သမ္မတ အီမန်ညူယယ် မက်ခရွန်က လိုက်လျောမှုများ ထုတ်ပြန်ပေးခဲ့ပြီး နောက်တရက်တွင် ပြင်သစ်နိုင်ငံမှ “yellow vest” အင်္ကျီဝါများ ဟု သိကြသည့် အစိုးရဆန့်ကျင်ရေး ဆန္ဒပြသူ အများအပြားက သူတို့၏ ဆန္ဒပြပွဲများကို ဆက်လက်ပြုလုပ်သွားမည် ဖြစ် ကြောင်း အခိုင်အမာပြောကြားခဲ့ကြသည်။ သမ္မတ၏ လိုက်လျောမှုများကြောင့် အစိုးရအနေဖြင့် ယူရို ၁၁ ဘီလီယံ (အမေ ရိကန်ဒေါ်လာ ၁၂.၅ ဘီလီယံ) ကုန်ကျမည်ဟု ခန့်မှန်းရသည်။
ဒီဇင်ဘာလ ၁၀ ရက်နေ့ညက တိုင်းပြည်သို့ပြောကြား သည့် မိန့်ခွန်းတခုတွင် သမ္မတ အီမန်ညူယယ် မက်ခရွန်က အနည်းဆုံး လုပ်ခလစာ တိုးမြှင့်ရေး၊ ပင်စင်စားများ နှင့် အချိန်ပိုလုပ်ခများအပေါ်တွင် အခွန်စည်းကြပ်မှုလျှော့ပေါ့ပေးရေး အပါအဝင် လုပ်ဆောင်မည့်အချက် အများအပြားကို ထည့်သွင်းပြောကြားသွားခဲ့သည်။
သူ၏ သမ္မတသက်တမ်း အတွင်းတွင် အရေးအကြီးဆုံး အကျပ်အတည်းကို ရင်ဆိုင်နေရသည့် အသက် ၄၀ အရွယ် အလယ်အလတ် ဝါဒီသမား သမ္မတ အီမန်ညူယယ် မက်ခရွန်က သူ၏နှစ်သိမ့်မှုများက ပြီးခဲ့သည့် ၃ ပတ် ကာလအတွင်းတွင် လမ်းများပေါ်သို့ ဒေါသတကြီးရောက်ရှိလာကြသော ကျေးလက်ဒေသနှင့် မြို့ငယ်များမှ ဝင်ငွေနည်း မိသားစုများကို ကျေနပ်စေလိမ့်မည်ဟု မျှော်လင့်နေသည်။
လူ ၂၃ သန်းကြည့်ရှုခဲ့သည့် ၁၃ မိနစ်ကြာ မိန့်ခွန်းပြီးပြီးချင်းတွင် ကောက်ယူခဲ့သည့် သဘောထား စစ်တမ်းများက အင်္ကျီဝါများ အပေါ် ထောက်ခံမှု သိသိသာသာ ကျဆင်းသွားကြောင်း ဖော်ပြနေသည်။ သို့သော်လည်း စစ်တမ်း၏ တဝက်ခန့်က သူတို့ကို ဆက်လက် ဆန္ဒပြစေချင်နေကြသည်။
ဒီဇင်ဘာလ ၁၅ ရက်နေ့တွင် ဆန္ဒပြပွဲများ နောက်တကြိမ်ပြုလုပ်ရန် ရှိပြီး အစိုးရကလည်း အကြမ်ဖက်မှုများ ပိုမိုဖြစ်ပွားမလာရေး အတွက် ကြိုးစားနေသည်။
ဒီဇင်ဘာလ ၈ ရက်နေ့က တနိုင်ငံလုံး အတိုင်းအတာဖြင့် ပေါ်ပေါက်ခဲ့သည့် ဆန္ဒပြပွဲများတွင် လူ ၁၃၆၀၀၀ ပါဝင်ခဲ့ပြီး ပါရီ၊ မာဆေးနှင့် တူးလော့စ် အပါအဝင် မြို့အများအပြားတွင် ဆန္ဒပြသူများနှင့် လုံခြုံရေးတပ်ဖွဲ့များကြား အချင်းဖြစ်ပွားမှုများ ရှိခဲ့ကြောင်း ပြည်ထဲရေး ဝန်ကြီးဌာနက ပြောသည်။
လောင်စာခွန်များ မြှင့်တင်ခြင်းနှင့် ပတ်သက်၍ စတင်ပေါ်ပေါက်ခဲ့ပြီး နောက်ပိုင်းတွင် သမ္မတ အီမန်ညူယယ် မက်ခရွန်၏ အစီအစဉ်နှင့် အုပ်ချုပ်မှုနည်းလမ်းကို တနိုင်ငံလုံး အတိုင်းအတာဖြင့် ဆန့်ကျင်သည်အထိ ကြီးထွားသွားခဲ့သော ဆန္ဒပြပွဲ များ စတင်သည့် အချိန်မှ စတင်၍ လူ ၅ ဦး သေဆုံးခဲ့ပြီး ဖြစ်သည်။
လူ ၁၄၀၀ ကျော် ထိခိုက် ဒဏ်ရာ ရရှိခဲ့သည်။
ယခုအချိန်အထိ သူ၏ အခွန်နှင့် စီးပွားရေး ပြုပြင်ပြောင်းလဲရေးများကို အားသွန်ခွန်စိုက် ကာကွယ်နေခဲ့သော ရင်းနှီးမြှုပ်နှံမှု ဘဏ်လုပ်ငန်းရှင်ဟောင်း အီမန်ညူယယ် မက်ခရွန်အတွက် ယခုလိုက်လျောပေးရမှုများက အကြီးအကျယ် နောက်ဆုတ်ပေးရခြင်း ဖြစ်သည်။
နောက်လာမည့်နှစ်တွင် အနည်းဆုံးလုပ်ခလစာကို ယူရို ၁၀၀ တိုးပေးရန် အပါအဝင် အရေးယူဆောင်ရွက်ချက် အသစ်များ က ယူရို ၁၁ ဘီလီယံ အထိ ကုန်ကျမည်ဟု မျှော်လင့်ရပြီး ပြင်သစ်နိုင်ငံကို ဥရောပသမဂ္ဂ(EU) နှင့် ထိပ်တိုက်တွေ့မည့် လမ်းကြောင်းပေါ်သို့ ပို့ဆောင်ပေးဖွယ်ရာ ရှိနေသည်။
ယူရို ဘုံငွေကြေး၏ အခြေခံ ဥပဒေသများအရ ပြင်သစ်နိုင်ငံ အနေဖြင့် ၎င်း၏ ဘဏ္ဍာရေးလိုငွေပြမှုကို GDP ၏ ၃ ရာခိုင် နှုန်း အောက်တွင် ထိန်းထားရန် တာဝန်ရှိသည်။ ၂၀၁၇ ခုနှစ် အထိ ပြင်သစ်နိုင်ငံက ထိုတာဝန်ကို အကြိမ်ကြိမ် ပျက်ကွက် ခဲ့ပြီး ဖြစ်သည်။
“ပထမအဆင့်မှာ ဘဏ္ဍာရေး လိုငွေပြမှုတခု ရှိလာပါလိမ့်မယ်။ ကျနော်တို့ ရှင်းအောင်လုပ်ဖို့ လိုပါတယ်။ အဲဒါက အထင် အရှားပါ။ ဦးစားပေး မေးခွန်းတခုပါ။” ဟု ပြင်သစ် သဘာဝ ပတ်ဝန်းကျင်ရေးရာ ဝန်ကြီး ဖရန်ဆွာဒီရူဂီက Classique ရေဒီယိုသို့ ဒီဇင်ဘာလ ၁၁ ရက်နေ့တွင် ပြောကြားခဲ့သည်။
ပြင်သစ်နိုင်ငံက (ပြီးခဲ့သည့်နှစ်အထိ ဆယ်စုနှစ်တခုကျော် ၎င်းတို့ လုပ်ခဲ့သလို) EU ၏ ဘတ်ဂျက် စည်းကမ်းများကို နောက်တကြိမ် ချိုးဖောက်ဖွယ်ရာ အလားအလာက ဥရောပတွင် ပြည်သူတို့၏ ငွေကြေးသုံးစွဲမှုနှင့် ပတ်သက်၍ တင်းမာမှုများ ရှိနေချိန်တွင် ပေါ်ထွက်ခဲ့ခြင်း ဖြစ်သည်။
အီတလီနိုင်ငံမှ ညွန့်ပေါင်း အစိုးရမှာလည်း ၎င်း၏ အသုံးအစွဲ ကြီးမားသော ဘတ်ဂျက်ကို ခွင့်ပြုချက်ရရှိရေး ရုန်းကန်နေရသည်။
EU ၏ ဘတ်ဂျက်များကို စောင့်ကြည့်ထိန်းချုပ်ရေး အတွက် တာဝန်ရှိသော ဘရပ်ဆဲလ်ရှိ ဥရောပကော်မရှင်က အီတလီ အစိုးရ၏ ငွေသုံးစွဲရေး အစီအစဉ်များကို ပယ်ချခဲ့သည်။ ထိုသို့ ပြုလုပ်ခြင်းက တိုးတက်မှုကို မပေးနိုင်ဘဲ အီတလီ၏ အကြွေးများကို ပိုမိုမြင့်တက်စေလိမ့်မည် ဖြစ်သောကြောင့် ဖြစ်သည်။
ကော်မရှင်၏ စီးပွားရေး ကော်မရှင်နာ ပီယာ မော်စကိုဗီစီက ၎င်းတို့ အနေဖြင့် “ ပြင်သစ်နိုင်ငံ၏ လိုငွေပြမှု နှင့် မည်သည့် ဘဏ္ဍာရေး အစီအစဉ်ပေါ်တွင် မဆို ပြင်သစ်သမ္မတ ကြေညာချက်၏ သက်ရောက်မှုကို အနီးကပ် စောင့်ကြည့်သွားမည်ဟု AFP သတင်းဌာနသို့ ပြောသည်။
အင်္ကျီဝါ လှုပ်ရှားမှုသည် အောက်တိုဘာလအတွင်းက ဆိုရှယ်မီဒီယာမှတဆင့် စတင်ပေါ်ပေါက်ခဲ့ပြီး ပြည်သူလူထု၏ ထောက်ခံမှုကို ကျယ်ကျယ်ပြန့်ပြန့် ရရှိခဲ့သော်လည်း ဒီဇင်ဘာလ ၁၁ ရက်နေ့တွင် ထုတ်ပြန်သည့် လေ့လာမှု စစ်တမ်းများ က သဘောထားပြောင်းမှုများ ရှိနေကြောင်း ဖော်ပြနေသည်။
အီမန်ညူယယ် မက်ခရွန်၏ မိန့်ခွန်း အပြီးတွင် OpinionWay ၏ စစ်တမ်းကောက်ယူမှုကို ဖြေကြားသူ ၅၄ ရာခိုင်နှုန်းက ဆန္ဒ ပြပွဲများကို ရပ်ဆိုင်းရန် ဆန္ဒရှိနေကြောင်း ဖော်ပြနေသည်။ ထိုအချိန်တွင် Odoxa ၏ စစ်တမ်းတခုအရ ဖြေကြားသူ ၄၆ ရာ ခိုင်နှုန်းက လှုပ်ရှားမှုကို ဆန့်ကျင်ကြောင်း တွေ့ရှိရသည်။
ယခုအချိန်အထိ အကြမ်းဖျင်းအားဖြင့် ပြင်သစ် ပြည်သူ ၃ ဦးတွင် ၂ ဦးက ဆန္ဒပြပွဲများကို ထောက်ခံခဲ့သည်။
ငွေကြေးဖောင်းပွမှု ချိန်ညှိရေး အစီအစဉ်တခု အပါအဝင် အနည်းဆုံး လုပ်ခလစာကို တိုးမြှင့်ခြင်းက သန်းနှင့် ချီသည့် ဝင်ငွေ နည်းပါးသူများ၏ အိတ်အတွင်းသို့ နောက်ထပ် ယူရို ၁၂၅ ထည့်သွင်းပေးလိမ့်မည်ဟု အစိုးရပြောရေးဆိုခွင့်ရှိသူက BFM ရုပ်သံသို့ ပြောကြားခဲ့သည်။
အီမန်ညူယယ် မက်ခရွန်က အချိန်ပို လုပ်ခများအပေါ် အခွန်ကောက်ခံခြင်းကို ပယ်ဖျက်ပေးမည် ဖြစ်သလို တလလျှင် ဝင်ငွေ ယူရို ၂၀၀၀ ထက်နည်းသည့် ပင်စင်စားများကို အခွန်ကောက်ခံခြင်း ပြုတော့မည် မဟုတ်ပါ။
သို့သော်လည်း ပြီးခဲ့သည့် နှစ်အတွင်းတွင် သူက ဖျက်သိမ်းခဲ့သောကြောင့် သူ့ကို “လူချမ်းသာတို့၏ သမ္မတ” အဖြစ် နာမည်တွင်စေခဲ့သည့် ဝင်ငွေ မြင့်မားသူတို့အပေါ် ကောက်ခံသည့် “ချမ်းသာကြွယ်ဝခွန်(wealth tax)” ပြန်လည် ကျင့်သုံး ရေးကို အီမန်ညူယယ် မက်ခရွန်က ချန်လှပ်ထားခဲ့သည်။
ကိုးကား။ ။ AFP