သတင်း

ရမ်းဗြဲ ကျောင်းဆရာမ အသတ်ခံရမှု တရားခံ မမိသေး

Want create site? Find Free WordPress Themes and plugins.

ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့နယ်ရှိ မူလတန်းပြ ကျောင်းဆရာမ တဦး သတ်ခံရမှုနှင့် ပတ်သက်၍ တရားခံကို မမိသေးကြောင်းနှင့် စုံစမ်းဆဲသာ ဖြစ်ကြောင်း ရမ်းဗြဲမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူး ဇော်ဝင်းက ဧရာဝတီကို ပြောသည်။

အသတ်ခံရသူမှာ အသက် ၂၇ နှစ်အရွယ် မူလတန်းပြ ဆရာမ ဒေါ်မေဇင်နှင်းဆိုသူ ဖြစ်ပြီး ဒီဇင်ဘာလ ၁၀ ရက် နံနက်ပိုင်းက ၎င်းနေထိုင်ရာ စည်ရင်းရွာမှ တာဝန်ကျသည့် တောင်ရင်းရွာသို့ ကျောင်းတက်ရန် လမ်းလျှောက်၍ သွားစဉ် လမ်း၌ အသတ်ခံခဲ့ရခြင်း ဖြစ်သည်။

ရဲမှူး ဇော်ဝင်းက “တရားခံတော့ မမိသေးဘူး။ လိုက်ရှာနေတုန်းပဲ ရှိပါသေးတယ်။ ကျန်တာကတော့ ဘာမှ ပြောလို့ မရသေးဘူး” ဟု ဧရာဝတီကို ပြောသည်။

သေဆုံးမှုဖြစ်စဉ်မှာ ဒေါ်မေဇင်နှင်းမှာ အခင်းဖြစ်ရာနေ့ နေ့လယ်ပိုင်းအထိ ကျောင်းသို့ ရောက်မလာသည့်အတွက် ကျောင်းအုပ်ဆရာမကြီးမှ မိဘများထံ ဖုန်းဆက် အကြောင်းကြားလာသည့်အတွက် လိုက်လံရှာဖွေခဲ့ရာ ရွာ ၂ ရွာကြား ကားလမ်းဘေးတွင် ပါးစပ်မှ သွေးများထွက်ကာ လည်ပင်း၌ ညိုမဲဒဏ်ရာများ၊ အမျိုးသမီးအင်္ဂါစပ်တွင် သွေးထွက်နေသည့် ဒဏ်ရာများဖြင့် မှောက်လျက် သေဆုံးနေသည်ကို တွေ့ရှိခဲ့ရခြင်း ဖြစ်သည်။

အသတ်ခံရသူမှာ ယခင်က ကျောင်းသို့ သွားရန်အတွက် ဆိုင်ကယ် ကယ်ရီကို ပုံမှန် အသုံးပြုလေ့ရှိသော်လည်း ယင်းနေ့က ဆိုင်ကယ် ကယ်ရီ မရသည့်အတွက် သူ နေထိုင်ရာ ရွာနှင့် ၃ မိုင်ခန့် အကွာရှိ တာဝန်ကျကျောင်းသို့ တဦးတည်း လမ်းလျှောက်သွားစဉ် အသတ်ခံရခြင်းလည်း ဖြစ်သည်။

ရမ်းဗြဲမဲဆန္ဒနယ်မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးသန်းမောင်ဦး က “ရွာသားတွေ လိုက်ရှာကြတော့ ညနေ ၁ နာရီလောက်မှာ လမ်းမအနီးမှာပဲ အလောင်းကို ရတယ်။ သေဆုံးတာကတော့ လည်ပင်းကို ညှပ်သတ်ပြီး မဖွယ်မရာ လုပ်ပြီး အသတ်ခံရတယ်တဲ့ အနေအထားပဲ။ လောလောဆယ်တော့ ဆေးစစ်ချက်တွေကို ဓာတ်ခွဲခန်းကို ပို့ထားတယ်လို့ သိရတယ်” ဟု ဆိုသည်။

ဒေါ်မေဇင်နှင်း သတ်ခံရမှု ပတ်သက်၍ ရမ်းဗြဲမြို့နယ် လေးတောင်ရဲစခန်းတွင် လူသတ်မှု ရာဇသတ်ကြီး ပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့်ထားပြီး မြို့နယ် ရဲတပ်ဖွဲ့နှင့် လေးတောင် စခန်း ရဲတပ်ဖွဲ့ဝင်များ ပူးပေါင်းကာ တရားခံအား လိုက်လံရှာဖွေလျက် ရှိသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading