သတင်း

လွိုင်လင် ပဋိပက္ခ ၅ ဦးသေဆုံး၍ ၃ ဦး ဒဏ်ရာရ

Want create site? Find Free WordPress Themes and plugins.

ရှမ်းပြည်နယ် တောင်ပိုင်း လွိုင်လင်ခရိုင် လွိုင်လင်မြို့နယ် တောင်နောက် ကျေးရွာအုပ်စု နမ်းဟူး (ဆိုင်းငင်း) ရွာတွင် လက်နက်ကိုင် အဖွဲ့တဖွဲ့ နှင့် ဒေသခံများကြား ပဋိပက္ခဖြစ်ပွားရာ ရွာသူကြီး အပါအဝင် ၅ ဦး သေဆုံး၍ ၃ ဦး ဒဏ်ရာ ရရှိကြောင်း သိရသည်။

တောင်နောက် ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးခွန်ထွက်ဗိန်းနှင့် ဆိုင်းငင်း ကျေးရွာမှ ရွာသူကြီး ဦးခွန်ထွန်းဦး အပါအဝင် ကျေးရွာ ရပ်မိရပ်ဖများက ဒီဇင်ဘာလ ၁၁ ရက်က ကျေးရွာ ရေရရှိရန် ရေပိုက် သွယ်တန်းနိုင်ရေး အတွက် ရွာ အပြင် ဘက် သို့ လိုက်လံ ကြည့်ရှုစဉ် လက်နက်ကိုင် အဖွဲ့တဖွဲ့က လူ ၄ ဦးကို ဖမ်းဆီး ခေါ်ဆောင်သွားရာမှ စတင်ခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။

ဖမ်းဆီး ခေါ်ဆောင်ခံရသူများမှာ ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးခွန်ထွက်ဗိန်း၊ ဆိုင်းငင်း ရွာသူကြီး ဦးခွန်ထွန်းဦး၊ ကျေးရွာ ကျောင်း ကော်မတီဝင် ဦးခွန်တမူနှင့် တောင်နောက် ကျေးရွာအုပ်စုမှ ကျောင်းကော်မတီ စာရေး ဦးဇော်အောင် တို့ ဖြစ်ကြောင်း သိရသည်။

ဆိုင်းငင်းကျေးရွာ ဒေသခံတဦးက“ရွာလူကြီးတွေက ရေပေးဖို့ အတွက် ရေပိုက်တွေ သွားစစ်တဲ့အခါမှာ RCSS အဖွဲ့နဲ့ မတ်ကျန်း ပြည်သူ့စစ်အဖွဲ့ ပေါင်းပြီး ဖမ်းသွားတာ။ ဒါကို ရွာသားတွေက မြင်ပြီးတော့ လိုက်သွားပြီး ပြန်လွှတ်ပေးဖို့ တောင်းတာ။ အဲဒီမှာ ရွာလူကြီးတဦးက လက်ကို ကြိုးတုပ်ထားတာ အရမ်းနာလာတော့ စိတ်တိုပြီး ပြောလိုက်တာ။ အဲဒီမှာ စကားများကြတော့ သေနတ်နဲ့ ပစ်လိုက်တာ ၅ ဦးသေသွားတယ်၊ ၃ ဦး ကတော့ ဒဏ်ရာရသွားတယ်”ဟု ဧရာဝတီ ကို ပြောသည်။

သေဆုံးသူများမှာ ဆိုင်းငင်း ကျေးရွာ ရွာသူကြီး ဦးခွန်ထွန်းဦး၊ ကျေးရွာ ကျောင်းကော်မတီဝင်များ ဖြစ်သည့် ခွန်တမူ၊ ခွန်တဆန်း၊ ခွန်တဝင်း၊ ခွန်တခဲတို့ ဖြစ်ပြီး ဒဏ်ရာရသူများမှာ တောင်နောက် ကျေးရွာအုပ်စုမှ ကျောင်းကော်မတီ စာရေး ဦးဇော်အောင်၊ ခွန်မြင့်အောင် (ခ) တာလောင်နှင့် ခွန်တလဥတ္တရ တို့ ဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။

လက်ရှိတွင် ဒဏ်ရာရသူများအနက် တဦးအား လွိုင်လင်ဆေးရုံနှင့် ကျန် ၂ ဦးအား တောင်ကြီး စဝ်စံထွန်း ဆေးရုံ တို့ တွင် ဆေးကုသမှု ပေးနေကြောင်း သိရသည်။

ယင်းပဋိပက္ခနှင့် ပတ်သက်၍ ရှမ်းပြည်နယ်အဆင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည်ရေး ကော်မတီ (JMC-S) မှ အမည်မဖော်လိုသူ အရပ်သား ကိုယ်စားလှယ်တဦးက“RCSS ဘက်က ပစ်လိုက်တာလို့ ရွာ သား တွေကတော့ ပြောကြတယ်။ အခု RCSS က JMC အစည်းအဝေးတွေကို ယာယီ ရပ်ဆိုင်းထားတော့ ဒါမျိုးတွေက ဖြေရှင်းဖို့ ခက်နေတယ်။ အတိအကျသိဖို့တော့ စုံစမ်းဖို့ လိုသေးတယ်”ဟု ဧရာဝတီကို ပြောသည်။

အဆိုပါ ပဋိပက္ခနှင့် ပတ်သက်ပြီး ရှမ်းပြည် ပြန်လည် ထူထောင်ရေး ကောင်စီ (RCSS/SSA) ဘက်က တုံ့ပြန် ငြင်းဆို သည်။

RCSS/SSA ပြောခွင့်ရပုဂ္ဂိုလ် ဒုဗိုလ်မှူးကြီး စိုင်းမိဏ်းက“အဲဒီကိစ္စ မဟုတ်ဘူး။ အဲဒါ တဖက်သတ် စွပ်စွဲတာ။ အမှန်က သူတို့ ပြည်သူ့စစ်လို့ ပြောရမလား၊ ကိုရင်လေး(ထမ့်ဆန်းဂူ ကိုရင်လေး) ကို လုံခြုံရေးယူထားတဲ့ အဖွဲ့တွေ ပေါ့ နော်။ အဲဒါ ကျနော်တို့ လူကို ဓားနဲ့လိုက်ခုတ်ပြီးတော့ သေနတ်လုဖို့ ကြိုးစားတယ်။ ကျနော်တို့လည်း အဲဒါ သတင်း တက် ထား ပါတယ်၊ Taifreedom မှာလည်း သတင်းတက်ထားပါတယ်”ဟု ဧရာဝတီကို ပြောသည်။

ထိုသို့ ထမ့်ဆန်းဂူ ကိုရင်လေး လုံခြုံရေး အဖွဲ့များ၏ တိုက်ခိုက်ခံရမှုကြောင့် RCSS/SSA တပ်ဖွဲ့ဝင်တချို့၏ ဦးခေါင်း၊ လက်မောင်းနှင့် ခြေထောက်များတွင် ဒဏ်ရာများ ရရှိခဲ့သည်ဟုလည်း ၎င်းက ဆိုသည်။

RCSS/SSA ပိုင် သတင်းဌာနတခု ဖြစ်သည့် Taifreedom အင်တာနက် စာမျက်နှာတွင်လည်း သတင်း ဖော်ပြထား သည် ကို တွေ့ရသည်။

လူသေသည်အထိ ဖြစ်ပွားခဲ့မှုနှင့် ပတ်သက်၍ ကိုရင်လေး တပ်ဖွဲ့မှ ကိုရင်လေး (ထမ့်ဆန်းဂူ ကိုရင်လေး) အပါအဝင် ပအို့ဝ် ပြည်သူ့စစ်အဖွဲ့ (PNO) ခေါင်းဆောင် ဦးခွန်အောင်ခမ်းထီးထံ RCSS က စာရေးသား ပေးပို့သွားမည် ဟုလည်း သိရ သည်။

ဒုဗိုလ်မှူးကြီး စိုင်းမိဏ်းက“ကျနော်တို့ ရှမ်းပြည်အတွင်းမှာ ဖြစ်ပွားတဲ့ တိုင်းရင်းသားအချင်းချင်းတွေ ကြားထဲမှာလည်း ကျနော်တို့ ပြဿနာ မရှိစေချင်ဘူးပေါ့။ တဖက်က ကျနော်တို့ကို ရန်သူက သွေးကွဲလိုတဲ့ အတိုင်း သူတို့ကို လိုက်ပြီး တော့ အဲဒီလို မဖြစ်စေချင်ဘူး။ ကျနော်တို့ ဒီနေ့ ပို့မှာပါ”ဟု ပြောသည်။

ရှမ်းပြည်တောင်ပိုင်း လွိုင်လင်ခရိုင်အတွင်း RCSS/SSA အပါအဝင် ထမ့်ဆန်းဂူ ကိုရင်လေး တပ်ဖွဲ့၊ ပအို့ဝ် ပြည်သူစစ် အဖွဲ့ (PNO)၊ ပအို့ဝ် အမျိုးသား လွတ်မြောက်ရေး အဖွဲ့ချုပ် (PNL)၊ မတ်ကျန်း ပြည်သူ့စစ်အဖွဲ့ စသည့် လက်နက်ကိုင် အဖွဲ့များ လှုပ်ရှားလျက် ရှိကြောင်း သိရသည်။

ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ PNLO က“မတ်ကျန်း ပြည်သူ့စစ်အဖွဲ့နှင့် RCSS/SSA ပူးပေါင်းတပ်ဖွဲ့၏အပြစ်မဲ့ လက်နက် မဲ့ ရွာသားများ ဖမ်းဆီးခြင်း၊ သတ်ဖြတ်ခြင်း၊ အပြင်းအထန် ဒဏ်ရာရစေခြင်းတို့မှာ ရာဇဝတ်မှုမြောက်သော လူသတ်မှုများပင် ဖြစ်သည်။ ထို့ကြောင့် တရားဥပဒေ စိုးမိုးရေးအတွက် တာဝန်ရှိသော ပြည်သူ့ရဲတပ်ဖွဲ့အနေနှင့် လူသတ် မှုဖြင့် စစ်ဆေး အရေးယူသင့်ကြောင်း တောင်းဆိုအပ်ပါသည်”ဟု ဒီဇင်ဘာ ၁၂ ရက်တွင် ကြေညာချက်တရပ် ထုတ်ပြန် ထား သည်။

ထို့ပြင် မတ်ကျန်း ပြည်သူ့စစ် အဖွဲ့နှင့် RCSS/SSA ပူးပေါင်းအဖွဲ့၏ လုပ်ရပ်အပေါ် မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့် အရေး ကော်မရှင်သို့ အရေးယူနိုင်ရန် တင်ပြသွားမည်ဟုလည်း ကြေညာချက်တွင် ပါရှိသည်။

PNLO နှင့် RCSS သည် တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ် ထိုးထားသော လက်နက်ကိုင် အဖွဲ့များ ဖြစ်ပြီး ရှမ်းပြည်နယ် တောင်ပိုင်း မိုင်းပန်မြို့နယ် ပန်ပီးကျေးရွာတွင် ယခုနှစ် အောက်တိုဘာ လက နယ်မြေ အငြင်းပွားကာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး လက်ရှိ အချိန်အထိ ပြေလည်မှု မရသေးပေ။

ယခု ဖြစ်ပွားသည့် ပဋိပက္ခနှင့် ပတ်သက်၍ လွိုင်လင်မြို့ ရဲတပ်ဖွဲ့ရုံး၊ ရှမ်းပြည်နယ် အစိုးရအဖွဲ့ ဝန်ကြီးတချို့ အပါ အဝင် နယ်စပ်ရေးရာနှင့် လုံခြုံရေး ဝန်ကြီးထံ ဧရာဝတီက ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံ ဖြေဆိုခြင်း မရှိသည့် အတွက် မေးမြန်းခွင့် မရခဲ့ပေ။

လွိုင်လင် မဲဆန္ဒနယ်မှ ရှမ်းပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဒေါ်နန်းမြထွေးထံ ထပ်မံဆက်သွယ်ရာ“ကျမ မသိ ဘူး၊ သတင်းတွေတော့ ကြားရတယ်။ ဒါပေမယ့် အတည်မပြုနိုင်သေးဘူး။ ကျမလည်း ခရီးတွေ သွားနေလို့”ဟု ပြန်လည် ဖြေကြားသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading