ထိုင်းနိုင်ငံ တောင်ပိုင်း ရနောင်းမြို့က အထက်တန်း ကျောင်းသူတဦး အသတ်ခံရမှုနှင့် ပတ်သက်ပြီး ဖမ်းဆီးထောင်ချ ခံထား ရသည့် မြန်မာလူငယ် ၄ ဦးအနက် ဒုတိယမြောက်တဦး ထပ်မံ လွတ်မြောက်လာကြောင်း သတင်း ရရှိသည်။
အဆိုပါ လူငယ် ၄ ဦးအနက် ကျော်စိုးဝင်းနှင့် မိုးဇင်အောင် တို့မှာ အသက် ၁၈ နှစ်မပြည့်သေးသူများ ဖြင့်သဖြင့် ကလေး တရားရုံး၏ ဆုံးဖြတ်ချက်နှင့် ထောင်ကျနေသူများဖြစ်ပြီး ကျော်စိုးဝင်းမှာ ယခုနှစ် ဧပြီ ၁၉ ရက်တွင် ရက်စေ့၍ လွတ် မြောက်ခဲ့ပြီး ယခုအခါ မိုးဇင်အောင် ထပ်မံလွတ်မြောက်လာခဲ့ခြင်းဖြစ်သည်ဟု ထိုအမှုကို လိုက်ပါ ဆောင်ရွက်ပေးနေသော ထိုင်းတောင်ပိုင်း အခြေစိုက် ပညာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်း (FED) အဖွဲ့က ပြောသည်။
FED အလုပ်သမားရေးရာ တာဝန်ခံ ဦးမင်းဦးက“လွတ်တာကတော့ ၃ ရက်နေ့ကတည်းက ဒါပေမယ့် လူငယ် ထိန်းသိမ်း ရေး အကျဉ်းစခန်းကနေ ဆူရတ်ဌာနီ မြို့နယ်ရဲစခန်း၊ အဲဒီကနေ တခါထိုင်း လဝက၊ လဝက ကတဆင့် အခုဒီနေ့ မြန်မာ ဘက်ကို လွှတ်ပေးလိုက်တာပေါ့”ဟု ဧရာဝတီသို့ ပြောသည်။
လူသတ်မှုဖြင့် စွပ်စွဲဖမ်းဆီးခံထားရသည့် မိုးဇင်အောင်၊ ကျော်စိုးဝင်း၊ ဝေလင်းနှင့် စိန်ဂတုံးတို့ ၄ ဦးကို ယခုနှစ် ဧပြီလ ၁၉ ရက်နေ့က ထိုင်းတရားရုံးက ပြစ်ဒဏ်များ ချမှတ်ခဲ့ခြင်းဖြစ်ပြီး အသက် ၁၈ နှစ်ပြည့်ပြီးသူများဖြစ်သည့် ဝေလင်းနှင့် စိန်ဂတုံး တို့ကို လူကြီးတရားရုံးက ပြစ်ဒဏ် ချမှတ်ခဲ့ပြီး မိုးဇင်အောင်နှင့် ကျော်စိုးဝင်းတို့ကို လူငယ်တရားရုံးက ချမှတ်ခဲ့ခြင်း ဖြစ် သည်။
အသက် ၁၈ နှစ် ပြည့်ပြီးသူများဖြစ်သည့် စိန်ဂတုံးကို ထောင်ဒဏ် ၈ နှစ်၊ ဝေလင်း ကို ၆ နှစ်နှင့် ၂ ဦးပေါင်း ဒဏ်ငွေ ဘတ် ၅ သိန်းနှင့် ၇ သောင်း (ကျပ် သိန်း ၂၂၀ ကျော်) ကျခံစေရန် ချမှတ်ခဲ့ပြီး အသက် ၁၈ မပြည့်သေးသူ ၂ ဦး အနက် မိုးဇင်အောင် ကို ထောင်ဒဏ် ၄ နှစ်နှင့် ဘတ် ၈ သိန်း ၁ သောင်း ချမှတ်ခဲ့သလို ကျော်စိုးဝင်းကို ထောင်ဒဏ် ၂ နှစ်နှင့် ဒဏ်ငွေ ဘတ် ၂ သိန်း ၇ သောင်း ချမှတ်ခဲ့ကြောင်း သိရသည်။
FED အနေဖြင့် စိန်ဂတုံးနှင့် ဝေလင်းတို့ လွတ်မြောက်ရေး အတွက်လည်း ဆက်လက်ဆောင်ရွက်နေပြီး ၎င်းတို့ ၂ ဦး တရား မျှတမှု ရရှိရေး အတွက် တင်ခဲ့သော အယူခံလွှာကိုလည်း ထိုင်းတရားရုံးက ယနေ့ လက်ခံလိုက်ပြီဖြစ်ကြောင်း ဦးမင်းဦးက ပြောသည်။
ထို့အတူ ယခုလူသတ်မှုတွင် ပြစ်ဒဏ်ချခံထားရသော မြန်မာ လူငယ် ၄ ဦးလုံးသည် ထိုအမှုနှင့် လုံးဝ ပတ်သက်ခြင်း မရှိခဲ့ကြောင်း၊ ထို့ကြောင့် အမှန်တရား ရရှိရေးအတွက် စဉ်ဆက်မပြတ် ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း FED ဘက်က ပြောသည်။
ဦးမင်းဦးက“ဒီအမှုမှာ သူတို့ မကျူးလွန်ခဲ့ဘူးဆိုတာ ရာနှုန်းပြည့် ယုံကြည်တယ်။ ဒါကြောင့်လည်း လိုက်ပါ ဆောင်ရွက် ပေး တာပေါ့။ သူတို့ကျူးလွန်ထားရင် ကိုယ်တွေလည်း ဘယ်သွားလုပ်ရဲမလဲ၊ အခု DNA အပါအဝင် အထောက်အထားတွေက ကိုယ့်ဘက်က သာတာပဲလေ။ ဆုံးဖြတ်ချက်က တရားသူကြီးအပေါ် မူတည်တော့ အဲဒီလိုဖြစ်သွားတာပေါ့”ဟု ပြောသည်။
မြန်မာနိုင်ငံသား လူငယ် ၄ ဦးသည် ရနောင်းမြို့ရှိ ပင်လယ်အစားအစာများ ထုတ်လုပ်သည့် အလုပ်ရုံတွင် လုပ်ကိုင် နေကြ သူများ ဖြစ်ပြီး ရနောင်းမြို့၌ ၂၀၁၅ ခုနှစ် စက်တင်ဘာလ၂၈ ရက်က ဖြစ်ပွားခဲ့သော အသက် ၁၉ နှစ် အရွယ်ရှိ Orawee Samphaothong ခေါ် Apple ဆိုသူ ထိုင်းကျောင်းသူ တဦး အသတ်ခံရမှုနှင့် ပတ်သက်၍ စွပ်စွဲဖမ်းဆီး ခံကြရခြင်း ဖြစ်သည်။
သေဆုံးသူ Samphaothong ခေါ် Apple သည် အခင်းဖြစ်ပွားခဲ့သော ညက သူငယ်ချင်းဖြစ်သူထံသို့ တဦးတည်း အလည် သွားစဉ် လမ်းခရီး၌ အသတ်ခံရခြင်း ဖြစ်ကြောင်း၊ ဓား ဒဏ်ရာများဖြင့် သေဆုံးခြင်းဖြစ်ပြီး ဓားဒဏ်ရာ ၁၇ ချက် စစ်ဆေး တွေ့ရှိကြောင်း ရဲမှတ်တမ်း ဖော်ပြမှုကို ကိုးကားပြီး ထိုင်း သတင်းစာများက ရေးသားခဲ့ကြသည်။
မြန်မာလူငယ်များသည် လူသတ်မှု၌ ၎င်းတို့ ပါဝင်ခြင်းမရှိဟု မူလက ထွက်ဆိုထားသော်လည်း လူသတ်မှုဖြင့် စတင် ဖမ်းဆီး စစ်ဆေးစဉ်က ထိုင်းရဲတပ်ဖွဲ့က ၎င်းတို့အား ညှဉ်းပန်းနှိပ်စက်ခြင်း၊ ခြိမ်းခြောက်ခြင်းများကြောင့် ပြစ်မှုကျူးလွန်ခဲ့ ကြောင်း ဝန်ခံခဲ့ရသည်ဟု ဆိုသည်။
၎င်းတို့နှင့်ပတ်သက်၍ စစ်ဆေးထားသည့် သက်သေခံပစ္စည်း အထောက်အထားများ အရ ခိုင်မာသည့် သက်သေ အထောက် အထား တစုံတရာ မတွေ့ရသေးကြောင်း၊ သေဆုံးသူ အမျိုးသမီးငယ်၏ အဝတ်အစားများနှင့် ဖမ်းဆီး ခံထား ရသည့် မြန်မာ လူငယ်များ၏ အဝတ်အစားများ၊ အသုံးအဆောင် ပစ္စည်းများကို မျိုးဗီဇ (DNA) စစ်ဆေးရာ၌ တူညီမှု မရှိကြောင်း သိရ သည်။
ထိုင်းနိုင်ငံ လိပ်ကျွန်းတွင် ၂၀၁၄ ခုနှစ် စက်တင်ဘာ လအတွင်းက ဖြစ်ပွားခဲ့သည့် ဗြိတိန်နိုင်ငံသား ၂ ဦးဖြစ်သော ဒေးဗစ် မီလာနှင့် ဟန်နာ ဝစ်ထာရစ်ချ်တို့ ၂ဦး အသတ်ခံရမှုနှင့် ပတ်သက်၍လည်း မြန်မာနိုင်ငံသားများဖြစ်သည့် ကိုဇော်လင်းနှင့် ကိုဝင်းဇော်ထွန်း တို့ကို လူသတ်မှု၊ အဓမ္မကျင့်မှု၊ ပစ္စည်းခိုးမှု စသည့် ပုဒ်မများ တပ်၍ သေဒဏ် အမိန့် ချခံထားရပြီး အယူခံ နောက်ဆုံး အဆင့်တွင် ရင်ဆိုင်နေရသည်။
ဆက်စပ်ဖတ်ရှုရန် – ရနောင်းလူသတ်မှုဖြင့် ထိုင်းတရားရုံးက မြန်မာ ၄ ဦးကို ထောင်ဒဏ်များ ချမှတ်