ရန်ကုန်တိုင်း တရားလွှတ်တော် တရားသူကြီးချုပ် အသစ်ခန့်အပ်ရန် သမ္မတ ဦးဝင်းမြင့် အဆိုပြုထားသည့်
ဦးလှအေးအား ယနေ့ တိုင်းလွှတ်တော်တွင် အမည်စာရင်းတင်သွင်းလိုက်ပြီ ဖြစ်သည်။
လက်ရှိ ရန်ကုန်တိုင်းတရားသူကြီးချုပ် တာဝန်ယူထားသည့် ဦးဝင်းဆွေသည် သက်ပြည့်ပင်စင် ယူမည်ဖြစ်သည့်အတွက် တရားသူကြီးချုပ်အသစ်ခန့်အပ်ရန် ဒီဇင်ဘာလ ၁၁ ရက်တွင် လွှတ်တော် အရေးပေါ်အစည်းအဝေး ခေါ်ကာ အမည်စာရင်း တင်သွင်းခဲ့ခြင်းဖြစ်သည်။
အသက် ၆၃ နှစ်ရှိပြီဖြစ်သည့် ဦးလှအေးသည် ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီး အဖြစ် ၂၀၁၁ ခုနှစ် မှစကာ တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်ပြီး မင်းကင်းမြို့နယ်၌ တရားရေးဦးစီးမှူး၊ မြင်းမူမြို့နယ် တရားသူကြီး၊ ဘိုကလေးမြို့ နယ် တရားသူကြီး၊ မြောက်ဥက္ကလာပမြို့နယ် တရား သူကြီး၊ရွှဘိုင်ခရိုင် ဒုတိယခရိုင်တရားသူကြီးအဖြစ်လည်း တာဝန် ထမ်းဆောင်ခဲ့သည်။
ထို့ပြင် တာချီလိတ်ခရိုင် ဒုတိယခရိုင် တရားသူကြီး၊ အရှေ့ပိုင်းခရိုင် ဒုတိယခရိုင် တရားသူကြီး၊ တောင်ကြီးခရိုင် တရားသူကြီး၊ ရန်ကုန်တိုင်းတရားရုံး တွဲဖက်တိုင်းတရားသူကြီး နှင့် နေပြည်တော် တရားရုံးချုပ် ညွှန်ကြားရေးမှူးအဖြစ်လည်း တာဝန်ထမ်းဆောင်ဖူးသည်။
မင်္ဂလာတောင်ညွန့်မြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးလှဌေးက “နာမည်ဆိုး၊ နာမည်ပျက် ထွက်တာတော့ ဘာမှမရှိပါဘူး။ အရင်လုပ်ခဲ့တာကတော့ စနစ်ဟောင်းရဲ့ကာလ တလျောက်မှာ လုပ်ခဲ့တာပေါ့။ သူလုပ်ခဲ့တဲ့ ဧရိယာမှာတော့ ဘာတွေလုပ်ခဲ့တယ်၊ ဘာတွေဖြစ်ခဲ့တယ် ဆိုတာတော့ တိတိကျကျမသိဘူး။ သို့သော် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေမှာတော့ အမည်ပျက် စာရင်းရှိတဲ့၊ နာမည်ပျက်စာရင်းရှိတဲ့ တစုံတရာ မှားယွင်းမှု၊ ချို့ယွင်းမှု ရှိတယ်ဆိုရင်တော့ ရွေးချယ် ခံလို့ မရဘူး” ဟု ပြောသည်။
အသစ် ခန့်အပ်ရန် အဆိုတင်ခံရသည့် တိုင်းတရားလွှတ်တော် တရားသူကြီးချုပ်အား မနက်ဖြန်တွင် ကျင်းပမည့် တိုင်းလွှတ်တော် အစည်းအဝေးတွင် အတည်ပြုမည်ဟု သိရသည်။
ဆက်စပ်ဖတ်ရှု့ရန် – ရန်ကုန်တိုင်း ဥပဒေချုပ်အဖြစ် ဒေါ်ခင်မျိုးကြည် ကို ခန့်အပ်
ရန်ုကုန်တိုင်း ဥပဒေချုပ်သစ် ဒေါ်ခင်မျိုးကြည် အပေါ် သဘောထားအမြင်များ