မန္တလေးတိုင်း ဒေသကြီး ညောင်ဦး မြို့နယ် ပုဂံ ဒေသရှိ သရပါ ဟိုတယ်မှ အလုပ်ထုတ် ခံရသည့် အလုပ်သမားများ အလုပ် ပြန်လည် ခန့်ထားပေးရေး အတွက် သပိတ် စခန်းဖွင့် တောင်းဆိုနေမှုကို ဖြိုခွင်းခံခဲ့ရကြောင်း သတင်းရရှိသည်။
သရပါ ဟိုတယ် အခြေခံ အလုပ်သမား သမဂ္ဂ အဖွဲ့ ဥက္ကဋ္ဌ ဦးနေမျိုးဝင်းက “အခုလို သပိတ် စခန်းကို ဖြိုခွင်းတယ် ဆိုတာ မျိုးက နိုင်ငံသား တယောက်ရဲ့အခွင့်အရေးကို တိုက်ရိုက် ချိုးဖောက်တာပါ။ ပြဿနာကို ဖြေရှင်း မပေးဘဲ သပိတ်စခန်း ဖြိုခွင်းတာ အစိုးရမှာ တာဝန် အရှိဆုံးပါ” ဟု ဆက်လက် ပြောသည်။
ပုဂံ သရပါဟိုတယ်မှ အလုပ်သမား သပိတ်စခန်းကို ညောင်ဦးမြို့နယ် ရဲတပ်ဖွဲ့ဝင်များနှင့် အထွေထွေ အုပ်ချုပ်ရေး ဦးစီး ဌာနတို့မှ အင်အားသုံး ရှင်းလင်း ဖြိုခွဲခဲ့ခြင်းဟု သိရသည်။
အလုပ်သမားများ အနေဖြင့် အောက်တိုဘာလ ၁၂ ရက်က စတင်၍ အလုပ်ထုတ်ခံ အလုပ်သမားများ ပြန်လည် ခန့်ထား ပေးရေး အတွက် သပိတ် စခန်းဖွင့်ခဲ့ရာ ရက်ပေါင်း ၆၀ ပြည့်သည့်နေ့တွင် ဥပဒေနှင့် အညီ ဖျက်သိမ်းခဲ့ခြင်း ဟု ညောင်ဦး ခရိုင် အထွေထွေ အုပ်ချုပ်ရေး ဌာန ဒု ခရိုင် အုပ်ချုပ်ရေးမှူး ဦးခင်ဇော် က ပြောသည်။
“မြို့နယ် အလုပ်သမား ညွှန်ကြားမှု ဦးစီးဌာနရဲ့ စိစစ်ပေးချက် အရ သူတို့တွေဟာ အလုပ်ခွင် ပြင်ပ ဖြစ်နေတဲ့ အတွက် ဥပဒေနဲ့ ညီညွှတ်မှု မရှိတာက တကြောင်း၊ အလုပ်သမား အဖွဲ့အစည်း ဥပဒေ ပုဒ်မ(၄၁)(င)မှာ သပိတ်စခန်း ပြုလုပ်ပါက အလုပ်သမား သမဂ္ဂများ အဖွဲ့ချုပ် (MICS) ခွင့်ပြုမယ် ဆိုရင် နေ့ရက်၊ နေရာ၊ အချိန်၊ ပါဝင်မယ့် လူဦးရေ၊ နည်းလမ်း၊ ကာလ တို့ ပါဝင်ရမယ်။ ဒါကို စမယ့်နေ့ပဲ ပါပြီး ပြီးဆုံးမယ့် ရက် မပါဝင်တဲ့ အတွက် မြို့နယ်အ လုပ်သမား ညွှန်ကြားမှု ဦးစီးဌာနက ဥပဒေနဲ့ မညီညွတ်ဘူး ဆိုပြီး စိစစ် တင်ပြချက် အရ ကျနော်တို့ အနေနဲ့ ပြစ်မှု ဆိုင်ရာ ကျင့်ထုံး ဥပဒေပုဒ်မ-၁၂၇ နဲ့ အညီ တားဆီးခဲ့တာပါ” ဟု ဦးခင်ဇော်က ဆိုသည်။
အဆိုပါ သပိတ် ဖျက်သိမ်းရာတွင်၂၀၁၁ ခုနှစ် အလုပ်သမား အဖွဲ့အစည်း ဥပဒေ ပုဒ်မ-၂ တွင် ပါရှိသည့် သပိတ် ဆိုသည့် စကားရပ်နှင့် လွဲချော်မှု ရှိနေခြင်းများကြောင့်လည်း ပါဝင်သည်ဟု သိရသည်။
ယင်းသို့ ဝန်ထမ်း လျှော့ချ ထုတ်ပယ်ခဲ့ရခြင်းမှာ ဟိုတယ်နှင့် ခရီးသွား လုပ်ငန်း အခြေအနေ ကျဆင်းလာမှုကြောင့် ပြဌာန်း ချက် အတိုင်း ဆောင်ရွက်ခဲ့ပြီး အလုပ်မှ မလွှဲမရှောင်သာ ရပ်နားခဲ့ရခြင်းဟု ဖြေရှင်ချက်များ သရပါ ဟိုတယ်မှ ထုတ်ပြန် ထားသည်။
အလုပ်ရှင် အနေနှင့် ခရီးသွား ကျဆင်း၍ ဧည့်သည် အဝင် နည်းပါးလာမှုကြောင့် ဝန်ထမ်းများ လျှော့ချရာတွင် အလုပ် သမား သမဂ္ဂတွင် ပါဝင်သော ခေါင်းဆောင် အချို့နှင့် အခြား အလုပ်သမား စုစုပေါင်း ၁၂ ဦးကို သြဂုတ်လ ၂၄ ရက်က အလုပ်မှ ရပ်စဲခဲ့ခြင်းဟု သိရသည်။
ဝန်ထမ်း အင်အား လျှော့ချရာ၌ ပြစ်ချက်ရှိ ဝန်ထမ်းများ အနက်မှ လုပ်ငန်း လည်ပတ်ရန် မရှိမဖြစ် လိုအပ်သူများကို ချန် လှပ်ပြီး ကျန် ၁၂ ဦးကို အလုပ်ခန့်ထားမှု ဆိုင်ရာ သဘောတူ ညီချက် စာချုပ်ပါ အလုပ်ရပ်စဲခြင်း ပြဌာန်းချက် အတိုင်း ရပ်စဲ ခဲ့ခြင်းဟု ဆိုသည်။
ယင်းသို့ ထုတ်ပယ်ခဲ့မှုကြောင့် အလုပ်ထုတ်ခံ သရပါ ဟိုတယ် အလုပ်သမားများနှင့် ဟိုတယ် ချစ်သူ မြို့နယ် အလုပ် သမား သမဂ္ဂမှ အောက်တိုဘာလ ၁၂ ရက် နံနက်ပိုင်း အချိန်မှ စတင်ကာ အင်အား ၅၀ ခန့်ဖြင့် ဟိုတယ် အဝင်ပေါက် နေရာတွင် သပိတ်စခန်းဖွင့်လှစ် သပိတ်မှောက် ကြွေးကြော်ခြင်းများ ပြုလုပ်ခဲ့ကြသည်။
သရပါ ဟိုတယ် အနေဖြင့် အလုပ်သမား ၁၂ ဦးအား ဥပဒေနှင့် အညီ အလုပ်မှ ထုတ်ပယ်ခဲ့ခြင်းကို သက်ဆိုင်ရာ အလုပ် သမား ရုံးများသို့ အသိပေး တင်ပြထားပြီး ဖြစ်သလို အလုပ်ထုတ်ခံ အလုပ်သမားများ အတွက် သတိပေးစာ၊ နစ်နာကြေး၊ နောက်ဆုံး လစာ၊ လုပ်သက် နစ်နာကြေး၊ ဝန်ဆောင်မှု အခကြေးငွေများ အပါအဝင် ကျပ်သိန်း ၁၃၀ ကျော် ပေးအပ်ထား ကြောင်း ဆိုသည်။
ထိုသို့ သရပါ ဟိုတယ် သပိတ်စခန်း ဖြိုခွင်းရာတွင် ရဲအင်အား၊ လူအင်အား စုစုပေါင်း အယောက် ၁၀၀ ကျော်ဖြင့် ဖျက်ဆီး ဖြိုခွင်းခဲ့ခြင်း ဖြစ်ပြီး သပိတ်မှောက် အလုပ်သမားများကို ဖမ်းဆီး ခေါ်ဆောင်သွားခြင်း မရှိသလို အရေးယူမှု တစုံတရာ မပြု လုပ်သေးဟု အလုပ်သမားများက ပြောဆိုကြသည်။
အဆိုပါ သပိတ်စခန်း မဖြိုခွင်းမီ မြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီး ဌာနမှ ဒီဇင်ဘာ ၈ ရက်၌ ၂၄ နာရီ အတွင်း ဖယ် ရှားပေးရန် စာပေးပို့ခဲ့ကြောင်း သိရသည်။
သရပါဟိုတယ် အခြေခံ အလုပ်သမား သမဂ္ဂ အဖွဲ့ ဥက္ကဋ္ဌ ဦးနေမျိုးဝင်းက“အခုလို သပိတ် စခန်း ဖြိုခွဲခဲ့ အတွက် ကျနော် တို့ အနေနဲ့ ပြန်လည်တုံ့ပြန်မှု အဖြစ် ရှုတ်ချပွဲတွေ လုပ်သွားမယ်။ လုပ်လို့ရမယ့် နေရာတွေမှာ ထပ်မံ လုပ်ဆောင်သွားမယ်။ တတ် နိုင်ရင် ခရိုင် အထွေထွေအုပ်ချုပ်ရေးမှူး ရုံးရှေ့မှာပဲ လှုပ်ရှားမှုတွေ လုပ်သွားဖို့ အစီအစဉ် ရှိတယ်”ဟု ဆက်လက် ပြောသည်။
ဆက်စပ် ဖတ်ရှုရန် – သရပါဟိုတယ်မှ အလုပ်ထုတ်ခံရသူများ မန္တလေးတွင် ထပ်မံဆန္ဒပြ