Huawei ဘဏ္ဍာရေးအရာရှိ ချုပ် မုန်ဝမ်ကျူဝူကို ကနေဒါနိုင်ငံက ဖမ်းဆီး၍ အာမခံအတွက် ကြားနာ ရန် ဗန်ကူးဗား တရားရုံးသို့ မပို့ဆောင်မီမှာပင် ကနေဒါ သံတမန်ဟောင်းတဦးကို တရုတ်နိုင်ငံက ဖမ်းဆီးလိုက်သည်။
အဆိုပါ ကနေဒါ သံတမန်ဟောင်းအား ဖမ်းဆီးမှု ဖြစ်စဉ်နှင့် Huawei ဘဏ္ဍာရေးမှူးချုပ် ဖမ်းဆီးခံရမှု ဆက်စပ်ပတ်သက် ခြင်း ရှိမရှိ လတ်တလော ရှင်းရှင်းလင်းလင်း မသိသေးသော်လည်း တရုတ်နိုင်ငံက လက်တုံ့ပြန်မည်ဆိုသည်ကိုမူ ကနေဒါရှိ သုတေသီတချို့က ဟောကိန်းထုတ်ပြီးဖြစ်သည်။
အဖမ်းခံရသော သံတမန်ဟောင်းမှာ မိုက်ကယ် ကော့ဗ်ရစ် ဖြစ်ပြီး သူသည် လတ်တလောတွင် နိုင်ငံ တကာပဋိပက္ခ လေ့လာရေး အုပ်စု (ICG) တွင် လုပ်ကိုင်နေသည်။ ထိုအဖွဲ့က ၎င်းအား ချက်ခြင်း ဘေးကင်းစွာ လွတ်မြောက်ရေးအတွက် တောင်းဆိုနေသည်။
ကနေဒါအရာရှိများကမူ ကော့ဗ်ရစ်အား ဖမ်းဆီးသည့် သတင်းကို လတ်တလော အတည်မပြုနိုင်သေး ပေ။
ကော့ဗ်ရစ်အား ဖမ်းဆီးမှုအတွက် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် ပြည်သူ့လုံခြုံရေး ဝန်ကြီးဌာန များသို့ ဖက်စ် ဖြင့် မေးမြန်းမှု များကိုလည်း ဖြေကြားခြင်းမရှိသေးပေ။
တရုတ်နိုင်ငံသည် Huawei ဘဏ္ဍာရေးအရာရှိချုပ် မုန်ဝမ်ကျူဝူ၏ အာမခံအတွက် ကြားနာခြင်းနှင့် ပတ်သက်၍ ဒေါသ ထွက်လျှက်ရှိပြီး ၎င်းအား ချက်ခြင်း လွှတ်မပေးလျှင် ပြင်းထန်သော အကျိုးဆက် များ ခံစားရမည်ဟု ခြိမ်းခြောက် ထားသည်။
ကနေဒါ ဝန်ကြီးချုပ် ဂျပ်စတင် ထရက်ဒူးက ထိုကိစ္စသည် တရားရုံးက ဆုံးဖြတ်ရမည့် ကိစ္စ ဖြစ်သည် ဟု ဆိုပြီး၊ ယမန်နေ့က ကြားနာမှုသည် ဗြိတိသျှ ကိုလံဘီယာ တရားရုံးတွင် တတိယမြောက်နေ့ ကြားနာခြင်း ဖြစ်ကာ ထိုရုံးက မုန်ဝမ်ကျူဝူကို အမေရိကန်သို့ လွှဲမပေးမီ အမေရိကန် ဒေါ်လာ ၇.၅သန်းဖြင့် အာမခံပေးခဲ့ပြီး ဗန်ကူးဗားမြို့တွင် နေထိုင်ရမည်ဟု ဆုံးဖြတ်ခဲ့သည်။
Huawei ဘဏ္ဍာရေး အရာရှိချုပ်ကို ကနေဒါက ဖမ်းဆီးပြီး နောက်ပိုင်း တရုတ်နိုင်ငံတွင် အလုပ်လုပ် ကိုင်နေသည့် ကနေဒါ စီးပွားရေး လုပ်ငန်းများမှာ စတင်ကြောက်လန့်နေပြီး အရေးပါသော သဘောတူ ညီချက်တခုကို လက်မှတ်ရေးထိုးရေး ဆိုင်းငံ့ထားသည်ဟု အဆက်အသွယ်ကောင်းသော သတင်းရင်း မြစ်က ဆိုသည်။
လာမည့်အပတ်များအတွင်း ကနေဒါ လုပ်ငန်း တခုသည် အရေးပါသော သဘောတူညီချက်တခု လက်မှတ်ရေးထိုးရန် စီစဉ်ထား ရာ “အကျိုးဆက်ကတော့ စတင်နေပြီ၊ ကနေဒါ ကုမ္ပဏီရဲ့ စီးပွားဖက် တရုတ် ပုဂ္ဂလိကလုပ်ငန်းက ဒီအချိန်မှာ လက်မှတ် ရေးထိုးဖို့မသင့်ဘူးလို့ ပြောနေတယ်” ဟု ထိုသတင်းရင်းမြစ်ကပြောသည်။
အသက် ၄၆ နှစ်ရှိပြီဖြစ်သော Huawei ဘဏ္ဍာရေး အရာရှိချုပ် မုန်ဝမ်ကျူဝူသည် အီရန်တွင် လုပ်ကိုင် နေသော လုပ်ငန်းတခုတွင် Huawei ၏ ပိုင်ဆိုင်မှုနှင့် ပတ်သက်ပြီး နိုင်ငံစုံ ဘဏ်များကို လှည့်စား သဖြင့် ထိုဘဏ်များသည် အမေရိကန် အရေးယူ ပိတ်ဆို့ မှုကို ချိုးဖေါက်ရာ ရောက်နေပြီး ဒဏ်ငွေ အကြီးအကျယ်ဆောင်ရမည့် အန္တရာယ် ရင်ဆိုင်နေရသည်ဟု တရားရုံးစာရွက်စာတမ်းများကဆိုသည်။
တရုတ်အစိုးရသည် ၎င်း၏ ပြည်ပရောက်နိုင်ငံသားများ၏ လုံခြုံရေးကို အမြဲတမ်းစောင့်ကြည့်နေ ကြောင်း ဒီဇင်ဘာ ၁၁ ရက်နေ့က ဘေဂျင်းတွင် ကျင်းပသည့် တရုတ်ထိပ်တန်းသံတမန် နိုင်ငံတော် ကောင်စီဝင် ဝမ်ယိက ပြောသည်။
“တရုတ်နိုင်ငံသားတွေရဲ့ တရားဝင် အခွင့်အရေးနဲ့အကျိုးစီးပွားကို ရည်ရွယ်ချက် ရှိရှိ ချိုးဖေါက်တဲ့ ဘယ်အနိုင်ကျင့်မှုကိုမှ တရုတ်နိုင်ငံက ထိုင်ကြည့်နေမှာမဟုတ်ဘူး” ဟု ၎င်းက ပြောကြောင်း တရုတ်နိုင်ငံပိုင် ရုပ်သံက ကိုးကားဖေါ်ပြသည်။
ကနေဒါနိုင်ငံတွင် အမှုဆိုင်နေစဉ်ကာလ မုန်ဝမ်ကျူဝူ က သူ့ကို လွှတ်ပေးပါက နိုင်ငံကူးလက်မှတ်ကို အာဏာပိုင်များထံ ပေးအပ်ရန်နှင့် ၎င်းအား အီလက်ထရွန်းနစ်နည်းစနစ်ဖြင့် စောင့်ကြည့်သည်ကို လက်ခံရန် သဘောတူထားသည်။
“တရုတ်နိုင်ငံရဲ့ ထိပ်တန်းကုမ္ပဏီကြီးတခု အကြီးအကဲတဦးဖြစ်တဲ့အတွက် သူထွက်ပြေးရင်၊ ဒါမှ မဟုတ် ဒီလိုထူးခြားတဲ့ အခြေအနေမှာ အမိန့်ကို တနည်းနည်းနဲ့ ချိုးဖေါက်ရင် တရုတ်နိုင်ငံကို အရှက် ကွဲစေတယ်လို့ ပြောရင်မလွန်ဘူး” ဟု မုန်ဝမ်ကျူဝူ ၏ ရှေ့နေ ဒေးဗစ်မာတင်က ဒီဇင်ဘာလ ၁၀ ရက်နေ့တွင် တရားရုံးတွင် လျှောက်ထားသည်။
မုန်ဝမ်ကျူဝူက ၎င်းသည် ၂၀၁၁ ခုနှစ်က သိုင်းရွိုက်ကင်ဆာ ခွဲစိတ်မှု အပါအဝင် ကျန်းမာရေး ပြဿနာ အများအပြား ခံစားနေရကြောင်းနှင့် ဖမ်းဆီးခံရချိန်မှ စတင်၍ ဗန်ကူးဗား ဆေးရုံတွင် သွေးတိုးရောဂါအတွက် ကုသမှုခံနေရကြောင်း စာမျက်နှာ ၅၅ မျက်နှာရှိ ထွက်ဆိုချက်တွင် ဖေါ်ပြသည်။
Huawei သည် လွန်ခဲ့သောနှစ်က ဝင်ငွေ အမေရိကန်ဒေါ်လာ ၉၂ ဘီလျှံ ရှိ၍ ကမ္ဘာ့ အကြီးဆုံး ဆက်သွယ်ရေး ကွန်ရက် ကိရိယာ ထုတ်လုပ်သူဖြစ်ပြီး ဒုတိယအကြီးဆုံး စမတ်ဖုန်းထုတ်လုပ်သူ ဖြစ်သည်။
အခြားတရုတ် နည်းပညာလုပ်ငန်းကြီးများနှင့်မတူဘဲ ဟွာဝေးသည် ၎င်း၏ လုပ်ငန်းအများစုကို ပြည်ပတွင် လုပ်ကိုင်ကာ Huawei ရှေ့နေများကမူ ၎င်းတို့သည် လိုက်နာရမည့် ဥပဒေများကို တင်းကျပ်စွာလိုက်နာသည်ဟု ဆိုသည်။