မြန်မာနိုင်ငံ၏ ပထမဆုံးသော ချေးငွေ သတင်း အချက်အလက် ဌာန (Myanmar Credit Bureau Ltd) က လာမည့် ၂၀၁၉ ခုနှစ် အတွင်း စတင်၍ ဝန်ဆောင်မှုပေးမည် ဖြစ်ကြောင်း သိရသည်။
ဒီဇင်ဘာလ ၁၀ ရက်က မြန်မာနိုင်ငံဘဏ်များ အသင်း အဆောက်အအုံ၌ အမေရိကန် အခြေစိုက် Equifax New Zealand Services and Solutions Limited နှင့် Credit Bureau Software License သဘောတူ စာချုပ် လက်မှတ် ရေးထိုးသည့် အခမ်းအနား ပြုလုပ်ခဲ့သည်။
မြန်မာ ခရက်ဒစ် ဗြူရို လီမိတက် ဥက္ကဋ္ဌ ဦးဇော်လင်းအောင်က“အခု လက်မှတ်ထိုးတာက ကျနော်တို့ရဲ့ ပထမဆုံး ခြေလှမ်း ပေါ့နော်။ ဒါလုပ်နိုင်အောင် လက်မှတ် မထိုးခင်ကတည်းက မြန်မာနိုင်ငံမှာ ရှိတဲ့ ဘဏ်တွေမှာ ခရက်ဒစ် ဗြူရို ကို ဘယ်လို ထိန်းသိမ်းထားလဲ။ နည်းပညာပိုင်း လေ့လာထားတယ်။ ဒါကြောင့် ဒီအချိန်ကစပြီး နောက် ၉ လ၊ ၁၂ လ အတွင်း ဝန်ဆောင်မှု ပေးနိုင်မယ်လို့ ယုံကြည်ပါတယ်”ဟု ပြောသည်။
မြန်မာ ခရက်ဒစ် ဗြူရို လုပ်ငန်း စတင် အကောင်အထည် ဖော်နိုင်ရေး အတွက် ဗဟိုဘဏ်မှ ချေးငွေ သတင်း ပေးပို့ခြင်း ဆိုင်ရာ လုပ်ငန်း လိုင်စင်ကို ၂၀၁၈ ခုနှစ် မေလ ၁၇ ရက်က ရရှိခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။
ခရက်ဒစ် ဗြူရိုသည် ဘဏ်များ၊ ဘဏ်မဟုတ်သော ငွေရေး ကြေးရေး အဖွဲ့အစည်း အားလုံး၏ ဆက်သွယ် ဆောင်ရွက်သူ လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းများနှင့် ပတ်သက်သည့် ချေးငွေ ပြန်လည် ပေးဆပ်မှု၊ သတင်း အချက်အလက်များနှင့် အခြား ဆက် စပ်လျက် ရှိသည့် သတင်း အချက်အလက်များကို စုဆောင်းပြီး ယင်း အချက်အလက်များကို ငွေထုတ်ချေးသည့် အဖွဲ့ အစည်းများသို့ ပြန်လည် ဖြန့်ဖြူးပေးခြင်းကို ဆောင်ရွက်နိုင်ကြောင်း ဗဟိုဘဏ်က သိရသည်။
Credit Bureau ဌာန လုပ်ငန်း စတင်ချိန်တွင် ဝန်ဆောင်မှုများ အနေနှင့် တာဝန်သိမှု၊ တာဝန်ယူမှု အပြည့်ရှိသော ပုဂ္ဂိုလ် တဦးချင်း (သို့မဟုတ်) အသေးစားနှင့် အလတ်စား စီးပွားရေး လုပ်ငန်းများ အတွက် ချေးငွေများကို လွယ်ကူ၊ လျင်မြန်၊ သက်သာစွာဖြင့် ဆောင်ရွက်ပေးမည် ဖြစ်ပြီး ငွေချေးသူများ၊ ဘဏ်များ ဘက်မှလည်း ချေးငွေ ဆုံးဖြတ်ချက်များအား အချိန် နှင့် တပြေးညီ ချမှတ်နိုင်ခြင်း တို့ကို လုပ်ဆောင်ပေးနိုင်မည် ဖြစ်သည်ဟု ဦးဇော်လင်းအောင်က ဆိုသည်။
မြန်မာ ခရက်ဒစ် ဗြူရို လီမိတက် အနေနှင့် လုပ်ငန်း စတင် အကောင်အထည် ဖော်နိုင်ရေး အတွက် ကျွမ်းကျင်သော ပညာ ရှင်များကို ခန့်အပ်ထားပြီးလည်း ဖြစ်ကြောင်း သိရသည်။
ဗဟိုဘဏ် ဒု ဥက္ကဋ္ဌ ဦးစိုးသိန်းက“ဒီခရက်ဒစ် ဗြူရိုက မြန်မာနိုင်ငံရဲ့ ပထမဆုံး ချေးငွေနဲ့ သက်ဆိုင်တဲ့ အချက်အလက် တွေ ကို ထားရှိမယ့် Report လုပ်မယ့် အဖွဲ့အစည်း ဖြစ်လာမှာပါ။ ဒီလိုလုပ်နိုင်ဖို့ ဆိုရင် အချက်အလက်တွေကို ချေးငွေ ယူသူတွေက ဖြစ်ဖြစ်၊ လုပ်ငန်းရှင်တွေ ဖြစ်ဖြစ် စုဆောင်းရမှာ ဖြစ်ပါတယ်။ ဒါတွေကို ပြန်ချေးမယ့် ဘဏ်တွေကို ဖြန့်ဝေ ပေးရမှာပါ”ဟု ပြောသည်။
ထို့ကြောင့် ငွေချေးပေးမည့် သူများ အနေနှင့် သေသေချာချာ စစ်ဆေးပြီး ဆောင်ရွက်နိုင်မည် ဖြစ်သောကြောင့် ပြည်တွင်းရှိ အသေးစားနှင့် အလတ်စား လုပ်ငန်းများ အတွက်လည်း ချေးငွေများ ပိုမိုရရှိလာနိုင်မည် ဖြစ်ကြောင်း ၎င်းက ဆိုသည်။
ထို့ပြင် ချေးငွေဆိုင်ရာ သတင်း အချက်အလက်များကို ငွေချေးပေးမည့် ဘဏ်များ၊ အဖွဲ့အစည်းများသို့ ဖြန့်ဝေပေးခြင်း ဖြစ်ကာ လက်ရှိ အပေါင်ပစ္စည်းရှိမှ ငွေချေး ငှားခြင်း ဆိုသည့် စနစ်ကို ပြောင်းလဲနိုင်မည် ဖြစ်ကြောင်း ဗဟိုဘဏ်က ဆို ထား သည်။
ဗဟိုဘဏ် အနေနှင့် ကြည့်လျှင်လည်း ဘဏ်အခန်းကဏ္ဍ တခုလုံး၏ ချေးငွေ ဆိုင်ရာ သတင်း အချက်အလက်များ၊ ပြည် တွင်းရှိ ငွေချေးပေးသည့် နေရာများ၊ ကြွေးမြီ ဆုံးရှုံးမှု ဖြစ်ပေါ်နေသည့် အခြေအနေများကိုပါ သိရှိနိုင်မည်ဟု မြန်မာနိုင်ငံ ဘဏ်များ အသင်း ဒု ဥက္ကဋ္ဌနှင့် မြဝတီဘဏ်၏ မန်နေဂျင်း ဒါရိုက်တာလည်း ဖြစ်သူ ဦးယုလွင်က ပြောသည်။
“မြန်မာ ခရက်ဒစ်ဗြူရိုက ပြည်တွင်း ဘဏ်လုပ်ငန်း တခုလုံးသာ မဟုတ်ဘဲနဲ့ ငွေရေးကြေးရေး အဖွဲ့အစည်း အားလုံး အတွက် တိုးတက် ပြောင်းလဲမှု ဖြစ်ပါတယ်။ ဒီလုပ်ငန်းစဉ် အကောင်ထည် ဖော်နိုင်ရေး အတွက် မြန်မာနိုင်ငံ ဘဏ်များ အသင်းက အပြည့်အဝ ကူညီ လမ်းညွှန်သွားမှာ ဖြစ်တယ်”ဟု ၎င်းက ဆိုသည်။
ပြည်တွင်းရှိ စီးပွားရေး ကဏ္ဍများရှိ အခက်အခဲများကိုလည်း အချိန်နှင့် တပြေးညီ သိရှိ၍ ပြည်တွင်း ဘဏ်များသို့ ထိန်း ကျောင်းခြင်းနှင့် မူဝါဒ ပေါ်လစီများ ယခုထက် ပို၍ ဆောင်ရွက် ပေးနိုင်မည်ဟု ဦးယုလွင်က ပြောဆိုသည်။
လက်ရှိ၌ ကမ္ဘာ့ဘဏ်မှ ထုတ်ပြန်သည့် စီးပွားရေး လုပ်ကိုင်ရ လွယ်ကူမှု (Ease of Doing Business ) သတ်မှတ်ချက် တွင် မြန်မာနိုင်ငံအနေဖြင့် ၁၇၁ အဆင့်ရှိပြီး Credit Bureau ဌာန ရှိလာပါက အဆင့် လျော့ကျသွားနိုင်ကြောင်း ပြည်တွင်း လုပ်ငန်းရှင် တချို့က ပြောဆိုသည်။
မြန်မာ ခရက်ဒစ် ဗြူရို လီမိတက်သည် မြန်မာနိုင်ငံ ဘဏ်များ အသင်းမှ အဖွဲ့ဝင်များဖြင့် တည်ထောင်ထားသော MB Investment Limited မှ ၆၀ ရာခိုင်နှုန်း ပိုင်ဆိုင်ပြီး မဟာဗျူဟာ မိတ်ဖက် အဖြစ် စင်ကာပူ နိုင်ငံမှ Asia Credit Bureau Holiding Company မှ ၄၀ ရာခိုင်နှုန်း နှင့် ဖွဲ့စည်း တည်ထောင်ထားခြင်း ဖြစ်ကြောင်း သိရသည်။