မြန်မာနိုင်ငံတွင် ရက်သတ္တတပတ်ကျော် ဝိပဿနာ တရားအားထုတ်ခဲ့သည့်ဖြစ်စဉ်ကို တွစ်တာလူမှုကွန်ရက်ပေါ် တင်ခဲ့ပြီးနောက် နိုင်ငံအတွင်း လူ့အခွင့်အရေးချိုးဖောက်မှုများအပေါ် ဥပေက္ခာပြုခဲ့သူဟု စောဒကတက် ဝေဖန်ကြသူများအား တွစ်တာ အမှုဆောင်အရာရှိချုပ် ဂျက်ဒိုဆေးက အင်္ဂါနေ့က တုံ့ပြန်ငြင်းဆိုလိုက်သည်။
ဂျက်ဒိုဆေးသည် မြန်မာနိုင်ငံသို့ နိုဝင်ဘာလက ၎င်းလာရောက်လာခဲ့သည့် ခရီးစဉ်အကြောင်းကို ပြီးခဲ့သည့် စနေနေ့မှ စ၍ တွစ်တာ လူမှုကွန်ရက်ပေါ်သို့ ၁၈ ကြိမ် ရေးတင်ပြီး မြန်မာနိုင်ငံရှိ လူများနှင့် အစားအသောက်များကို ဂုဏ်တင်ရေးသားခဲ့သည်။ သူ့ကို ခြင်ကိုက်ခံရပုံ၊ သူပတ်ထားသည့် အက်ပဲလက်ပတ်နာရီမှ သူ့နှလုံးခုန်နှုန်းအား screen shot ဖမ်းထားသည့်ပုံများကိုလည်း ဖြန့်ဝေခဲ့သည်။
သို့သော် အသက် ၄၂ နှစ်အရွယ်ရှိ နည်းပညာ လုပ်ငန်းရှင်သည် ရခိုင်ပြည်နယ် မြောက်ပိုင်းမှ ထွက်ပြေးကြသူ မွတ်ဆလင်များ နှိပ်ကွပ်ခံရခြင်းအပေါ် နိုင်ငံရေးအရ နားပင်းနေသူအဖြစ် လျင်မြန်စွာ သမုတ်ခံခဲ့ရသည်။
“ မြန်မာနိုင်ငံမှာ လူ့အခွင့်အရေးချိုးဖောက်ခံရတာနဲ့ ဆင်းရဲဒုက္ခရောက်နေတာ ကျနော် သိပါတယ်။ (မြန်မာပြည်) သွားလည်တာ၊ တရားထိုင်တာ၊ လူတွေနဲ့ စကားပြောတာတွေဟာ ဒါတွေကို ထောက်ခံလိုက်တာလို့ ကျနော် မမြင်ပါဘူး။ အဲဒီကိစ္စတွေ မပြောဆိုခြင်းအားဖြင့် မှေးမှိန်အောင် လုပ်ဖို့လည်း ကျနော့်မှာ ရည်ရွယ်ချက်မရှိပါဘူး။ ဒါပေမယ့် လုံလုံလောက်လောက် ကျနော် မသိသေးဘူးဆိုတာနဲ့ ဆက်ပြီး လေ့လာဖို့ လိုသေးတယ်ဆိုတာ ကျနော် သိမှတ်ထားနိုင်ခဲ့တယ်” ဟု ဂျက်ဒိုဆေးက အင်္ဂါနေ့တွင် ရေးတင်သည်။
တွစ်တာအနေဖြင့် လူမှုကွန်ရက်တွင် “အစွန်းရောက် အကြမ်းဖက်မှုနှင့် အမုန်းတရားများ တွန်းလှန်ရေး” လုပ်ဆောင်နေကြောင်းလည်း ရေးသည်။ “ကျနော်တို့ ဒီကိစ္စ တဦးတည်း တဖွဲ့တည်း မလုပ်နိုင်ဘူး၊ နယ်မြေခံ အရပ်ဘက် အဖွဲ့အစည်းတွေ၊ အန်ဂျီအိုတွေဆီက အကူအညီတွေနဲ့မှ လုပ်နိုင်မယ်ဆိုတာ ကျနော်တို့ သိတယ်” ဟုလည်း ဂျက်ဒိုဆေးက ရေးသည်။
မြန်မာနိုင်ငံတွင် တွစ်တာ လူမှုကွန်ရက်မှာ လူသုံးမများပေ။ ဖေ့စ်ဘွတ် လူမှုကွန်ရက်သည်သာ မြန်မာနိုင်ငံတွင် လူအများက အသုံးပြုနေပြီး အမုန်းစကားများ ဖြန့်ဖြူးမှုတွင် အဓိက ကျသည့်နေရာ၌ ရပ်တည်နေသည်ဟု ပြစ်တင်ဝေဖန်ခံနေရမှုကြောင့် မကြာသေးမီက စည်းကမ်းများ တင်းကြပ်လာခဲ့သလို တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အပါအဝင် စစ်ဘက်နှင့် ပတ်သက်နေကြောင်း သင်္ကာမကင်းသည့် အကောင့်များ အပိတ်ခံခဲ့ရသည်။
ဆက်စပ်ဖတ်ရှုရန် – မြန်မာပြည်လာ တရားထိုင်တဲ့ တွစ်တာ အမှုဆောင်အရာရှိချုပ် ဝေဖန်ခံနေရ