ကောင်းမွန်သော ငြိမ်းချမ်းရေး အခင်းအကျင်းကို ဖန်တီးနိုင်ရန်အတွက် စစ်ရေးဆိုင်ရာဆောင်ရွက်မှုများကို ဦးစွာရပ်တန့်ပြီး စစ်ရေးနည်းလမ်းမှအပ နိုင်ငံရေးနည်းလမ်းအရ ဆောင်ရွက်ရန်ဆန္ဒရှိကြောင်း မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့က ယနေ့ ကြေညာချက် ထုတ်ပြန်လိုက်သည်။
မြောက်ပိုင်း မဟာမိတ် ၃ ဖွဲ့မှာ တအာင်း (ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA)၊ မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ် တပ်မတော် (MNDAA) နှင့် ရက္ခိုင့်တပ်မတော် (AA) တို့ဖြစ်ပြီး ရှမ်းပြည်နယ်မြောက်ပိုင်း အပါအဝင် ရခိုင်ပြည်နယ်၊ ချင်းပြည်နယ် တို့တွင် တပ်မတော်နှင့် တိုက်ပွဲများ ဖြစ်ပွားနေသည့် အဖွဲ့များ ဖြစ်သည်။
အဆိုပါ ထုတ်ပြန် ကြေညာချက်မှာ တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်၊ ကူမင်း၌ အစိုးရ၏ ငြိမ်းချမ်းရေးကော်မရှင် (PC) နှင့် မြောက်ပိုင်း မဟာမိတ် သုံးဖွဲ့မှ ခေါင်းဆောင်များ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဆိုင်ရာကိစ္စများကို ဒီဇင်ဘာ ၁၂ ရက်က တွေ့ဆုံဆွေးနွေးပြီးနောက် ကြေညာလိုက်ခြင်း ဖြစ်သည်။
မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့က စစ်ရေးနည်းလမ်းဖြင့် နိုင်ငံရေးပြဿနာကို အကျေအလည် ဖြေရှင်းရန် မဖြစ်နိုင်ကြောင်းနှင့် နှစ်ပေါင်း (၇၀) ကျော် တိုင်းရင်းသားလက်နက်ကိုင် ပဋိပက္ခများက သက်သေပြခဲ့ပြီး ဖြစ်ကြောင်းလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
“စစ်ရေးဆိုင်ရာ ဆောင်ရွက်မှုများကို ဦးစွာရပ်တန့်ပြီး စစ်ရေးနည်းလမ်းမှအပ နိုင်ငံရေးနည်းလမ်းအရ ဆောင်ရွက်ရန် ဆန္ဒရှိပါသည်။ ထို့အတူ မြန်မာ့တပ်မတော်ဖက်မှလည်း စစ်ပွဲများ ချုပ်ငြိမ်းစေရန် ဆောင်ရွက်မည်ဟု စိတ်ရင်းမှန်ဖြင့် မျှော်လင့်ပါသည်” ဟု ထုတ်ပြန်ချက်မှတဆင့် မဟာမိတ် ၃ ဖွဲ့က ဆိုထားသည်။
ယင်း ထုတ်ပြန်ချက်ကို TNLA နှင့် AA တို့၏ သတင်းနှင့် ပြန်ကြားရေး လူမှုကွန်ရက် စာမျက်နှာများတွင် လွှင့်တင်ထားပြီး ဖြစ်သည်။
သို့သော် တပ်မတော်နှင့် ဖြစ်ပွားနေသည့် တိုက်ပွဲများနှင့် ပတ်သက်၍ မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့ဘက်မှ ဦးစွာ ရပ်တန့်မည် ဟုတ်၊ မဟုတ်ကို မေးမြန်းနိုင်ရန်အတွက် ဧရာဝတီက ၎င်းအဖွဲ့များထံ ဆက်သွယ်ခဲ့သော်လည်း ဖုန်းအဆက်အသွယ် မရခဲ့ပေ။
နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင် က “စစ်ရပ်စဲမှုကို ဘယ်သူက လုပ်ဆောင်ရမှာလဲဆိုတော့ ဒီစစ်ဆင်ရေးတွေကို လုပ်ဆောင်နေတဲ့ အဖွဲ့အစည်းဘက်က စပြီးလုပ်ရမှာပါ။ အဲဒီလိုသာ တပ်မတော်က စပြီးလုပ်မယ်ဆိုရင် ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ ယုံကြည်မှုတွေ ပြန်လည် အားကောင်း လာပြီးတော့ ပိုပြီးတော့ အသက်ဝင်လာနိုင်ပါတယ်။ အဲဒီလိုမှ မဟုတ်ဘဲ မီးစတဖက် ရေမှုတ်တဖက်နဲ့ ဖြေရှင်းလာတာ အနှစ်(၇၀) ရှိပါပြီ။ နောက် အနှစ် (၁၀၀) ပြည့်လည်း ပြီးမှာ မဟုတ်ပါဘူး” ဟု ပြောသည်။
“စစ်ရေးပဋိပက္ခနှင့် နိုင်ငံရေး ပြဿနာများကို တွေ့ဆုံဆွေးနွေးမှုများမှ တဆင့် ဖြေရှင်းနိုင်ရန် ဆန္ဒရှိပါသည်။ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် ပါဝင်လာနိုင်ရန် အတွက် မိမိတို့ အဖွဲ့ သုံးဖွဲ့သည် FPNCC ၏ တိုက်တွန်းမှုနှင့် တရုတ်နိုင်ငံ၏ ကြားဝင်ညှိနှိုင်း စီစဉ်ပေးမှုများအရ PC နှင့် တွေ့ဆုံဆွေးနွေး ညှိနှိုင်းမှုများ ဆက်လက် ဆောင်ရွက်လျက်ရှိပါသည်” ဟု မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့က ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ထို့ပြင် အစိုးရက အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဆောင်ရွက်ရန် အပြုသဘောဆောင်သည့် ကြိုးပမ်းမှုကို ကြိုဆိုထောက်ခံသည်ဟုလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
အစိုးရ ငြိမ်းချမ်းရေး ကော်မရှင်ကလည်း မဟာမိတ် ၃ ဖွဲ့၏ ထုတ်ပြန်ချက်အပေါ် လှိုက်လှဲစွာကြိုဆိုထောက်ခံကြောင်းနှင့် နိုင်ငံရေးနည်းလမ်းအရ ဆွေးနွေး ညှိနှိုင်းရေး ကိစ္စများကို ဆက်လက်ညှိနှိုင်း ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်ကြောင်း ယနေ့ ရက်စွဲဖြင့် သတင်းထုတ်ပြန်ထားသည်။
ထို့အတူ ငြိမ်းချမ်းရေး ကော်မရှင် အနေဖြင့် တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) တွင် လက်မှတ်ရေးထိုးရန် ကျန်ရှိနေသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ ပူးပေါင်းပါဝင်လာနိုင်ရေးအတွက် တွေ့ဆုံဆွေးနွေး ညှိနှိုင်းမှုများမှတဆင့် ဆက်လက်ဆောင်ရွက်သွားမည်ဟု ကြေညာချက်တွင် ဖော်ပြထားသည်။
မဟာမိတ် ၃ ဖွဲ့သည် “ဝ” ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA)၊ အမျိုးသားဒီမိုကရေစီမဟာမိတ် တပ်မတော်(NDAA)၊ ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP)၊ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) တို့ဖြင့် ဖွဲ့စည်းထားသော ပြည်ထောင်စု နိုင်ငံရေးဆွေးနွေးညှိနှိုင်းရေး ကော်မတီ (FPNCC) အဖွဲ့ဝင်များ ဖြစ်သည်။
မဟာမိတ် ၃ ဖွဲ့အား လက်နက်ကိုင် လမ်းစဉ် စွန့်လွှတ်ကြောင်း ထုတ်ပြန်မှသာလျှင် ငြိမ်းချမ်းရေး ဆွေးနွေးမည်ဟု အစိုးရနှင့် တပ်မတော်က သဘောထား ပေးခဲ့ဖူးသော်လည်း ယခုနောက်ပိုင်းကျမှသာ အလွတ်သဘော တွေ့ဆုံမှုများကို PC မှတဆင့် လုပ်ဆောင်လာခြင်း ဖြစ်သည်။
သု့ိသော် မဟာမိတ် ၃ ဖွဲ့ဘက်မှ ထုတ်ပြန်ပေးရမည့် ထုတ်ပြန်ချက်နှင့် ပတ်သက်၍ အစိုးရ၊ တပ်မတော်တို့နှင့် နှစ်ဖက် သဘောတူ လက်ခံနိုင်သည့် အချက်များကို တွေ့ဆုံဆွေးနွေး ညှိနှိုင်းနေဆဲ ဖြစ်သည်ဟု သိရသည်။
ဆက်စပ်သတင်း –
မြောက်ပိုင်းမဟာမိတ် သုံးဖွဲ့နှင့် အစိုးရ တရုတ်နိုင်ငံတွင် ဆွေးနွေးမည်
မြောက်ပိုင်း မဟာမိတ် ၃ ဖွဲ့နှင့် ငြိမ်းချမ်းရေး ကော်မရှင် တရုတ်တွင် တွေ့မည်
မြောက်ပိုင်း မဟာမိတ် ၃ ဖွဲ့နှင့် အစိုးရ တစ်ဆို့မှုများ ကျော်လွှားနိုင်ရေး ဆွေးနွေး