ပြည်တွင်း၊ ပြည်ပ ဆန့်ကျင်ဘက် အင်အားစုများနှင့် အချို့ အဖွဲ့အစည်းများက တပ်မတော်၏ အခန်းကဏ္ဍများ လျော့ကျသွားစေရန် အတွက် နည်းမျိုးစုံဖြင့် နှောင့်ယှက်ဟန့်တားမှုများ ပြုလုပ်လျက်ရှိပြီး ပြိုကွဲရေးအထိ ဦးတည်လာသည်ကို အထူး သတိပြုကြရန် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောသည်။
ဒီဇင်ဘာလ ၁၂ ရက်က မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့ရှိ တပ်မတော် နည်းပညာ တက္ကသိုလ် စစ်ရေးပြကွင်း၌ ကျင်းပပြုလုပ်သည့် နည်းပညာ တက္ကသိုလ် ဗိုလ်လောင်း သင်တန်း အပတ်စဉ် ၂၀ ၏ ကျောင်းဆင်းပွဲသို့ တက်ရောက် မိန့်ခွန်း ပြောကြားစဉ် အထက်ပါအတိုင်း ထည့်သွင်း ပြောဆိုလိုက်ခြင်း ဖြစ်သည်။
“တပ်မတော် ပြိုကွဲရေးအထိ ဦးတည်ဆောင်ရွက်လာသည်ကို အထူး သတိပြုကြရမည်ဖြစ်ပြီး နိုင်ငံတကာ ဖြစ်စဉ်ဖြစ်ရပ်များအရ တပ်မတော်ပြိုကွဲသည်နှင့် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးများပါ ယိမ်းယိုင်သွားပြီး ပြည်သူများ၏ အသက် အိုးအိမ် စည်းစိမ်၊ နိုင်ငံတော် အချုပ်အခြာ အာဏာနှင့် နယ်မြေတည်တံ့ရေးတို့တွင်လည်း လုံခြုံမှု မရှိတော့သည်ကို တွေ့ကြရမည် ဖြစ်သည်” ဟု တပ်မတော်အကြီးအကဲ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က မိန့်ခွန်းတွင် ထည့်သွင်း ပြောဆိုထားသည်။
ထို့ပြင် “နိုင်ငံတကာ စစ်မှုသိပ္ပံနှင့် နည်းပညာ ဖွံ့ဖြိုးတိုးတက်လာမှုကြောင့် ခေတ်သစ်စစ်ပွဲ၏ အသွင်သဏ္ဌာန်မှာလည်း နည်းပညာ အခြေပြုပြီး နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ သဘောတရားရေး၊ ဝါဒဖြန့်ချိရေး၊ စစ်ရေး၊ သံတမန်ရေး စသည့် နည်းလမ်းများနှင့် ဘက်စုံစစ်ပွဲ Multidimensional Warfare အသွင် ဆင်နွှဲလာသည်ကို တွေ့ရှိရမည်ဖြစ်ကြောင်း” လည်း ဆိုသည်။
၎င်းက ဆက်လက်ပြီး လွတ်လပ်ရေးနှင့် အတူ ပေါ်ပေါက်လာသည့် လက်နက်ကိုင်အဖွဲ့များ၏ ရပ်တည်မှု၊ တရား ဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းမှု အပြည့်အဝ မရရှိသေးသည့် အခြေအနေများကြောင့် ပြည်သူများ လိုလားသည့် ပါတီစုံ ဒီမိုကရေစီ လမ်းကြောင်း ပျောက်ပျက်မသွားအောင် တပ်မတော်အနေဖြင့် အမျိုးသား နိုင်ငံရေး ဦးဆောင်မှု အခန်းကဏ္ဍတွင် ပါဝင်နေခြင်း ဖြစ်သည်ဟုလည်း ဆိုသည်။
တပ်ချုပ်၏ မိန့်ခွန်းအရ မည်သည့်အဖွဲ့အစည်းက တပ်မတော် ပြိုကွဲအောင် ဆောင်ရွက်နေသည်ကို မမြင်မိကြောင်းနှင့် ယင်းကဲ့သို့ ပြောဆိုချက်သည် အာဏာရှင်ဟောင်း ဗိုလ်ချုပ်နေဝင်းလက်ထက်မှစကာ ခေတ်အဆက်ဆက် ပြောဆိုနေသည့် အစဉ်အလာ မိန့်ခွန်းသာ ဖြစ်ကြောင်း စစ်ဘက် အရပ်ဘက် ဆက်ဆံရေး စောင့် ကြည့် လေ့လာသူ ဒေါက်တာ ခင်ဇော်ဝင်းက ပြောသည်။
၎င်းက “ဒီစကားတွေက ပြောနေကြတွေပဲ။ ကျနော် အမြင်မှာတော့ ပြည်တွင်းမှာရော ပြည်ပမှာရော တပ်မတော်ကို ပြိုကွဲအောင် ဘယ်သူမှ မလုပ်ပါဘူး။ အဲဒီလိုတော့ မမြင်ဘူး။ အဲဒီလိုပဲ ကောက်ချက်ချလိုက်တယ်။ တခြားကိစ္စတွေကတော့ မြန်မာပြည်မှာ ရင်ဆိုင်နေရတာက အများကြီးပဲ။ ဒါပေမယ့် တပ်မတော်ကို ရည်ရွယ်ပြီးတော့ လုပ်နေတာမျိုးတော့ မရှိဘူး” ဟု ဆိုသည်။
သို့သော် ကုလသမဂ္ဂနှင့် နိုင်ငံတကာ အသိုင်းအဝိုင်းကမူ ရခိုင်အရေး အကြောင်းပြုကာ တပ်မတော် ခေါင်းဆောင်များ အထူးသဖြင့် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ပစ်မှတ်ထား အရေးယူရန်နှင့် နိုင်ငံတကာ ရာဇဝတ်ခုံရုံး (ICC) တင်၍ အရေးယူပေးရန် တောင်းဆိုမှုများ ရှိနေသည်။
အမျိုးသား လုံခြုံရေး၊ ငြိမ်းချမ်းရေးနှင့် မဟာဗျူဟာ လေ့လာရေးအဖွဲ့ အမှုဆောင် ဒါရိုက်တာ ဦးသိန်းထွန်းဦးက “တပ်မတော်ဘက်က စိုးရိမ်မှုက တခုခုပေါ့။ ပြည်တွင်းစစ်လိုမျိုး ပြန်ဖြစ်လာမှာမျိုး၊ အချင်းချင်း ပြန်တိုက်နေရပြီးတော့ အဲဒီလိုမျိုးဖြစ်လာရင် သင်ခန်းစာယူတဲ့နေရာမှာ သူတို့အတွက်က တော်တော်လေး သတိထားစရာနဲ့ ဒုက္ခရောက်စရာ ဖြစ်ခဲ့တာကိုး။ အဲဒီအပိုင်းတွေကို မူတည်ပြီးတော့ အခုလို မိန့်ခွန်းတွေ ထွက်လာတာပဲ” ဟု ပြောသည်။