ဂျာနယ်ပါ ဖော်ပြချက်တွင် သတင်းအချက်အလက် လွဲမှားကာ ဂုဏ်သိက္ခာကျဆင်းစေသည့်အတွက် Myanmar News Week ဂျာနယ်အား သတင်းမီဒီယာ ကောင်စီထံ တိုင်ကြားစာ ပေးပို့မည့်အပြင် တရားစွဲဆိုရန် လုပ်ဆောင်မည်ဟု ယောဂီ ဒေါ်နန္ဒမာလာက ဧရာဝတီကို ပြောသည်။
ဒီဇင်ဘာလ ၁၃ ရက်နေ့ ရက်စွဲဖြင့် ထုတ်ဝေသည့် Myanmar News Week ဂျာနယ် အတွဲ (၂)၊ အမှတ် (၇၃) ၊ စာမျက်နှာ (၃) ပါ “ဒေါ်နန္ဒမာလာ၏ ခင်ပွန်းဟောင်းဆိုသူက သတင်းစာရှင်းလင်းပွဲ ပြုလုပ်” ခေါင်းစဉ်ဖြင့် သတင်းဖော်ပြထားရာ သတင်းတွင် ၂၀၁၆-၁၇ ခုနှစ် တွင် ၎င်းအား လိမ်လည်မှုဖြင့် စစ်ဆေးခဲ့သည်ဆိုသည့် အချက်မှာ မှားယွင်းနေသည့်အတွက်ကြောင့်ဟု သိရသည်။
အဆိုပါသတင်းကို ဒီဇင်ဘာလ ၉ ရက်က ရန်ကုန်မြို့ Orchid Hotel တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲကို အခြေခံ ရေးသားထားခြင်း ဖြစ်သည်ကိုတွေ့ရသည်။
ဒေါ်နန္ဒမာလာက “သတင်းစာရှင်းလင်းပွဲ တရားဝင်လုပ်ပေးပါလျက်နဲ့ အချက်အလက်အမှားတွေရေးပြီး သာသနာ ပြုနေတဲ့သူ တယောက်မှန်း သိနေလျှက် ဂုဏ်သိက္ခာကျဆင်းအောင် သတင်းထုတ်ပြန်လိုက်တာ လုံးဝသည်းမခံတော့ဘူး” ဟု ဧရာဝတီကို ပြောသည်။
အဆိုပါ သတင်း နောက်ဆုံးပိုဒ်တွင် “ယင်းကဲ့သို့ ငွေကြေးလိမ်လည်မှုများနှင့် ပတ်သက်၍ လွန်ခဲ့သည့် ၂၀၁၇ ခုနှစ်ကလည်း ဒေါ်နန္ဒမာလာ ကို မှုခင်းရဲတပ်ဖွဲ့၊ သတင်းရဲတပ်ဖွဲ့၊ နယ်မြေခံရဲတပ်ဖွဲ့နှင့် စရဖအပါအဝင် သာသနာရေး ဦးစီးဌာနတို့မှ စစ်ဆေးမှုများရှိကြောင်း ယင်းသတင်းစာရှင်းလင်းပွဲမှ သိရသည်” ဟု ဖော်ပြထားသည်။
ရဲတပ်ဖွဲ့နှင့် သာသနာရေးဦးစီးဌာနက ခေါ်ယူစစ်ဆေးခြင်းမှာ သဒ္ဓမ္မဇောတိကဓဇ ဘွဲ့အတွက် လျှောက်ထားတင်ပြစဉ်က ၎င်း၏ နောက်ကြောင်း အချက်အလက်များနှင့် သာသနာပြု လုပ်ဆောင်ချက်များအပေါ် စစ်ဆေးခဲ့ခြင်းသာ ဖြစ်ကြောင်း ဒေါ်နန္ဒမာလာက ရှင်းပြသည်။
မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီသို့ တင်ပြတိုင်ကြားမည်ဆိုသည့် ပြောကြားချက်နှင့် ပတ်သက်၍ ဧရာဝတီက ကောင်စီရုံးအဖွဲ့ရုံးသို့ ဆက်သွယ်ရာ ဖုန်းပိတ်ထားသည့်အတွက် ကောင်စီဝင်အချို့ထံ ထပ်မံဆက်သွယ်မေးမြန်းရာ ယင်းကိစ္စနှင့် ပတ်သက်သည့် တိုင်ကြားမှုကို လတ်တလော မသိရသေးကြောင်းသာ ပြန်လည် ဖြေကြားကြသည်။
Myanmar News Week ရုံးအဖွဲ့သို့ ဧရာဝတီက ဆက်သွယ်ခဲ့ရာ ဖုန်းကိုင်ဖြေဆိုသူက ယင်းကိစ္စနှင့် ပတ်သက်၍ တာဝန်ခံ ဖြေကြားမည့်သူ မရှိကြောင်းနှင့် လာမည့် စနေနေ့မှသာ လာရောက်မေးမြန်းရန် ပြန်လည် ဖြေကြားသည်။
ယောဂီ ဒေါ်နန္ဒမာလာအနေဖြင့် ကျပ်သိန်းထောင်ချီသည့် ငွေကြေးလိမ်မည်မှုများကြောင့် ရန်ကုန်မြို့ လှိုင်မြို့နယ် တရားရုံးနှင့် မြောက်ပိုင်းခရိုင် တရားရုံးတို့တွင် တရားစွဲဆိုခံထားရပြီး ယင်းကိစ္စများကို ဖြေရှင်းသွားမည်ဟုလည်း ဒေါ်နန္ဒမာလာက ပြောသည်။
၎င်းမှာ လက်ရှိတွင် တရုတ် – မြန်မာနယ်စပ် ရွှေလီမြို့တွင် စေတီတဆူ ထီးတော်တင်ရန်အတွက် ရောက်ရှိနေပြီး လာမည့်နှစ် ဇန်နဝါရီလ ၁၁ ရက်တွင် ပဲခူးတိုင်း၊ ဒိုက်ဦးမြို့ရှိ ခေမာသီဝံကျောင်း၌ ပြုလုပ်မည့် မွေးနေ့အလှူအတွက် ပြန်လည်မည်ဟု ထုတ်ဖော်ပြောဆိုထားသည်။