ်ငန်းခွန် ကောက်ယူရရှိမှုမှာ မြန်မာဆက်သွယ်ရေးလုပ်ငန်း (MPT) မှ ကျပ် ၂၃၈၂၄ သန်းကျော်၊ Ooredoo မှ ၆ဝ၃၂ သန်းကျော်၊ Telenor မှ ကျပ် ၁၄ဝ၃၁ သန်းကျော်နှင့် မြန်မာစီးပွားရေး ကော်ပိုရေးရှင်း (MEC) မှ ကျပ် ၃၄၅ သန်းကျော် ရှိခဲ့သည်ဟု စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်တွင်းအခွန်များဦးစီးဌာနကို ကိုးကား၍ ပြည်တွင်းမီဒီယာ တခုဖြစ်သည့် News Watch က ဒီဇင်ဘာလ ၂ ရက်တွင် ရေးသားထားသည်။