နိုင်ငံအတွင်း ဖွဲ့စည်းထားသော မြို့နယ်အဆင့် တည်ဆောက်ရေးလုပ်ငန်း အရည်အသွေး စစ်ဆေးရေး ကော်မတီများ ကို ဖျက်သိမ်းကာ တတ်သိပညာရှင်များနှင့် အင်ဂျင်နီယာများ ပါဝင်သည့် အဖွဲ့အစည်း (Third Party) ကို ဖွဲ့စည်းမည် ဟု ဆောက်လုပ်ရေး ဝန်ကြီးဌာန ဒု ဝန်ကြီး ဦးကျော်လင်းက ပြောသည်။
ကချင် မဲဆန္ဒနယ် အမှတ် (၁၂) အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးနိုင်ကိုကိုက မြို့နယ်အဆင့် အစိုးရဌာနများ က စီမံကိန်းများအား ဝန်ကြီးဌာနမှ ကိုယ်တိုင်တွက်ချက် စိစစ်ကာ အရည်အသွေး စစ်ခဲ့သည့်အတွက် အများစုသည် အရည်အသွေး မပြည့်မီမှုများ ရှိခဲ့သည်ဟု ဆိုကာ ယမန်နေ့က ကျင်းပသည့် အမျိုးသား လွှတ်တော်တွင် ဆွေးနွေးမှု နှင့် ပတ်သက်၍ ပြန်လည် ဖြေကြား ပြောဆိုလိုက်ခြင်း ဖြစ်သည်။
ဒုဝန်ကြီး ဦးကျော်လင်းက“လွှတ်တော် ကိုယ်စားလှယ်ကြီး မေးမြန်းတဲ့ မြို့နယ်များတွင် ဖွဲ့စည်းထားသည့် မြို့နယ် တည်ဆောက်ရေး လုပ်ငန်း အရည်အသွေး စစ်ဆေးရေး ကော်မတီကို ပြည်ထောင်စု အစိုးရမှ ဖျက်သိမ်းပြီး မြို့နယ် များမှာ နယ်ပယ်အလိုက် တတ်သိပညာရှင်များနဲ့ အင်ဂျင်နီယာများ ပါဝင်သော Third Party ကို ပြည်ထောင်စု အစိုးရ မှ မြန်မာနိုင်ငံ တဝန်းလုံးရှိ မြို့နယ်များတွင် ဖွဲ့စည်းပေးရန် အစီအစဉ် ရှိပါကြောင်း ဖြေကြားလိုပါတယ်”ဟု ဆိုသည်။
လွှတ်တော်အတွင်း မေးမြန်းရခြင်းနှင့် ပတ်သက်၍ ဦးနိုင်ကိုကိုက“အဂတိလိုက်စားမှုများ တသီကြီး ဖြစ်ပွားခဲ့ပြီး၊ ရှေ့ ကဆောက် နောက်ကပျက် မကြာခဏ ပြုပြင်ရမှုများကြောင့် ဘတ်ဂျက်များ ထပ်တောင်းရခြင်း စသည့် Conflict of Interest (အကျိုးစီးပွား ပဋိပက္ခ) ဆိုတဲ့ အဆိုးသံသရာလည်ပြီး နှစ်စဉ်ဘဏ္ဍာငွေများ လေလွင့်ခဲ့ရပါတယ်”ဟု ပြော သည်။
ဆောက်လုပ်ရေး ဝန်ကြီးဌာန လက်အောက်တွက် ဦးစီးဌာနကြီး ၅ ခု ရှိကာ အဆောက်အအုံ၊ လမ်း၊ တံတား၊ မြို့ပြနှင့် အိမ်ရာ ဖွံ့ဖြိုးရေး၊ ကျေးလက်လမ်း ဖွံ့ဖြိုးရေးဦးစီးဌာနတို့ ဖြစ်သည်။
Third Party ဖွဲ့စည်းရေးနှင့် ပတ်သက်၍ လွှတ်တော်တွင် အတည်ပြုထားခြင်းမှာ ၁ နှစ်ခန့် ကြာမြင့်နေသော်လည်း လမ်းညွှန်ချက်၊ မူဝါဒခံယူချက်များ ချပေးထားခြင်း မရှိသေးသည့်အတွက် အမြန်ဆုံးချမှတ်နိုင်ရေးကို တောင်းဆိုထား သည်ဟု ပြည်သူ့လွှတ်တော် ပို့ဆောင်ရေး၊ ဆက်သွယ်ရေးနှင့် ဆောက်လုပ်ရေးဆိုင်ရာ ကော်မတီထံမှ သိရသည်။
ယင်း Third Party ဖွဲ့စည်းပြီးပါက အဖွဲ့၏ ထောက်ခံချက်ပါမှသာလျှင် တင်ဒါအောင် ကုမ္ပဏီများ အနေဖြင့် စီမံကိန်း အတွက် ငွေထုတ်ယူခွင့် ရရှိမည်ဖြစ်ကာ အဖွဲ့က စိစစ်ပြီးသော်လည်း မပျက်စီးသင့်ဘဲ ပျက်စီးမှုများရှိပါက တာဝန်ခံ ဖြေရှင်းပေးရန် အဖွဲ့တွင် တာဝန်ရှိသည်။
ပြည်သူ့လွှတ်တော် ပို့ဆောင်ရေး၊ ဆက်သွယ်ရေးနှင့် ဆောက်လုပ်ရေးဆိုင်ရာ ကော်မတီ အဖွဲ့ဝင် ဒေါ်ယဉ်မင်းလှိုင်က “Third Party ဆိုတာ တာဝန်ယူမယ့်သူကို ငှားလိုက်တဲ့ သဘောပဲ။ အာမခံမယ့် ပညာရှင်ပေါ့။ အဲဒီပညာရှင်ဟာ သူ စစ်ဆေးရမယ်။ စာချုပ်စာတမ်းနဲ့ သူဟာ စစ်ဆေးခွင့်ရမယ်။ စစ်ဆေးပြီးရင် သူဟာတာဝန်ယူရမယ်။ တာဝန်ခံရမယ်” ဟု ပြောပြသည်။
Third Party အဖွဲ့ ဖွဲ့စည်းမှုကို Construction Industry Development Board Law (CIDBL) အတည်ပြုပြီးက နိုင်ငံတဝန်း ကျင့်သုံးမည်ဖြစ်ကာ ယင်းဥပဒေတွင် ဆောက်လုပ်ရေးဆိုင်ရာ စီမံခန့်ခွဲမှု(Construction Management)၊ လုံခြုံမှု (Safety)၊ အရည်အသွေး စစ်ဆေးမှု (Quality Control)၊ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ခြင်းနှင့် ကြည့်ရှု စစ်ဆေးမှု (Fire Protection & Inspection) များနှင့် ပတ်သက်သည့် စောင့်ကြည့်စစ်ဆေးမည့် အဖွဲ့များ ထားရှိနိုင် ရန် ဆောင်ရွက်သွားမည်ဟု သိရသည်။
ဒုဝန်ကြီး ဦးကျော်လင်းက “CIDB ဗဟိုအဖွဲ့သာမက တိုင်းဒေသကြီး၊ ပြည်နယ်အလိုက် CIDB များကို ဖွဲ့စည်းရမှာ ဖြစ်ပါတယ်” ဟု ဆိုသည်။
CIDBL ရေးဆွဲရန်အတွက် ဆောက်လုပ်ရေးဝန်ကြီးဌာနမှ အရာထမ်း ၁၅ ဦး ပါဝင်သည့် အဖွဲ့သည် မလေးရှားနှင့် စင်ကာပူ တို့တွင် သင်တန်းများ တက်ရောက်ကာ မူကြမ်း ရေးဆွဲပြီး ဖြစ်သည်ဟု သိရသည်။
အဆိုပါ မူကြမ်းအား ပြည်ထောင်စု ရှေ့နေချုပ်ရုံးသို့ တင်ပြခဲ့ပြီးဖြစ်ကာ ပြင်ဆင်ရမည့် အချက်များကို ပြန်လည် ရေးဆွဲ၍ ထပ်မံ ပေးပို့သွားရန် ဆောက်လုပ်ရေး ဝန်ကြီးဌာနက လုပ်ဆောင်လျက် ရှိသည်ဟု ဆိုသည်။
ရှေ့နေချုပ်ရုံးမှ အတည်ပြုပြီးပါက ပြည်ထောင်စုအစိုးရအဖွဲ့သို့ ထပ်မံ တင်ပြကာ၊ ထိုမှတဆင့် ပြည်ထောင်စု လွှတ်တော် သို့ ပေးပို့တင်ပြ အတည်ပြုရမည် ဖြစ်ကြောင်း သိရသည်။