စစ်အစိုးရက ဇန်နဝါရီလအထိ ဘန်ကောက်တွင် နိုင်ငံရေးလှုပ်ရှားမှုများ ပိတ်ပင်ထားခြင်း ရုတ်သိမ်းသည်ကို စောင့်ဆိုင်းပြီးနောက် လွန်စွာနှောင့်နှေးကြန့်ကြာနေသော ရွေးကောက်ပွဲများကို ဖေဖေါ်ဝါရီလ ၂၄ ရက်နေ့တွင် ကျင်းပမည်ဖြစ်ကြောင်း ရွေးကောက်ပွဲကော်မရှင်က ဒီဇင်ဘာလ ၁၁ ရက်နေ့တွင် ကြေညာသည်။
စစ်အစိုးရသည် ယခင်ဝန်ကြီးချုပ် ယင်လပ် ရှင်နာဝါထရာ၏ ရွေးကောက်ခံ ဒီမိုကရေစီအစိုးရကို ဆန့်ကျင်သည့် လပေါင်းများစွာကြာသော လမ်းမပေါ်ဆန္ဒပြပွဲများအပြီး ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရန်ဟု အကြောင်းပြကာ ၂၀၁၄ ခုနှစ်တွင် အာဏာသိမ်းသည့်အချိန်မှ စတင်ပြီး နိုင်ငံရေးလှုပ်ရှားမှုများကို တင်းကျပ်စွာ ပိတ်ပင်ထားသည်။
“ ၂၀၁၉ ခုနှစ် ဖေဖေါ်ဝါရီလ ၂၄ ရက်နေ့ကို ရွေးကောက်ပွဲနေ့အဖြစ် ရွေးကောက်ပွဲကော်မရှင်က သတ်မှတ်လိုက်ပါပြီ” ဟု ရွေးကောက်ပွဲကော်မရှင် ဒုတိယ အထွေထွေအတွင်းရေးမှူး နတ် လောင်ဆစ်စာဝါကူ က သတင်းထောက်များကို ပြောသည်။ “နိုင်ငံရေးပိတ်ပင်မှု ရုတ်သိမ်းရေးကတော့ အစိုးရအပေါ်မှာပဲ မူတည်ပါတယ်” ဟုလည်း သူပြောသည်။
ထိုရွေးကောက်ပွဲသည် ယခင်ဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှင်နာဝါထရာ ကျောထောက်နောက်ခံပြုပြီး ကျေးလက်ဒေသတွင် လူအများအပြားက ထောက်ခံသည့် လူထုထောက်ခံသော နိုင်ငံရေးလှုပ်ရှားမှုနှင့် စစ်တပ်နှင့် တော်ဝင်အသိုင်းအဝန်းကို ထောက်ခံသူတို့ အကြား ယှဉ်ပြိုင်မှု ဖြစ်နိုင်ဖွယ်ရှိသည်။
ပြင်းထန်သော မဲဆွယ်ယှဉ်ပြိုင်မှုများဖြစ်လာမည်ဟု မျှော်လင့်ရပြီး ထိုရွေးကောက်ပွဲအပြီးတွင် စစ်တပ်က အာဏာမည်မျှချုပ်ကိုင်ထားမည်ကို အများအာရုံစိုက်မှုရှိနေသည်။
စစ်အစိုးရနှင့် ရွေးကောက်ပွဲကော်မရှင်တို့သည် ထိုင်းနိုင်ငံရေးပါတီများနှင့် ဒီဇင်ဘာလ ၇ ရက်နေ့က တွေ့ဆုံပြီး ရွေးကောက်ပွဲကိစ္စများကို ဆွေးနွေးခဲ့သည်။ ထိုအစည်းအဝေးတွင် စစ်အစိုးရသည် ဖေဖေါ်ဝါရီလ ၂၄ ရက်နေ့တွင် ရွေးကောက်ပွဲကျင်းပမည့် လမ်းပြမြေပုံကို တင်ပြခဲ့သည်။
ထိုအစီအစဉ်အရ စစ်အစိုးရသည် နိုင်ငံရေးလှုပ်ရှားမှု ပိတ်ပင်ခြင်းကို ယခုလအတွင်း ရုတ်သိမ်းမည်ဖြစ်သည်။ ထိုပိတ်ပင်မှုကို စက်တင်ဘာလက လျှော့ပေးခဲ့ပြီး ပါတီဝင်သစ် စည်းရုံးခြင်းနှင့် ခေါင်းဆောင်သစ်များ ရွေးချယ်ခြင်းတို့ကဲ့သို့သော အချိုလှုပ်ရှားမှုများကို ခွင့်ပြုခဲ့သည်။ သို့သော် နိုင်ငံရေးလှုပ်ရှားမှု နှင့် လူ ၅ ဦးထက် ပိုမိုစုဝေးခြင်းကိုမူ ပိတ်ပင်ထားဆဲဖြစ်သည်။
စစ်အစိုးရသည် ဒီဇင်ဘာလ ၂၈ ရက်နေ့မှ စတင်ပြိး ဥပဒေသစ်များ တင်သွင်းခြင်းရပ်ဆိုင်းရမည်ဖြစ်ပြီး အိမ်စောင့်အစိုးရ ဖြစ်သွားမည်။ ရွေးကောက်ပွဲ ကျင်းပမည့် ဘုရင့်အမိန့်ကို ဇန်နဝါရီလ ၂ ရက်နေ့တွင် ပေးအပ်မည်ဖြစ်သည်။
ရွေးကောက်ပွဲကို ဖေဖေါ်ဝါရီလ ၂၄ ရက်နေ့တွင် ကျင်းပမည်ဆိုပါက ရွေးကောက်ပွဲကော်မရှင်သည် တရားဝင် ရလဒ်များကို ဧပြီလ ၂၅ ရက်နေ့မတိုင်မီ ကြေညာရမည်။ ထိုနောက် အနိုင်ရသော နိုင်ငံရေးပါတီများအနေဖြင့် ညွုန့်ပေါင်းအစိုးရ သို့မဟုတ် အစိုးရဖွဲ့ရန် လုံလောက်သော အချိန်ပေးရမည်ဖြစ်သည်။
ရွေးကောက်ပွဲရက် ပိုမိုနီးကပ်လာသည်နှင့်အမျှ ပရာယွဒ်၏ နိုင်ငံရေးလမ်းကြောင်းကို အများ အာရုံစိုက်လာကြသည်။
စစ်အစိုးရခေါင်းဆောင် ပရာယွဒ်သည် နိုင်ငံရေးလုပ်မည် မလုပ်မည်ကို မကြေညာရသေးပေ။ အထွေထွေရွေးကောက်ပွဲအပြီးတွင် အာဏာဆက်လက်ရယူလိုကြောင်း အရိပ်အမြွက်ပြောကြားမှုသာ ရှိသည်။ “ကျနော် အခုလောလောဆယ်ပြောနိုင်တာတော့ ကျနော် နိုင်ငံရေးရာထူးကို စိတ်ဝင်စားတယ်” ဟု သူက စက်တင်ဘာလတွင် သတင်းထောက်များကို ပြောခဲ့သော်လည်း အသေးစိတ် ရှင်းလင်းခြင်း မရှိပေ။
သူသည် ပါလီမန် ကိုယ်စားလှယ်ဖြစ်လိုသော ဆန္ဒကို ဖေါ်ပြခြင်း မရှိပေ။ ယာယီ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ပါလီမန်ကိုယ်စားလှယ်လောင်းများသည် ၎င်းတို့၏ နိုင်ငံရေးပါတီများနှင့် ဆက်စက်မှုကို ရွေးကောက်ပွဲမတိုင်မီ ရက်ပေါင်း ၉၀ အတွင်း ကြေညာရမည်ဖြစ်သည်။ ရွေးကောက်ပွဲကို ဖေဖေါ်ဝါရီလ ၂၄ ရက်နေ့တွင် ကျင်းပမည်ဆိုပါက ထိုသို့ကြေညာရမည့် နောက်ဆုံးရက်မှာ နိုဝင်ဘာလ ၂၆ ရက်နေ့ဖြစ်သည်။
သို့သော် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ပရာယွဒ်သည် ဝန်ကြီးချုပ်ရာထူးကို ဆက်လက် ဆုပ်ကိုင်ထားနိုင်သည်။ ပါတီများသည် ဝန်ကြီးချုပ်လောင်း ၃ ဦးစီအထိ တင်သွင်းနိုင်သည်။ သို့သော် ထိုဝန်ကြီးချုပ်လောင်းများသည် ပါလီမန်ကိုယ်စားလှယ် ဖြစ်ရန် လို မလိုကို ဖွဲ့စည်းပုံတွင် ဖေါ်ပြထားခြင်း မရှိပေ။
ပရာယွဒ်သည် ဝန်ကြီးချုပ်ရာထူးအတွက် ထိပ်ဆုံးမှ ရှိသည်ဟု စစ်တပ်လိုလားသော ပလန် ပရာချာရပ်ပါတီ အထွေထွေအတွင်းရေးမှူး ဆုန်တာရက် ဆုန်တီဂျီရာဝေါင်က ဒီဇင်ဘာလ ၁ ရက်နေ့တွင် ပြောသည်။ နိုင်ငံရေးပါတီများသည် ၎င်းတို့၏ ဝန်ကြီးချုပ်လောင်းများကို ရွေးကောက်ပွဲ ကော်မရှင်သို့ ဇန်နဝါရီလ ၁၈ ရက်နေ့မတိုင်မီ တင်သွင်းရမည်ဖြစ်သည်။ လိုအပ်သော စာရွက်စာတမ်းများကိုလည်း ထိုနေ့တွင်ပင် တင်သွင်းရမည်ဖြစ်သည်။
ကိုးကား ။ ။ Reuters, Nikkei Asian Review