မြောက်ပိုင်းမဟာမိတ် သုံးဖွဲ့ ဖြစ်သည့် TNLA၊ AA၊ MNDAA နှင့် အစိုးရ၏ ငြိမ်းချမ်းရေးကော်မရှင် (PC) မှ ကိုယ်စားလှယ်တို့ တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်၊ ကူမင်းမြို့၌ ဒီဇင်ဘာလ ၁၂ ရက်နေ့တွင် တွေ့ဆုံမည်ဟု သတင်းရရှိသည်။
ပလောင် (တအာင်း) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA)၊ မြန်မာအမျိုးသား ဒီမိုကရေစီ မဟာမိတ် တပ်မတော်-ကိုးကန့်အဖွဲ့ (MNDAA)၊ ရက္ခိုင့်တပ်မတော် (AA) တို့နှင့် ငြိမ်းချမ်းရေး ကော်မရှင် ကိုယ်စားလှယ်များမှာ ဆွေးနွေးပွဲ အတွက် ကူမင်းသို့ သွားရောက်နေပြီ ဖြစ်ကြောင်း သိရသည်။
ယင်းဆွေးနွေးပွဲနှင့် နီးစပ်သည့် သတင်းရင်းမြစ် တဦး က “မနက်ဖြန် အစိုးရကိုယ်စားလှယ်တွေနဲ့ တွေ့ဖို့ရှိတာ ဟုတ်ပါတယ်။ တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်မှာ တွေ့မှာပါ” ဟု ဧရာဝတီကို ပြောသည်။
တွေ့ဆုံမှုအစီအစဉ်ကို ယခုလ အစောပိုင်းကတည်းက စီစဉ်ထားသော်လည်း မဟာမိတ် သုံးဖွဲ့ဘက်မှ ထုတ်ပြန်ပေးရမည့် ထုတ်ပြန်ချက်နှင့် ပတ်သက်၍ အပြန်အလှန် ညှိနှိုင်းနေသဖြင့် ကြန့်ကြာခဲ့ရခြင်း ဖြစ်ပြီး ယခု တွေ့ဆုံမှုတွင်လည်း ယင်းကိစ္စသာ ဖြစ်ဖွယ်ရှိကြောင်း တိုင်းရင်းသား အရေး လေ့လာနေသူများက သုံးသပ်လျက် ရှိသည်။
မဟာမိတ် ၃ ဖွဲ့အနေဖြင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် ပါဝင်နိုင်ရေးနှင့် အပစ်အခတ် ရပ်စဲရေးလက်မှတ် ထိုးနိုင်ရန်အတွက် လက်နက်ကိုင် လမ်းစဉ်ကို စွန့်လွှတ်ပါမည်ဟုသည် ထုတ်ပြန်ပေးရန် အစိုးရနှင့် တပ်မတော်ဘက်က ၂၀၁၆ ခုနှစ် သြဂုတ်ကတည်းက တောင်းဆိုထားသည်။
သို့သော် လက်နက်ကိုင် မဟာမိတ် ၃ ဖွဲ့ဘက်မှ လက်နက်ကိုင် ပဋိပက္ခများ ချုပ်ငြိမ်းရန် ဆန္ဒရှိပါကြောင်းဆိုသည့် သဘောထားသာ ထုတ်ပြန်နိုင်မည်ဟု တုံ့ပြန်ခဲ့သည့်အတွက် အဆင်မပြေဘဲ ဖြစ်နေခြင်း ဖြစ်သည်။
ယင်းသို့ မဖြစ်မီက မြောက်ပိုင်း မဟာမိတ် ၃ ဖွဲ့မှာ ဇူလိုင်လအတွင်းက ပြုလုပ်သည့် ၂၁ ရာစု ပင်လုံညီလာခံအား လေ့လာသူအဖြစ် တက်ခွင့်ရခဲ့သည့်အပြင် တပ်မတော် ဒုအကြီးအကဲ ဒုဗိုလ်ချုပ်မှူးကြီး စိုးဝင်းအပါအဝင် နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တို့နှင့် သီးသန့် တွေ့ဆုံဆွေးနွေးခွင့် ရခဲ့ကြသေးသည်။
ယင်းနောက် စက်တင်ဘာလနှင့် အောက်တိုဘာလများတွင် မဟာမိတ် ၃ ဖွဲ့နှင့် အစိုးရကိုယ်စားလှယ်များအကြား ဆွေးနွေးမှုအချို့ ပြန်လည် စတင်ခဲ့ကာ ယခု ထပ်မံတွေ့ဆုံရန် ပြင်ဆင်မှုမှာ တတိယအကြိမ် တွေ့ဆုံမှုဖြစ်သည်။
မဟာမိတ် ၃ ဖွဲ့သည် ပြည်ထောင်စု နိုင်ငံရေး ဆွေးနွေးညှိနှိုင်းရေး ကော်မတီ (FPNCC) အဖွဲ့ဝင်များ ဖြစ်ကာ ယင်းအဖွဲ့တွင် “ဝ” ပြည် သွေးစည်း ညီညွှတ်ရေး တပ်မတော် (UWSA)၊ အမျိုးသား ဒီမိုကရေစီ မဟာမိတ် တပ်မတော် – မိုင်းလား အဖွဲ့ (NDAA)၊ ကချင် လွတ်လပ်ရေး အဖွဲ့ (KIO)၊ ရှမ်းပြည်တိုးတက်ရေး ပါတီ (SSPP) တို့ ပါဝင်သည်။
သို့သော်လည်း TNLA၊ AA၊ MNDAA တို့သည် အစိုးရနှင့် Bilateral အဆင့် အပစ်အခတ်ရပ်စဲရေး လက်မှတ် မထိုးရသေးသည့် လက်နက်ကိုင် အဖွဲ့များဖြစ်ပြီး UWSA၊ NDAA၊ SSPP တို့က Bilateral ထိုးထားကြကာ KIA မှာ ပဋိပက္ခညှိနှိုင်းရေးစာချုပ် လက်မှတ်ထိုးထားသည်။
ဆက်စပ်သတင်း
မြောက်ပိုင်း မဟာမိတ် ၃ ဖွဲ့နှင့် ငြိမ်းချမ်းရေး ကော်မရှင် တရုတ်တွင် တွေ့မည်
မြောက်ပိုင်း မဟာမိတ် ၃ ဖွဲ့နှင့် အစိုးရ တစ်ဆို့မှုများ ကျော်လွှားနိုင်ရေး ဆွေးနွေး