ရန်ကုန်ဖွံ့ဖြိုးရေးအတွက် ပြင်သစ် ဖွံ့ဖြိုးတိုးတက်ရေး အေဂျင်စီ (AFD) အား ဆိုင်းငံ့ထားရန် ပြည်သူ့ငွေစာရင်း ပူးပေါင်းကေ်ာမတီက ပြည်ထောင်စုလွှတ်တော်သို့ တင်ပြလိုက်သည်။
စီမံကိန်းဖြစ်မြောက်နိုင်မှု လေ့လာသုံးသပ်ချက် အစီရင်ခံစာ (Feasibillity Study Report) ပါ လုပ်ငန်းအချို့နှင့် ပတ်သက်၍ ဆက်လက် ဆွေးနွေးဆုံးဖြတ်ရန် လိုအပ်သဖြင့် ဆိုင်းငံ့ထားရသည့် လုပ်ငန်းများရှိနေခြင်း၊ ချေးငွေကို စီမံကိန်း အကျိုးအမြတ်ရငွေဖြင့် ပြန်လည် ပေးဆပ်ရမည် ဖြစ်သော်လည်း ကုန်ကျစရိတ်နှင့် အကျိုးအမြတ် ရရှိနိုင်မှု ခန့်မှန်းခြေစာရင်း အပါအဝင် စီမံကိန်း၏ စီးပွားရေးနှင့် ဘဏ္ဍာရေးဆိုင်ရာ စိစစ်သုံးချက်များ ပါဝင်ခြင်း မရှိသည့်အတွက် ဒီဇင်ဘာလ ၁၀ ရက်က ပြုလုပ်သည့် လွှတ်တော် အစည်းအဝေးတွင် ဆိုင်းငံ့ရန် တင်သွင်းခြင်း ဖြစ်သည်။
ပြည်သူ့ငွေစာရင်း ပူးပေါင်းကေ်ာမတီ ဒုဥက္ကဋ္ဌ ဦးအောင်မင်းက ယင်းနေ့ လွှတ်တော် နားချိန်တွင် “မသေချာဘဲ တင်လိုက်ရင် လွှတ်တော်က ခွင့်ပြုပြီးခါမှ တကယ်အကောင် အထည်ဖော်တဲ့အခါမှာ ကန့်ကွက်မှုတွေ ပေါ်လာလို့ နှောင့်နှေးကြန့်ကြာသွားရင် ဒီစီမံကိန်းကို ဘယ်သူ တာဝန်ယူမှာလဲ” ဟု မီဒီယာများကို ပြောသည်။
ယင်းစီမံကိန်းကို ယခင်ကတည်းက လွှတ်တော်ကိုယ်စားလှယ်များက ဝေဖန်သည့်အတွက် ဆိုင်းငံ့ခဲ့ရာ ရန်ကုန်တိုင်းအစိုးရ အဖွဲ့နှင့် မြို့တော်ဝန်တို့က ပြည်သူ့ငွေစာရင်း ကော်မတီသို့ တင်ပြဆွေးနွေးမှုများ ပြုလုပ်ခဲ့ပြီးနောက် ကော်မတီက ထပ်မံဆိုင်းငံ့ရန် လွှတ်တော်၌ ထပ်မံတင်ပြလိုက်ခြင်းလည်း ဖြစ်သည်။
အဆိုပါ ချေးငွေဖြင့် ရန်ကုန်တိုင်း ဒေသကြီးအတွင်း ငမိုးရိပ်ချောင်း တူးဖော်ခြင်း၊ မြစ်ကမ်းပါး ထိန်းသိမ်းခြင်း၊ ပုဇွန်တောင်ဈေး အဆင့်မြှင့်တင်ခြင်း၊ အပန်းဖြေပန်းခြံ အဆင့်မြှင့်တင်ခြင်း လုပ်ငန်းများ၊ ယာဉ်ရပ်နား စခန်းများ တည်ဆောက်ခြင်း စသည့် သယ်ယူပို့ဆောင်ရေး၊ မြစ်ကမ်းပါးတလျှောက် ဖွံ့ဖြိုးရေးနှင့် မြို့ပြယဉ်ကျေးမှု အမွေအနှစ်များ ထိန်းသိမ်း စောင့်ရှောက်ရေး မဟာဗျူဟာစီမံကိန်းများ ဆောင်ရွက်မည် ဖြစ်ကြောင်း သိရသည်။
ဆိပ်ကြီးခနောင်တိုမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးတင်ထွန်းနိုင် က “နိုင်ငံတကာချေးငွေတခုဟာ ပြတ်ပြီးသား ဖြစ်မယ်။ A လုပ်မယ်။ B လုပ်မယ်။ C လုပ်မယ်။ ၁ ကနေ ၁၀ ထိကိုလည်း Feasibility Study (ဖြစ်နိုင်ခြေ လေ့လာမှု) ပြတ်ပြီးသား ဖြစ်ရမယ်။ ကုန်ကျစရိတ်လည်း ပြတ်ပြီးသား ဖြစ်ရမယ်။ အခုတော့ အဲဒီလို မဟုတ်ဘူး။ ဒီပိုက်ဆံက အဲဒီလောက်တောင် ကြိုက်ရာ လုပ်လို့ ရနေသလားလို့ မေးလို့ရတယ်” ဟု ဆိုသည်။
ပြင်သစ် ချေးငွေ ယူရို သန်း ၇၀ ရယူပါက ပေးဆပ်ရမည့် အတိုးနှုန်းမှာ ခန့်မှန်းအတိုးနှုန်း ၀ ဒသမ ၇၇ ရာခိုင်နှုန်းဖြင့် တွက်ချက်ပါက ယူရို ၈ ဒသမ ၂ သန်း ဖြစ်ကြောင်း၊ စီမံကိန်းအတွက် ဥရောပသမဂ္ဂမှ ပေးသည့် ထောက်ပံ့ငွေမှာ ယူရို ၉ ဒသမ ၅ သန်းဖြစ်သည့်အတွက် အတိုးထက် ပိုသော ထောက်ပံ့ငွေ ရရှိမည်ဖြစ်ကြောင်း၊ စီမံကိန်း နည်းပညာများလည်း ရရှိမည် ဖြစ်ကြောင်း စီမံ/ဘဏ္ဍာ ဒု ဝန်ကြီး ဦးမောင်မောင်ဝင်းက လွှတ်တော်တွင် တင်ပြထားဖူးသည်။
ပြည်သူ့ ငွေစာရင်း ပူးပေါင်းကော်မတီ အစီရင်ခံစာနှင့် ပတ်သက်၍ လာမည့် ဒီဇင်ဘာလ ၁၃ ရက်တွင် ပြုလုပ်မည့် လွှတ်တော်အစည်းအဝေးတွင် အဆုံးအဖြတ် ရယူမည် ဖြစ်သည်။
ဆက်စပ်သတင်း
ရန်ကုန်တိုင်း အစိုးရ ပြင်သစ် ချေးငွေ အစီရင်ခံစာ လွှတ်တော် နာယကထံ တင်ပြထား
ရန်ကုန်မြို့ပြ စီမံကိန်း အတွက် ပြင်သစ် ချေးငွေ ရယူရေး ခေတ္တ ဆိုင်းငံ့
ရန်ကုန် အဆင့်မြှင့်ရေး ပြင်သစ်ချေးငွေ လွှတ်တော် အမတ်များ ဝေဖန်