လှည်းကူမြို့နယ် တပ်မတော် အရာရှိ ကတော်အိမ်တွင် အလုပ်လုပ်ကိုင်ခဲ့သော အိမ်အကူ မကရင်မမှာ ဝမ်းဗိုက်ဒဏ်ရာကြောင့် အူပေါက် သေဆုံးခြင်း ဖြစ်ကြောင်း တရားရုံးတွင် တွံ့တေးမြို့နယ် ပြည်သူ့ဆေးရုံမှ လက်ထောက်ဆရာဝန် ဒေါက်တာ လှိုင်သူဝင်းက ထွက်ဆိုသည်။
မကရင်မ သေဆုံးမှုနှင့် ပတ်သက်၍ အရာရှိကတော်ဖြစ်သူ သံသယ တရားခံ ဒေါ်သိင်္ဂီစုကို ဒီဇင်ဘာလ ၁၂ ရက်က သန်လျင်မြို့နယ် တောင်ပိုင်းခရိုင်တရားရုံးက ၁၉ ကြိမ်မြောက် ရုံးထုတ်စဉ် တရားလိုပြသက်သေ ဖြစ်သူ ဒေါက်တာလှိုင်သူဝင်းကို စစ်ဆေးရာတွင် ထွက်ဆိုခြင်း ဖြစ်သည်။
ဒေါက်တာ လှိုင်သူဝင်း က “ဝမ်းဗိုက်တွင် ရရှိသောဒဏ်ရာကြောင့် ဝမ်းခေါင်းအတွင်းရှိ အူပေါက်ဒဏ်ရာရရှိပြီး ၎င်းမှ အစာဟောင်းနှင့် ဝမ်းဟောင်းများ ဝမ်းခေါင်းတွင်းသို့ ယိုထွက်ပျံ့ပွားပြီး ဝမ်းခေါင်းတွင် နံရံများယောင်ရမ်းခြင်းကြောင့် ခန္ဓာကိုယ်တွင် သွေးဆိပ်တက်၍ သေဆုံးရခြင်း ဖြစ်သည်” ဟု တရားရုံးတွင် ထွက်ဆိုသည်။
မကရင်မ၏ ကိုယ်ခန္ဓာတွင် ညိုမဲဒဏ်ရာနှင့် သွေးစသွေးန ထွက်နေသည့် ဒဏ်ရာများကို တွေ့ရှိရကြောင်းကိုလည်း ခတ္ထိယကျေးရွာအုပ်စု၊ အုပ္ဖိုလ်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးဝဏ္ဏစိုးက အောက်တိုဘာလ ၅ ရက်က ပြုလုပ်သည့် တရားခွင်တွင် ထွက်ဆိုထားဖူးသည်။
တရားလိုရှေ့နေ ဒေါ်စန်းစန်းမြင့် က “ဒီနေ့ အစစ်ဆေးခံတဲ့ ဆရာဝန်ကလည်း ဆေးစာထဲမှာပါတဲ့အတိုင်း၊ သက်သေခံ သွင်းထားတဲ့ အထောက်အထားအတိုင်း နှုတ်သက်သေခံချက်က တထပ်တည်း ကွက်တိပဲထွက်သွားတယ်” ဟု ဧရာဝတီကို ပြောသည်။
မကရင်မ သေဆုံးမှုနှင့် ပတ်သက်၍ သံသယရှိသူ အရာရှိကတော် ဒေါ်သိင်္ဂီစုကို လူသတ်မှု ပုဒ်မ ၃၀၂ ဖြင့် တရားစွဲဆိုထားသည်။
အသက် ၃၈ နှစ်အရွယ် သေဆုံးသူ မကရင်မမှာ လှည်းကူးမြို့နယ်၊ အင်းတိုင် သံချပ်ကာတပ်ရင်း အရာရှိ ရိပ်သာရှိ တပ်မတော် အရာရှိ တဦးနေအိမ်တွင် အိမ်အကူ လုပ်ကိုင်ခဲ့သူဖြစ်ကာ ကလေး ၄ ဦး၏ မိခင်လည်း ဖြစ်သည်။
မေလ ၁၉ ရက်က ခန္ဓာကိုယ် အနှံ့အပြား ဒဏ်ရာများဖြင့် မကရင်မကို တွံတေးမြို့နယ် ခတ္ထိယကျေးရွာအုပ်စု၊ အုပ္ဖိုလ်ကျေးရွာရှိ ၎င်းနေအိမ်သို့ တပ်မတော် အရာရှိ၏ ဇနီး၊ ဥပဒေအရာရှိလည်းဖြစ်သည့် ဒေါ်သိင်္ဂီစုက လာရောက် ပို့ဆောင်ခဲ့ပြီး နောက်ထပ် ၁ နာရီခန့် အကြာတွင် သေဆုံးသွားခြင်း ဖြစ်သည်။
မကရင်မမှာ အူပေါက်သည့် နေရာအနီး အပြင်ဘက် ဝမ်းဗိုက်နှင့် ဦးခေါင်းအပါအဝင် ခန္ဓာကိုယ်ပြင်ပတွင်လည်း တုံးသော ပစ္စည်းတခုခုဖြင့် ထိခိုက်မိသော ညိုမဲစွဲ ဒဏ်ရာများ၊ စုတ်ပြဲ ဒဏ်ရာမျာ တွေ့ရှိရကြောင်းလည်း တွံ့တေးမြို့နယ်၊ ကုသရေးဦးစီးဌာနမှူး ဒေါက်တာနေဝင်းသွင်က မကရင်မ သေဆုံးမှုဖြစ်ပြီး မေလအတွင်းက ဧရာဝတီသို့ အတည်ပြု ပြောကြားထားသည်။
ဆက်စပ်သတင်း –
အိမ်အကူမကရင်မ သေဆုံးမှု အရာရှိကတော်ကို ပုဒ်မ ၃၀၂ ဖြင့် အမှုစွဲတင်
မကရင်မ အမှု ဓာတ်ပုံ၊ ရုပ်သံ ရိုက်ကူးခွင့် တားမြစ်ရန် တပ်မတော် အရာရှိ စာပို့
သေဆုံးသူ မကရင်မ ကိုယ်ခန္ဓာတွင်ဒဏ်ရာများတွေ့ကြောင်း တရားလိုသက်သေထွက်ဆို