အိန္ဒိယ အစိုးရနှင့် အိန္ဒိယ ပြည်သူများအနေဖြင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်၊ အမျိုးသားပြန်လည် သင့်မြတ်ရေးနှင့် စီးပွားရေး ပြန်လည် ကောင်းမွန်ရေးအတွက် စိန်ခေါ်မှုများနှင့် ရင်ဆိုင်နေရသည့် မြန်မာနိုင်ငံဘက်မှ ရပ်တည်ကြောင်း အိန္ဒိယ သမ္မတ ရှရီ ရမ်နက်သ် ကိုဗင့်ဒ် က ပြောသည်။
သမ္မတ ဦးဝင်းမြင့်၏ ဖိတ်ကြားချက်အရ မြန်မာနိုင်ငံသို့တရားဝင်ချစ်ကြည်ရေး ခရီးရောက်ရှိနေသော သမ္မတ ရှရီ ရမ်နက်သ် ကိုဗင့်ဒ် က နေပြည်တော်ရှိ နိုင်ငံတော်သမ္မတ အိမ်တော်၌ ဒီဇင်ဘာ ၁၁ ရက်နေ့ညက ပြုလုပ်ခဲ့သော ဂုဏ်ပြု ညစာ စားပွဲ အခမ်းအနား နှုတ်ခွန်းဆက်စကားတွင် ထည့်သွင်းပြောဆိုသွားသည်။
သမ္မတ ရှရီ ရမ်နက်သ် ကိုဗင့်ဒ် က“မြန်မာနိုင်ငံရှိ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်၊ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် စီးပွား ရေး ပြန်လည်ကောင်းမွန်ရေး အတွက် ရင်ဆိုင်ရသော စိန်ခေါ်မှုများကို အိန္ဒိယ နိုင်ငံအနေဖြင့် သတိပြုမိကြောင်း၊ အိန္ဒိယ အစိုးရ နှင့် ပြည်သူများက မြန်မာနိုင်ငံဘက်မှ ရပ်တည်နေကြကြောင်း”ဟု ပြောဆိုသည်ကို မြန်မာ သမ္မတရုံးက သတင်း ထုတ်ပြန် ထားသည်။
မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နှင့် ညီညွတ်ရေး ဆောင်ရွက်ခြင်းများကို အိန္ဒိယနိုင်ငံအနေဖြင့် အပြည့်အဝ ထောက် ခံကြောင်း၊ အဆိုပါ အချက်များသည် မိမိတို့အားလုံးအတွက် အခြေခံအကျိုးစီးပွားများလည်း ဖြစ်ပြီး ယင်း အချက်များ မရှိဘဲ အိန္ဒိယနိုင်ငံအနေဖြင့် မြန်မာနိုင်ငံနှင့် ထိစပ်နေသော အရှေ့မြောက်ဒေသရှိ မိမိတို့ပြည်သူများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ချမ်းသာကြွယ်ဝရေး တို့ကို ဖော်ဆောင်နိုင်မည် မဟုတ်ကြောင်း သမ္မတ ရှရီ ရမ်နက်သ် ကိုဗင့်ဒ် က ပြောသည်။
သမ္မတ ဦးဝင်းမြင့်ကလည်း မိမိတို့အနေဖြင့် အိန္ဒိယနိုင်ငံ၏“အရှေ့နှင့် ထိတွေ့ ဆက်ဆံရေး” နှင့် “အိမ်နီးချင်း ဦးစားပေးရေး” ဆိုသည့် မူဝါဒများအပေါ် အခြေခံပြီး နိုင်ငံခြားဆက်ဆံရေးကဏ္ဍတွင် မြန်မာနိုင်ငံကို ဦးစားပေးအဖြစ် သတ်မှတ်ပြီး ဆက်ဆံဆောင်ရွက် နေသည့် အတွက် ကျေးဇူးတင်ကြောင်း ပြောသည်။
သမ္မတ ဦးဝင်းမြင့်က“မြန်မာနိုင်ငံသည် ဒေသတွင်းနှင့် အပြည်ပြည် ဆိုင်ရာ အစည်းအဝေး များတွင် အိန္ဒိယနိုင်ငံက မြန်မာနိုင်ငံအပေါ် ထောက်ခံကူညီမှုပေးခြင်း အတွက် အသိအမှတ်ပြုကြောင်းနှင့် ကျေးဇူးအထူးတင်ရှိကြောင်း” ပြော သည်။
သမ္မတ ဦးဝင်းမြင့်နှင့် သမ္မတ ရှရီရမ်နက်သ် ကိုဗင့်ဒ် တို့သည် ဒီဇင်ဘာ ၁၁ ရက်နေ့ နံနက်ပိုင်းက နေပြည်တော်ရှိ နိုင်ငံတော် သမ္မတ အိမ်တော် သံတမန်ဆောင်ဧည့်ခန်းမ၌ တွေ့ဆုံဆွေးနွေးခဲ့ကြပြီး ၂ နိုင်ငံကြား နားလည်မှု စာချွန် လွှာများ လက်မှတ်ရေးထိုးခဲ့ကြသည်။
အဆိုပါ လက်မှတ်ရေးထိုးပွဲတွင် ၂ဝ၁၈ – ၂ဝ၂၁ ခုနှစ်ကာလအတွက် ၂ နိုင်ငံ အစိုးရတို့ကြား သိပ္ပံနှင့် နည်းပညာ ပူးပေါင်းရွက်မှု အစီအစဉ်ကို ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မျိုးသိမ်းကြီးနှင့် အိန္ဒိယ သမ္မတ နိုင်ငံ သံအမတ်ကြီး ရှရီ ဗစ်ခရမ် မစ်ဆရီ တို့က နှစ်နိုင်ငံ သမ္မတ ၂ ဦး ရှေ့မှောက်တွင် လက်မှတ် ရေးထိုးခဲ့ကြသည်။
အလားတူ ပြည်ထောင်စု တရားသူကြီးချုပ်ရုံးနှင့် အိန္ဒိယသမ္မတနိုင်ငံ အမျိုးသား တရားစီရင်ရေး အကယ်ဒမီတို့ကြား လက်မှတ်ရေးထိုးသည့် မြန်မာ တရားသူကြီးများနှင့် တရားရေးအရာရှိများ အတွက် သင်တန်းပေးခြင်းနှင့် စွမ်းဆောင် ရည် မြှင့်တင်ရေးဆိုင်ရာ နားလည်မှု စာချွန်လွှာကို ပြည်ထောင်စု တရားသူကြီးချုပ်ရုံး အမြဲတမ်း အတွင်းဝန် ဦးကိုကိုနိုင် နှင့် အိန္ဒိယ သမ္မတနိုင်ငံ သံအမတ်ကြီး ရှရီ ဗစ်ခရမ် မစ်ဆရီတို့က လက်မှတ်ရေးထိုးခဲ့ကြသည်။
ထို့အပြင် ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသွားသူများ ပြန်လည်နေရာချထားရေး အတွက် အိန္ဒိယဘက်မှ ထောက်ပံ့ ပေးလျက်ရှိသည့် တည်ဆောက်ပြီးအိမ် Prefabricated Houses အလုံး ၂၅ဝ အနက် အိမ်အလုံး ၅ဝ ကို အိန္ဒိယ သမ္မတ နိုင်ငံကိုယ်စား သံအမတ်ကြီး ရှရီ ဗစ်ခရမ် မစ်ဆရီ က လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးထံ လွှဲပြောင်းပေးအပ်သည်။
သမ္မတ ဦးဝင်းမြင့်နှင့် သမ္မတ ရှရီရမ်နက်သ် ကိုဗင့်ဒ် တို့သည် ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်ရေး၊ မြန်မာနိုင်ငံမှ ပဲမျိုးစုံ တင်ပို့ နိုင်ရေးအတွက် သီးသန့်ကိုတာ (Quota) ခွင့်ပြုရေး၊ စိုက်ပျိုးရေး၊ မွေးမြူရေး ကဏ္ဍများ အကူအညီ ပေးရေး၊ သတင်းအချက်အလက်နှင့် ဆက်သွယ်ရေး နည်းပညာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး၊ နေရောင်ခြည် စွမ်းအင်ကို ကျယ်ကျယ်ပြန့်ပြန့် သုံးစွဲနိုင်ရေး၊ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ကဏ္ဍ ပူးပေါင်း ဆောင်ရွက်ရေး၊ နယ်စပ်ဒေသ ပြည်သူ များ ၏ ဘဝ လုံခြုံအေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေး တို့ကို ဆွေးနွေးခဲ့ကြသည်။
ထို့အတူ ဒေသတွင်းနှင့် နိုင်ငံတကာတွင် အိမ်နီးချင်းကောင်း စိတ်ဓာတ်ဖြင့် အပြန်အလှန် ရိုင်းပင်းကူညီရေး တို့ အတွက် အကူအညီပေးရေး၊ ကုလားတန်မြစ်ဘက်စုံစီမံကိန်း အောင်မြင်စွာ အကောင်အထည်ဖော်ရေး၊ ရခိုင်ပြည်နယ် ဖွံ့ဖြိုး တိုးတက်ရေးနှင့် နေရပ်စွန့်ခွာသူများပြန်လည်နေရာချထားရေးအတွက် အိန္ဒိယ သမ္မတနိုင်ငံဘက်မှ ကူညီ ထောက်ပံ့ ပေးနေမှုနှင့် ငလျင်ဒဏ်ကြောင့် ပျက်စီးမှုဖြစ်ပေါ်ခဲ့သည့် ပုဂံ ဘုရားများ ပြုပြင်မွမ်းမံရေးတွင် အကူအညီ ပေးနေသည့် ကိစ္စ၊ နှစ်နိုင်ငံပြည်သူများ ပိုမိုရင်းနှီး ချစ်ကြည်မှုနှင့် ပူးပေါင်းဆောင်ရွက်မှု ခိုင်မြဲ တိုးတက်စေရေး၊ အိန္ဒိယ နိုင်ငံသား ခရီးသွားများ အတွက် မြန်မာနိုင်ငံဘက်မှ ဆိုက်ရောက်ဗီဇာ ထုတ်ပေးခဲ့ခြင်း ကိစ္စတို့လည်း ပါဝင်ကြောင်း သိရသည်။
သမ္မတ ရှရီရမ်နက်သ် ကိုဗင့်ဒ် သည် ထိုနေ့နံနက်ပိုင်း သမ္မတ ဦးဝင်းမြင့်နှင့် တွေ့ဆုံအပြီးတွင် နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံတော်သမ္မတအိမ်တော် သံတမန် ဆောင်ဧည့်ခန်းမဆောင်တွင် တွေ့ဆုံခဲ့ပြီး နှစ်နိုင်ငံကြား ဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရေး၊ မြန်မာနိုင်ငံ၏ ဒီမိုကရေစီ အသွင် ကူးပြောင်းရေးနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တို့အား အိန္ဒိယသမ္မတနိုင်ငံမှ ထောက်ခံပြီး ဆက်လက် အကူအညီ ပေးအပ် သွားရေး ဆွေးနွေးခဲ့ကြသည်။
အလားတူ နှစ်နိုင်ငံနယ်စပ်ဒေသနေ ပြည်သူများ တည်ငြိမ်အေးချမ်းမှုနှင့် ဖွံ့ဖြိုးတိုးတက်မှု ရရှိရေးအတွက် နယ်စပ် ဒေသ ဖွံ့ဖြိုးတိုးတက်ရေး၊ ကုန်သွယ်မှု အပြန်အလှန် မြှင့်တင်ရေးနှင့် အခြေခံအဆောက် အအုံများ ပိုမိုကောင်းမွန်ရေး တို့အတွက် ဆက်လက်ပူးပေါင်း ဆောင်ရွက်သွားရေး၊ နှစ်နိုင်ငံကြား ပညာရေး၊ ကျန်းမာရေး၊ စိုက်ပျိုးရေးနှင့် စီးပွားရေး ဆိုင်ရာ ကိစ္စများတွင် ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရေးတို့ ပါဝင်သည်။
ဆွေးနွေးချက်များထဲတွင် အိန္ဒိယသမ္မတနိုင်ငံ သံရုံး နေပြည်တော်သို့ ပြောင်းရွှေ့ဖွင့်လှစ်နိုင်ရေးအတွက် နေပြည်တော် တွင် ယာယီဆက်ဆံရေးရုံး ဖွင့်လှစ်ရေး၊ ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသွားသူများ ပြန်လည်လက်ခံရေး လုပ်ငန်းစဉ်နှင့် တရားဥပဒေစိုးမိုးရေးဆိုင်ရာကိစ္စရပ်များအတွက် မြန်မာနိုင်ငံ၏ ကြိုးပမ်း ဆောင်ရွက်မှုများတွင် အိန္ဒိယသမ္မတနိုင်ငံမှ ဆက်လက်ပူးပေါင်းဆောင်ရွက်ရေးကိစ္စရပ်များလည်း ပါဝင်သည်။
ထို့ပြင် နှစ်နိုင်ငံပြည်သူများကြား ပိုမိုထိတွေ့ဆက်ဆံရေးနှင့် ကမ္ဘာလှည့်ခရီးသွား လုပ်ငန်း တိုးမြင့်လာစေရေး အတွက် မြန်မာနိုင်ငံသို့ လေကြောင်းခရီးဖြင့် လာရောက် လည်ပတ်သည့် အိန္ဒိယနိုင်ငံသား ကမ္ဘာလှည့်ခရီးသည် များအား ဆိုက်ရောက် ဗီဇာ (ကမ္ဘာလှည့်) အား ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ ၁ ရက်နေ့မှ စတင်၍ ခွင့်ပြုလျက်ရှိမှု အပေါ် ကျေးဇူး တင် ကြောင်း သမ္မတ ရှရီရမ်နက်သ် ကိုဗင့်ဒ် က ဒေါ်အောင်ဆန်းစုကြည်အား ပြောသည်။
အိန္ဒိယ သမ္မတ ရှရီ ရမ်နက်သ် ကိုဗင့်ဒ် H.E Shri Ram Nath Kovind ၏ မြန်မာနိုင်ငံ ခရီးစဉ်သည် ဒီဇင်ဘာ ၁၀ ရက်နေ့မှ ၁၄ ရက်နေ့ အထိ ၅ ရက်ကြာမြင့်မည်ဖြစ်ပြီး ၎င်းအတွက် ပထမဆုံး ခရီးစဉ်လည်း ဖြစ်သည်။
ထိုခရီးစဉ်အတွင်း နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့နှင့် တွေ့ဆုံခဲ့သော်လည်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် တွေ့ဆုံမှု ရှိမရှိ သတင်း ထွက်ပေါ်လာခြင်း မတွေ့ရသေးပေ။
သမ္မတ ရှရီ ရမ်နက်သ် ကိုဗင့်ဒ် နှင့် ဇနီးတို့သည် ဒီဇင်ဘာ ၁၂ ရက်နေ့ မွန်းလွဲပိုင်းက ရန်ကုန်မြို့သို့ရောက်ရှိလာပြီး သူ၏ ခရီးစဉ်အတွင်း ရွှေတိဂုံစေတီသို့ သွားရောက် ဖူးမြော်ကာ အာဇာနည်ဗိမာန်သို့လည်း သွားမည်ဟု ဆိုသည်။
ထို့အတူ ရန်ကုန်မြို့ ရွှေတိဂုံဘုရားအနီး ဇီဝကလမ်းပေါ်တွင် ရှိသော အိန္ဒိယဘုရင် ဗဟာဒူး ရှားဇဖား Bahadur Shah Zafar ၏ ဂူဗိမာန်ကိုလည်း သွားရောက်မည်ဖြစ်ကြောင်း သိရသည်။
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရ လက်ထက်တွင် အိန္ဒိ – မြန်မာ နှစ်နိုင်ငံ ဆက်ဆံရေး ပိုမိုကောင်းမွန် လာ သည်ကို တွေ့ရပြီး နှစ်နိုင်ငံထိပ်တန်း ခေါင်းဆောင်များကြား အပြန်အလှန် လည်ပတ်မှုများရှိခဲ့ရာ ရခိုင်ပြည်နယ် မြောက် ပိုင်း ပဋိပက္ခနှင့် ပတ်သက်ပြီး နိုင်ငံတကာဖိအားများ ရင်ဆိုင်နေရချိန်တွင် အိန္ဒိယ ဝန်ကြီးချုပ် မိုဒီလည်း မြန်မာနိုင်ငံ ကို ရောက်ရှိလာခဲ့သေးသည်။