ရခိုင်ဒေသတွင် လူ့အခွင့်အရေး ချိုးဖောက်မှုများ ရှိသည် ဆိုသည့်အချက်မှာ စွပ်စွဲချက် အဆင့်သာ ရှိပြီး အထောက် အထား မပြနိုင်သေးကြောင်း ရခိုင်အရေး လွတ်လပ်သော စုံစမ်း စစ်ဆေးရေး ကော်မရှင် ဥက္ကဋ္ဌ ရိုဆာရီယိုမယ်နာလို က ပြောသည်။
ရခိုင်-ရိုဟင်ဂျာ ကယ်တင်ရေး တပ် (ARSA) အကြမ်းဖက် တိုက်ခိုက်မှု နောက်ပိုင်း လူ့အခွင့်အရေး ချိုးဖောက်မှုများနှင့် ယင်းနှင့် ဆက်နွှယ်သည့် စုံစမ်း စစ်ဆေးမှုများတွင် လူ့အခွင့်အရေး ချိုးဖောက်မှုများ ရှိသည် ဆိုသည့် အချက်များနှင့် ပတ်သက်ပြီး စုံစမ်း စစ်ဆေး မှုများ ပြုလုပ်မည် ဖြစ်၍ ကျူးလွန်ခံရသူများ ရှိပါက အထောက်အထားများ ပေးပို့ကြရန် လည်း ၎င်းက ဖိတ်ခေါ် လိုက်သည်။
နေပြည်တော် သင်္ဂဟဟိုတယ်၌ ယနေ့ ပြုလုပ်သည့် ကော်မရှင် သတင်းစာ ရှင်းလင်းပွဲတွင် ဧရာဝတီ၏ မေးမြန်းမှု နှင့် ပတ်သက်၍ ရိုဆာရီယိုမယ်နာလိုက ပြန်လည် ဖြေကြားခြင်း ဖြစ်သည်။
ဖိလစ်ပိုင် နိုင်ငံခြားရေး ဝန်ကြီးဟောင်းလည်း ဖြစ်သူ ကော်မရှင်ဥက္ကဋ္ဌ ရိုဆာရီယိုမယ်နာလိုက“ကော်မရှင် အနေနဲ့ သက်သေ အထောက်အထားတွေ စုစည်းတဲ့ အစီအစဉ်ကို ခဏကြာရင် ကြေညာပါ့မယ်။ အခုချိန်အထိတော့ စွပ်စွဲ ချက်တွေပဲ ရှိပါသေးတယ်။ ခိုင်မာတဲ့ သက်သေ အထောက်အထားတွေ ပြနိုင်တဲ့ အနေအထား တခုမှ မရှိသေးပါဘူး” ဟုလည်း ပြောသည်။
နိုင်ငံခြားသားတဦး ဦးဆောင်သည့် ကော်မရှင်ကို ဖွဲ့စည်းမည်ဟု အစိုးရက ပြုလုပ်စဉ်က ပြည်တွင်းရှိ အတိုက်အခံ နိုင်ငံရေးအင်အားစုများ၊ မျိုးချစ်အုပ်စုများက ဝေဖန်ကန့်ကွက်၊ ဆန္ဒထုတ်ဖော်မှုများ ပြုလုပ်ခဲ့ကြပြီး တိုင်းပြည်၏ အချုပ်အခြာအာဏာကို ထိခိုက်နိုင်သည်ဟု သတိပေးမှုများ ရှိခဲ့သည်။
သို့သော် အစိုးရက ၂၀၁၈ ခုနှစ်၊ ဇူလိုင်လ ၃၀ ရက်တွင် ရိုဆာရီယို မယ်နာလို ဦးဆောင်ပြီး အဖွဲ့ဝင် ၄ ဦး ပါဝင်သည့် လွတ်လပ်သော စုံစမ်းရေးကော်မရှင်ကို ဖွဲ့စည်းခဲ့ကာ ကော်မရှင်က သြဂုတ်လ ၁၅ ရက်မှစတင်၍ စုံစမ်းရေး လုပ်ငန်း များ ဆောင်ရွက်မည်ဖြစ်ကာ တနှစ်အတွင်း သမ္မတထံ အကြံပြုချက် အစီရင်ခံစာ တင်သွင်းရမည်ဟု သိရသည်။
ရခိုင်တွင် လူ့အခွင့်အရေး ချိုးဖောက်ခံရသည်ဟု ဆိုသူများအနေဖြင့် တဦးချင်း ဖြစ်စေ၊ အဖွဲ့အစည်းဖြင့် ဖြစ်စေ ကော်မရှင် ထံ အချက်အလက် ပြည့်စုံစွာနှင့် တင်ပြနိုင်ကြောင်း၊ ခိုင်လုံသည့် အထောက်အထား ဖြစ်သော ဓာတ်ပုံ၊ ဗီဒီယိုများလည်း တင်ပြရန် တောင်းဆိုကြောင်း ကော်မရှင် တာဝန်ရှိသူများက ယနေ့ ရှင်းလင်းပွဲတွင် ထည့်သွင်း ပြောဆို ထားသည်။
ယင်းကော်မရှင် အဖွဲ့ဝင်တဦးဖြစ်သူ ဒေါက်တာ အောင်ထွန်းသက်က“ဒီလို တင်ပြတဲ့အခါမှာ ဘာသာစကား ၄ မျိုးပေါ့။ မြန်မာဘာသာ၊ အင်္ဂလိပ်ဘာသာ၊ ရခိုင်နှင့် ဘင်္ဂါလီစာ တမျိုးမျိုးနဲ့ ရေးသားဖော်ပြဖို့ ဖြစ်ပါတယ်။ နောက်ဆုံး သတ်မှတ် ထားတဲ့ အချိန်က ဇန်နဝါရီ ၃၁ ရက်မတိုင်မီ စောနိုင်သမျှစောအောင် တင်သွင်းပေးဖို့ ဖိတ်ခေါ်ပါတယ်”ဟု ပြောသည်။
သက်သေ တင်သွင်းသူများ အနေဖြင့် တင်သွင်းမှု ခိုင်လုံမှု ရှိ၊ မရှိနှင့် ပတ်သက်၍ ကော်မရှင်၏ စစ်ဆေးမှုကို ခံယူရ မည် ဖြစ်ကာ တင်သွင်းသည့် ဖြစ်စဉ်နှင့် ပတ်သက်၍ သက်သေထွက်ဆိုပါက သင့်လျော်သည့် နည်းလမ်း တခုခုဖြင့် ကြိုတင် အသိပေးမည်ဖြစ်ကြောင်း၊ နှစ်ဦးနှစ်ဖက် အဆင်ပြေနိုင်သည့် အချိန်၊ နေရာအား စီစဉ်ပေးမည် ဖြစ်ပြီး လုပ်ဆောင်ချက် အားလုံးကို လျှို့ဝှက် ပေးထားမည် ဖြစ်ကြောင်းလည်း သိရသည်။
ရခိုင်အရေးနှင့် ပတ်သက်၍ အစိုးရက ကော်မတီနှင့် ကော်မရှင် အမျိုးမျိုး ဖွဲ့စည်းခဲ့သော်လည်း အလုပ်မဖြစ်ကြောင်း၊ နိုင်ငံတကာနှင့် ပူးပေါင်းဆောင်ရွက်မှု အားနည်းကာ တဖက်သတ် ငြင်းဆန်နေမှုများသည် နိုင်ငံတကာ ဖိအား လျော့ နည်း ရန်နှင့် ဒုက္ခသည်အရေး ဖြေရှင်းရန် အဖြေမဟုတ်ကြောင်း ဝေဖန်မှုများလည်း ရှိသည်။
နိုင်ငံရေး အကျဉ်းသားဟောင်း ဦးထွန်းကြည်က“သူတို့ကတော့ ဖွင့်ပေးလိုက်တာပေါ့။ စာတိုက်က ပို့ပါ၊ အီးမေးလ်က ပို့ပါ၊ ဟိုဟာနဲ့ ပို့ပါ၊ ဒီဟာတွေ ပို့ပါနဲ့။ အဲဒါနဲ့တင် ၁ နှစ် ပြည့်သွားလိမ့်မယ်။ အဓိကကျတဲ့ တဖက်မှာ နိုင်ငံတကာ ဖိအား။ တဖက်မှာတော့ ဟိုဘက် ရောက်နေတဲ့ ဒုက္ခသည်တွေနဲ့ ပတ်သက်လို့ လုပ်ရမယ့် လုပ်ဟန်တခု မဟုတ်သလို အဖြေလည်း မဟုတ်ဘူးလို့ ပြောချင်တယ်”ဟု ဧရာဝတီကို ပြောသည်။
ကော်မရှင် အနေဖြင့် ဒုတိယ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဒုတိယ ဗိုလ်ချုပ်ကြီး စိုးဝင်း၊ ပြည်ထဲရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး ကျော်ဆွေ အပါအဝင် တပ်ဘက်ဆိုင်ရာ အရာရှိကြီးများနှင့် တွေ့ဆုံခဲ့ပြီး ဖြစ်သည့်အပြင် ၎င်းတို့၏ ပူးပေါင်းဆောင်ရွက်မှု ရရှိခဲ့ကာ မေးစရာရှိသည့် အချက်များနှင့် ပတ်သက်၍ ပွင့်လင်းစွာ မေးနိုင်ခဲ့သည့် အခွင့်အရေး ရှိခဲ့ကြောင်း သိရသည်။
“ကျန်တဲ့လူတွေ အနေနဲ့တော့ မသိဘူး။ ကော်မရှင်အနေနဲ့ အမှန်တရားကို ရှာနိုင်မယ်လို့ ထင်လို့ ဒီအလုပ်ကို လုပ်တာ ပါ။ ကော်မရှင်အနေနဲ့ ၂၀၁၅ သြဂုတ်လ နောက်ပိုင်းမှာ ဖြစ်လာတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ စွပ်စွဲချက်တွေ အားလုံးကို အသေးစိတ် စုံစမ်းစစ်ဆေးဖို့ ရှိပါတယ်”ဟု ကေ်ာမရှင် ဥက္ကဋ္ဌ ရိုဆာရီမယ်နာလိုက ပြောသည်။
စုံစမ်း စစ်ဆေးမှုများ ပြုလုပ်ရာတွင် တည်ဆဲ ပြည်တွင်း ဥပဒေဖြစ်သည့် ၁၉၅၀ မြန်မာနိုင်ငံ စုံစမ်း စစ်ဆေးရေး ကော်မတီ အက်ဥပဒေ၊ နိုင်ငံတကာ လူ့အခွင့်အရေး ဆိုင်ရာ ဥပဒေ၊ နိုင်ငံတကာ လူသားချင်း စာနာမှုဆိုင်ရာ ဥပဒေများ ကိုးကား၍ ဆောင်ရွက်မည်ဟု သြဂုတ်လ အတွင်း ပြုလုပ်ခဲ့သည့် ပထမအကြိမ် သတင်းစာ ရှင်းလင်းပွဲတွင် ကေ်ာမရှင်က ထုတ်ဖော် ပြောဆိုထားသည်။
ကော်မရှင် အဖွဲ့ဝင်တဦး ဖြစ်သူ ဦးမြသိန်းကလည်း“သက်သေခံချက်မရှိရင် ကျနော်တို့ အလုပ်လုပ်လို့ မရပါဘူး။ လူ့ အခွင့်အရေး ချိုးဖောက်တယ်။ ပြစ်မှုကျူးလွန်တယ်ဆိုတဲ့ စွပ်စွဲချက်တွေဟာ တကယ်ရော ဖြစ်ခဲ့တာလား၊ ဘယ်လို ဖြစ်ခဲ့ တာလဲဆိုတာ ရှာဖွေမှာ ဖြစ်ပါတယ်။ ဒီလိုရှာဖွေဖို့အတွက် သက်ဆိုင်တဲ့သူတွေ၊ ပြစ်မှု ကျူးလွန်ခံရတဲ့ သက်သေ တွေ၊ အခြားသိတဲ့သူတွေက ကျနော်တို့ကို ပြောပြပါ၊ ကူညီပါ၊ ဝိုင်းလုပ်ပါ ဆိုတဲ့သဘောနဲ့ စဖွင့်ပေးလိုက်တာ။ သက်သေ ခံ ချက်တွေပေါ် မူတည်ပြီး ဆက်လုပ်သင့်တာ လုပ်မှာပါ”ဟု ပြောဆိုသွားသည်။
ဆက်စပ် ဖတ်ရှုရန်
- ရခိုင် မြောက်ပိုင်း အရေး သက်ဆိုင်သူ အားလုံးကို စုံစမ်း စစ်ဆေးနိုင်ရေး ကော်မရှင် ကမ်းလှမ်းမည်
- ကုလ လုံခြုံရေးကောင်စီတွင် မြန်မာ့အရေး ဆွေးနွေး