ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်၊ ကံပြင်ကျေးရွာအနီး ရက္ခိုင့်တပ်မတော် (AA) နှင့် တပ်မတော်တို့ တိုက်ပွဲများ ဖြစ်ပွားနေမှုကြောင့် နီးစပ်ရာ စည်တောင်ကျေးရွာသို့ ရွာလုံးကျွတ် ထွက်ပြေးတိမ်းရှောင်နေရကြောင်း စည်တောင်ကျေးရွာ ဒေသခံများထံမှ သိရသည်။
ကံပြင်ကျေးရွာတွင် လူဦးရေ ၂၀၀ ကျော် ရှိကာ ဒီဇင်ဘာလ ၁၁ ရက် နံနက်ပိုင်းက ကျေးရွာအနီး တိုက်ပွဲများဖြစ်ပွားပြီး လက်နက်ကြီး၊ လက်နက်ငယ် ပစ်ခတ်သံများကြောင့် စိုးရိမ်ထိတ်လန့်ကာ ထွက်ပြေးတိမ်းရှောင်နေရခြင်း ဖြစ်သည်။
အဆိုပါတိုက်ပွဲသည် AA တပ်ဖွဲ့များ နယ်ကျွံဝင်ရောက်လာခြင်းကြောင့် ဖြစ်ပြီး တိမ်းရှောင်နေရသည့် ဒေသခံ ပြည်သူများ၏ စားဝတ်နေရေးအတွက် ကူညီပေးရန်လည်း တပ်မတော်ဘက်က ပြင်ဆင်နေလျှက်ရှိကြောင်း ရခိုင်ပြည်နယ် အစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့် နယ်စပ် ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဖုန်းတင့် က ပြောသည်။
ဗိုလ်မှူးကြီး ဖုန်းတင့်က “တိုက်ပွဲ ဖြစ်တာမှန်ပါတယ်။ AA တို့ ဝင်လာလို့ ဖြစ်တာပါ။ ရွာသားတွေကတော့ သေနတ်သံ ကြားတဲ့အခါ ကြောက်ပြီး ဒီဘက်ကို ဆင်းလာတာပေါ့။ အဲဒီ အတွက်လည်း ကျနော်တို့က စားဝတ် နေရေးအတွက် မြို့နယ်အုပ်ချုပ်ရေးမှူးနဲ့ ညှိနှိုင်းပြီး ကူညီဖို့ လုပ်နေပါတယ်” ဟု ဧရာဝတီသို့ ပြောသည်။
အဆိုပါ တိုက်ပွဲကြောင့် ၂ ဘက် ထိခိုက်ဒဏ်ရာရမှု၊ ကျဆုံးမှု အခြေအနေကိုတော့ မြေပြင်သတင်းများ အတိအကျ မရသေးသဖြင့် မထုတ်ပြန်နိုင်သေးကြောင်း ဗိုလ်မှူးကြီး ဖုန်းတင့်က ရှင်းပြသည်။
စည်တောင်ကျေးရွာ ဒေသခံ ဦးမောင်ကျော်ခိုင်က “စည်တောင်ရွာနဲ့ ကံပြင်နဲ့ ဆို တမိုင်ခန့်လောက်ပဲ ဝေးတယ်။ လက်နက်ကြီး ပေါက်ကွဲတာတွေကို ကျနော်တို့ ရွာကနေ ကြားလည်း ကြားရတယ်။ မြင်လည်း မြင်ရပါတယ်။ တိုက်ပွဲ ဖြစ်တာကတော့ မနေ့က ၁၀ နာရီကျော်လောက်မှာ ဖြစ်တာပါ။ အဲဒါနဲ့ တရွာလုံး ပြေးလာကြတာ။ အဝတ်အစား နည်းနည်းကလွဲပြီး ဘာမှ ယူချိန်မရခဲ့ကြဘူး” ဟု ဧရာဝတီသို့ ပြောသည်။
လက်ရှိတွင် ထွက်ပြေးတိမ်းရှောင်လာသူ ကံပြင်ကျေးရွာဒေသခံများအား စည်တောင်ကျေးရွာ စာသင်ကျောင်းတွင် ယာယီထားရှိကာ ကျေးရွာမှပင် စားနပ်ရိက္ခာများ ထောက်ပံ့ထားသည်ဟု သိရသည်
ဘူးသီးတောင်မဲဆန္ဒနယ်မှ ပြည်နယ်လွှွတ်တော်ကိုယ်စားလှယ် ဦးထွန်းအောင်သိန်း က “ကျနော်တိုကလည်း လောလောဆယ် အဲဒီနေရာကို မရောက်သေးဘူး။ တပ်က လုံခြုံရေးအရ လမ်းပိတ်ထားတယ်လို့တော့ သိရပါတယ်” ဟု ဧရာဝတီကို ပြောသည်။
AA နှင့် တပ်မတော်တို့မှာ နိုဝင်ဘာလ ၃၀ ရက်မှ စကာ မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ် မိုင်တိုင်အမှတ် ၆၄ အနီး၊ ဘူးသီးတောင်မြို့နယ် နဟန်းရွာနှင့် ဝါးနက်ရုံရွာကြား၊ ရသေ့တောင်မြို့နယ် ရေစိုချောင်းအနီးတို့တွင် တိုက်ပွဲများ ဖြစ်ပွားခဲ့ကြောင်း နှစ်ဖက်စလုံးမှ ထုတ်ပြန်ထားသည်။
ပြီးခဲ့သည့် ဒီဇင်ဘာလ ၉ ရက်ကလည်း နှစ်ဖက်တိုက်ပွဲများကြောင့် ပုဏ္ဏားကျွန်းမြို့နယ်၊ ဖက်ဝန်းချောင်းကျေးရွာမှ ဒေသခံ ၄၀ ကျော်မှ ၎င်းမြို့နယ်အတွင်းရှိ သင်ပုန်းတန်းကျေးရွာသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရသေးသည်။
ရက္ခိုင့်တပ်မတော် (AA) မှာ ယခင်က ကချင်ပြည်နယ်ရှိ ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) ထိန်းချုပ်ရာ လိုင်ဇာတွင် အခြေစိုက်ခဲ့သော်လည်း လက်ရှိတွင် ချင်းပြည်နယ် အထက်ပိုင်း၊ မြန်မာ-အိန္ဒိယနယ်စပ်သို့ ဗဟိုဌာနချုပ် ပြောင်းရွှေ့လာပြီးနောက် ယင်းပြည်နယ် ပလက်ဝမြို့နယ်အတွင်း တပ်မတော်နှင့် မကြာခဏ ထိတွေ့ကာ တိုက်ပွဲများ ဖြစ်ပေါ်ခဲ့ပြီး နှစ်ဘက် ထိခိုက်ကျဆုံးမှုများလည်း ရှိခဲ့သည်။
ထို့နောက် ယခုနှစ် ပွင့်လင်းရာသီ ရောက်လာသည်အချိန်တွင် တိုက်ပွဲများ ခပ်စိတ်စိတ် ဖြစ်လာခဲ့ပြီး ရခိုင်ပြည်နယ် ဘူးသီးတောင်နှင့် ရသေ့တောင်မြို့နယ်များအထိပါ ကျယ်ပြန့်လာခြင်း ဖြစ်သည်။
ဆက်စပ်သတင်း
လက်နက်ပေါက်ကွဲသံများကြောင့် ပုဏ္ဏားကျွန်းဒေသခံများ ထွက်ပြေးနေရ
မြောက်ပိုင်းမဟာမိတ် သုံးဖွဲ့နှင့် အစိုးရ တရုတ်နိုင်ငံတွင် ဆွေးနွေးမည်
မြောက်ပိုင်းမဟာမိတ် သုံးဖွဲ့နှင့် အစိုးရ တရုတ်နိုင်ငံတွင် ဆွေးနွေးမည်