မြန်မာနိုင်ငံမှ လွတ်လပ်စွာ ထုတ်ဖေါ်ပြောဆိုခွင့်တက်ကြွလှုပ်ရှားသူ မောင်ဆောင်းခသည် နယ်သာလန်နိုင်ငံမှ ချီးမြှင့်သော လူ့အခွင့်အရေးကျူးလစ်ပန်းဆု (Human Rights Tulip) ကိုလက်ခံရရှိပြီး မြန်မာနိုင်ငံတွင် ထိုဆုကိုလက်ခံရရှိသော ပထမဆုံးသူဖြစ်လာသည်။
Human Rights Tulip ဆုသည် ကမ္ဘာတဝန်းမှ လူ့အခွင့်အရေး ကာကွယ်ရေးလုပ်ငန်းများတွင် ထူးထူးချွန်ချွန် အကျိူးဆောင်သော လူပုဂ္ဂိုလ်များ၊ အဖွဲ့အစည်းများကို နယ်သာလန် နိုင်ငံခြားရေးဝန်ကြီးဌာနက နှစ်စဉ်ချီးမြှင့်သည့် ဆုဖြစ်သည်။ ယခုနှစ်တွင် ကမ္ဘာတဝန်းမှ ဒတ်ချ် သံရုံးများသည် နိုင်ငံအလိုက် Tulip ဆုများကို သက်ဆိုင်ရာနိုင်ငံများမှ လူ့အခွင့်အရေးကာကွယ်သူများကို ချီးမြှင့်ကြသည်။
ထိုဆုသည် လူအခွင့်အရေးကာကွယ်သူ မျိုးဆက်သစ်များကို အားပေးလှုံ့ဆော်ရန် ရည်ရွယ်ကြောင်း ရန်ကုန်ရှိ ဒတ်ချ် သံရုံးကပြောသည်။
အသံအမည်ရှိ ရန်ကုန် အခြေစိုက် လွတ်လပ်စွာ ထုတ်ဖေါ်ပြောဆိုခွင့် အတွက ထောက်ခံ လှုပ်ရှားသည့် အသံ အဖွဲ့ကို တည်ထောင်သူနှင့် အမှုဆောင်ဒါရိုက်တာလည်း ဖြစ်သော မောင်ဆောင်းခသည် Human Rights Tulip Myanmar 2018 ကို ရန်ကုန်တွင် ဒီဇင်ဘာလ ၁၁ ရက်နေ့တွင်လက်ခံရရှိခဲ့သည်။
သူ၏ အဖွဲ့အစည်းအတွက် နိုင်ငံတကာ အသိအမှတ်ပြုခြင်းဖြစ်သောကြောင့် ထိုဆုကို ကြိုဆိုသည်ဟု အသက် ၂၅ နှစ်ရှိပြီဖြစ်သော မောင်ဆောင်းခက ပြောသည်။
“ကျနော် ဒီဆုကိုရတာ ကျနော် တယောက်တည်းကြောင့် မဟုတ်ဘူး အသံ အဖွဲ့ကြောင့်လည်း ပါတယ်။ ဒါ့အပြင် ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူတွေရဲ့ ထောက်ခံမှုသာ မရှိရင် ကျနော်တို့ရဲ့ လွတ်လပ်စွာထုတ်ဖေါ်ပြောဆိုခွင့် လှုပ်ရှားမှုဟာ မရှင်သန်နိုင်ပါဘူး” ဟု ဧရာဝတီ သတင်းဌာနသို့ ပြောသည်။
ဇန်နဝါရီလက စတင်ထူထောင်ခဲ့သော အသံ အဖွဲ့သည် မြန်မာနိုင်ငံတွင် လွတ်လပ်စွာထုတ်ဖေါ်ပြောဆိုခွင့်ကို အထူးပြုသော တက်ကြွလှုပ်ရှားသူအဖွဲ့ အနည်းငယ်အနက် တခုဖြစ်သည်။
ထိုအဖွဲ့သည် စတင်တည်ထောင်ပြီးနောက် အငြင်းပွားဖွယ်ရာ ဆက်သွယ်ရေးဥပဒေ ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခွင့် ဥပဒေ စသည့် မြန်မာနိုင်ငံတွင် လွတ်လပ်စွာ ထုတ်ဖေါ်ပြောဆိုခွင့်ကို ကန့်သတ်သော ပြဿနာများကို မီးမောင်းထိုးပြခဲ့သည်။ ထိုအဖွဲ့သည် လွှွတ်တော်ကိုယ်စားလှယ်များကို လွတ်လပ်စွာ ထုတ်ဖေါ်ပြောကြားခွင့်နှင့် ပတ်သက်ပြီး အရေးဆိုခြင်းနှင့် လွတ်လပ်စွာ ထုတ်ဖေါ်ပြောဆိုခွင့် အရေးပါပုံကို လူထုအား ပညာပေးခြင်း တို့ကိုပြုလုပ်ရင်း လွတ်လပ်စွာ ထုတ်ဖေါ်ပြောဆိုခွင့်ကို ခြိမ်းခြောက်သော ဖြစ်ရပ်များကိုလည်း ဂရုတစိုက် မှတ်တမ်းတင်ခဲ့သည်။
မြန်မာနိုင်ငံတွင် လွတ်လပ်စွာ ထုတ်ဖေါ်ပြောဆိုခွင့်နှင့် စုဝေးလှည့်လည်ခွင့် ကျဆင်းနေသည်ဟု အများကမြင်ကြသည်။ အသံ အဖွဲ့၏ အဆိုအရ ဒီဇင်ဘာလ ၁၁ ရက်နေ့အထိ မြန်မာနိုင်ငံထောင်အတွင်းတွင် သတင်းသမားနှစ်ဦးရှိနေပြီး ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆ (ဃ) ဖြင့် တရားရုံးတွင် စွဲဆိုခံရမှုများ ၁၆၄ မှုနှင့် တရားရင်ဆိုင်နေရသော ငြိမ်းချမ်းရေးလှုပ်ရှားသူ ၅၁ ဦးရှိသည်။
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဦးဆောင်သော အစိုးရအောက်တွင် လွတ်လပ်စွာ ထုတ်ဖေါ်ပြောဆိုခွင့် ပိုမိုရရှိမည်ဟု ထင်ခဲ့ဖူးကြောင်း မောင်ဆောင်းခက ပြောသည်။
“အစိုးရရဲ့လုပ်ရပ်တွေကို ဝေဖန်လို့ လူတွေကို တရားစွဲခံရတာမြင်ရတော့ ကျနော်တို့မျှော်မှန်းချက်အတိုင်း ဖြစ်မလာဘူးဆိုတာ သိလာရတယ်” ဟု သူပြောသည်။
ကဗျာဆရာနှင့် တက်ကြွလှုပ်ရှားသူ မောင်ဆောင်းခကိုယ်တိုင်လည်း အမည်မတပ်ထားသော သမ္မတ တဦးအကြောင်း သရော်ရေးသားသော ကဗျာတိုကို လူမှုကွန်ရက်တွင် တင်သောကြောင့် ပုဒ်မ ၆၆ (ဃ) ဖြင့် ၂၀၁၅ ခုနှစ်တွင် အဖမ်းခံခဲ့ရဖူးသည်။
“ကဗျာရေးလို့ အဖမ်းခံရတယ်ဆိုတော့ ကျနော် ခံပြင်းတယ်။ ပြောရရင် ကျနော့်လို မျိုး တခြားသူတွေ မကြုံတွေ့ရအောင် အခုလို လွတ်လပ်စွာ ထုတ်ဖေါ်ပြောဆိုခွင့်မြှင့်တင်ရေး ကို လုပ်နေတာ” ဟု သူပြောသည်။
(အင်္ဂလိပ်ဘာသာဖြင့် Myanmar Free Speech Activist Wins Dutch Human Rights Award တွင် ဖတ်ပါ။)