Huawei နည်းပညာကုမ္ပဏီ၏ ဘဏ္ဍာရေး အရာရှိချုပ်အား ဖမ်းဆီးထားမှု အပေါ် ပြင်းပြင်းထန်ထန် ကန့်ကွက် ရှုတ်ချ ကြောင်း၊ အမေရိကန် အနေဖြင့် ဖမ်းဝရမ်းထုတ်ထားခြင်းကို ပြန်ရုတ်သိမ်းသင့် ကြောင်း တရုတ်နိုင်ငံခြားရေး ဝန်ကြီးက အမေရိကန်သံအမတ်ကြီးကို တနင်္ဂနွေနေ့ က ခေါ်ယူပြော ဆိုခဲ့သည်။
အီရန်သို့ စက်ပစ္စည်းရောင်းချရန် Huawei နှင် ဆက်စပ်နေသည့် ကုမ္ပဏီတခုက ကြိုးပမ်းမှု စွဲချက် ဖြင့် ဘဏ္ဍာရေး အရာရှိချုပ် မုန်ဝမ်ကျူဝူကို ဒီဇင်ဘာ ၁ရက်နေ့က ကနေဒါနိုင်ငံ ဗန်ကူးဗားတွင် ဖမ်းဆီးပြီး အမေရိကန်သို့ တရားခံ လွှဲပြောင်းခြင်းဖြင့် ရင်ဆိုင်နေရသည်။
တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် Huawei ဘဏ္ဍာရေး အရာရှိချုပ် မုန်ဝမ်ကျူဝူ ကို ဖမ်းဆီးရန် ကနေဒါ အစိုးရအား မသင့်လျှော်သည့် တောင်းဆိုမှု ဖြင့် အမေရိကန် စေခိုင်းခဲ့ကြောင်း တရုတ် ဒုနိုင်ငံခြားရေး ဝန်ကြီး လီယွီချင်းက အမေရိကန်သံအမတ်ကြီး တယ်ရီဘရန်း စတက်ကို ပြောကြောင်း လည်း ပါရှိသည်။
“အခုလို အရေးမှုဟာ တရုတ်နိုင်ငံသားရဲ့ဥပဒေကာကွယ်ပေးမှုတရားဝင်အခွင့်အရေးကို အမေရိကန်က ဆိုးဆိုးရွားရွား ချိုးဖောက်လိုက်တာဖြစ်ပါတယ်။ သူတို့ သဘောသဘာဝကိုက အင်မတန်စက်ဆုပ်စရာ ကောင်းပါတယ်” ဟု ဒုနိုင်ငံခြားရေး ဝန်ကြီး လီယွီချင်း က ဘရန်းစတက်ကို ပြောကြားခဲ့သလို အလားတူသဘောထားမှတ်ချက်အား ထိုညမတိုင်မီ ကနေဒါသံအမတ်ကြီးထံသို့လည်း ပြောကြား ခဲ့သေးသည်ဟု သိရသည်။
တရုတ်နိုင်ငံ၏ ထိခိုက်နစ်နာမှုနှင့် ရပ်တည်ချက်ကို အမေရိကန်အနေဖြင့် အလေးဂရုပြုရန် တရုတ်က အခိုင်အမာ တောင်းဆိုလိုက်ပြီး Huawei ဘဏ္ဍာရေး အရာရှိချုပ် မုန်ဝမ်ကျူဝူ အပေါ်ထုတ်ထားသည့် ဖမ်းဝရမ်းကို ရုတ်သိမ်းပေးရန် တိုက်တွန်းလိုက်ကြောင်း ဒုနိုင်ငံခြားရေး ဝန်ကြီး လီယွီချင်း က ဖြည့်စွက်ပြောသည်။
“အမေရိကန်ရဲ့အခုအရေးယူမှုအပေါ် မူတည်ပြီး တရုတ်က နောက်ထပ်တုံ့ပြန်မှုလာဖို့ရှိပါတယ်” ဟု ၎င်းက ပြောကြားခဲ့ပြီး တုံ့ပြန်မည့်အကြောင်းအရာကိုမူ ထည့်သွင်းပြောဆိုသွားခြင်း မရှိပေ။
ကနေဒါအခြေစိုက် Star Vancouver သတင်းစာအရ ဘဏ္ဍာရေး အရာရှိချုပ် မုန်ဝမ်ကျူဝူ သည် နိုင်ငံတကာ ပိတ်ဆို့ ဒဏ်ခတ်မှုအောက်တွင် ရှိနေသည့် အီရန်နိုင်ငံနှင့် Sky Com ကုမ္ပဏီတို့ စီးပွားရေးဆက်ဆံမှုကို သိရှိနေခဲ့ကြောင်း၊ Sky Com သည် ၂၀၁၄ ခုနှစ်နောက်ဆုံးအထိ ဟွာဝေးကုမ္ပဏီ၏ လက်ခွဲဖြစ်ခဲ့ကြောင်း အမေရိကန်အာဏာပိုင်များက ယုံကြည်နေကြောင်း၊ ယင်းမှာ မုန်ကို ဖမ်းဆီးရခြင်း၏အကြောင်းရင်း အသေးစိတ်ဖြစ်ကြောင်းသိရသည်။
ဘဏ္ဍာရေး အရာရှိချုပ် မုန်ဝမ်ကျူဝူသည် ပြီးခဲ့သည့် နိုဝင်ဘာ ၂၉ရက်နေ့က တတိယနိုင်ငံတနိုင်ငံကို သွားရန် ကနေဒါ နိုင်ငံ ဗန်ကူးဗား မြို့တွင် တထောက်နားမည်ကို အမေရိကန်က သိ၍ ထိုသို့ ဖမ်းဆီး ခဲ့ခြင်းဖြစ်သည်။
ယမန်နေ့ကမူ အသက် ၄၆နှစ်ရှိ မုန်ဝမ်ကျူဝူသည် သွေးတိုးရောဂါ ဖြစ်ပွားနေသည့်အတွက် အကျဉ်း ထောင်အတွင်း နေထိုင်ရန် ကျန်းမာရေး မကောင်းမွန်မှုကြောင့် အမှုစစ်ဆေးကြားနာသည့် ကာလ အတွင်း အာမခံဖြင့် လွှတ်ပေးရန် ရုံးတော်သို့ လျှောက်ထားခဲ့ကြောင်း သိရသည်။
အာမခံလျှောက်ထားလွှာတွင် ၎င်းအနေဖြင့် အမှုစစ်ဆေးနေစဉ်အတွင်း ပြန်လွှတ်ပေးထားရန် တောင်းခံထားပြီး နောက်ထပ်အနည်းဆုံး ၁၅ နှစ်အထိ ဗန်ကူးဗားမြို့နှင့် ကူးချည်သန်းချည် နေထိုင်ရဦးမည်ဖြစ်သည့်အပြင် ယင်းမြို့၌ သူမ၏ပိုင်ဆိုင်မှုများ ရှိနေကြောင်း တင်ပြထားသည်။
အကယ်၍ ၎င်းအနေဖြင့် အာမခံရခဲ့လျှင် ဗန်ကူဗာမြို့တွင်ပင် ဆက်လက် ရှိနေဦးမည်ဖြစ်ကြောင်း ၎င်း၏မိသားစုက အာမခံလျှောက်ထားခဲ့သည်ဟု တရားရုံးစာရွက်စာတမ်းများအရ သိရသည်။
တရားဆိုင်နေစဉ်အတွင်း သူမ၏သမီးနှစ်ဦးကို ကျောင်းတက်ရန်အတွက် ဗန်ကူဗာမြို့သို့ ခေါ်ထားရန် စီစဉ်ထားကြောင်း ခင်ပွန်းဖြစ်သူက ပြောသည်။
ယင်းသို့ဖမ်းဆီးခံရခြင်းသည် ဝါရှင်တန်နှင့်ဘေဂျင်းတို့အကြား ကုန်သွယ်ရေးတင်းမာမှု လျော့ကျရေး လာမှုကို ပျက်ပြား စေရန် ခြေထိုးခြင်းဖြစ်နိုင်ကြောင်း ရင်းနှီးမြှုပ်နှံသူများက စိုးရိမ်နေကြပြီး ကမ္ဘာ့ဈေးကွက်ကို ရှုပ်ထွေးစေသည့် အချက်တချက်ဖြစ်လာခဲ့သည်။