ဒီဇင်ဘာလ ၁၃ ရက်နေ့မှ စတင်ပြီး အိန္ဒိယ နိုင်ငံသားများအတွက် ဆိုက်ရောက်ဗီဇာ စတင် အသက်ဝင်မည်ဖြစ် ကြောင်း မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်မည့် အိန္ဒိလူမျိုး ကမ္ဘာလှည့်ခရီးသည်များသည် သတင်းကောင်းအဖြစ် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယ သံအမတ်ကြီး ဗစ်ကရမ် မစ်ဆရီက ကြေညာသည်။
“လိုအပ်တဲ့ လုပ်ငန်းအဆင့်ဆင့် စတင်ပြီးပြီ။ ဒီဇင်ဘာလ ၁၃ ရက်နေ့မှာ စတင် အသက်ဝင်မယ်။ ဘယ်အန္ဒိယ နိုင်ငံသားမဆို နေပြည်တော်၊ ရန်ကုန်နဲ့ မန္တလေး လေဆိပ် ၃ ခုထဲက တခုခုကိုရောက်ရင် ဆိုက်ရောက်ဗီဇာ ရယူနိုင်ပါမယ်” ဟု သတင်းထောက်များကို သူပြောသည်။
အိန္ဒိယ သမ္မတ ရမ်နတ်ကိုဗင် မြန်မာနိုင်ငံသို့ ၅ ရက်ကြာ လာရောက်စဉ်တွင် ထိုကြေညာချက် ထွက်ပေါ်လာခြင်းဖြစ်သည်။
အလားတူစွာပင် အိန္ဒိယ နိုင်ငံခြားရေးဝန်ကြီး ဗီဂျေး ဂိုခါလီကလည်း “ဒီခရီးစဉ်ရဲ့ အရေးအကြီးဆုံး ရလဒ်တွေထဲက တခုကတော့ လေကြောင်းကလာတဲ့ အိန္ဒိယ နိုင်ငံသားတွေကို ဆိုက်ရောက်ဗီဇာ ခွင့်ပြုလိုက်တာပဲ။ ဒီလို လုပ်လိုက်တဲ့အတွက် ၂ နိုင်ငံကြားမှာ ခရီးသွားလုပ်ငန်းနဲ့ ပြည်သူချင်းဆက်ဆံရေး တိုးတက်လာမယ်” ဟုပြောသည်။
ခရီးစဉ်၏ အရေးပါမှုကို မီးမောင်းထိုးပြသည့်အနေဖြင့် ဂိုခါလီက သမ္မတ ကိုဗင်သည် မြန်မာသမ္မတ ဦးဝင်းမြင့်နှင့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့နှင့် လွန်စွာကောင်းမွန်သော ဆွေးနွေးမှုများ ပြုလုပ်နိုင်ခဲ့ကြောင်းပြောသည်။
သမ္မတ၏ မြန်မာနိုင်ငံ ခရီးစဉ်သည် သမိုင်းအရ ခိုင်မာသော ဆက်ဆံရေးများနှင့်လက်ရှိနွေးထွေးသော ဆက်ဆံရေးများကို အပေါ်တွင် တည်ဆောက်ထားသည့် လွန်စွာအပြုသဘောဆောင်ပြီး အနာဂါတ်ကို မျှော်မှန်းသောလမ်းကြောင်းကို ထိန်းသိမ်းထားရန်ဖြစ်သည်ဟု သူပြောသည်။
“နိုင်ငံတော်အတိုင်ပင်ခံက အိန္ဒိယ နိုင်ငံကို ပြဿနာအားလုံးမှာ မျှတညီညွတ်တဲ့ သဘောထားရှိတဲ့ မိတ်ဆွေအဖြစ် ရည်ညွုန်း သုံးနှုန်းခဲ့တယ်။ အိန္ဒိယနိုင်ငံနဲ့ဆက်ဆံရေးဟာ အလွန်မြင့်မားတဲ့အဆင့်ကို ရောက်ရှိနေပြီးဖြစ်ပြီး နောက်လည်းပိုမို အဆင့်မြင့်လာမယ်လို့ သမ္မတ ဦးဝင်းမြင့်က ပြောတယ်။ မြန်မာနိုင်ငံရဲ့ညီညွတ်ရေးနဲ့နယ်မြေတည်တံ့ခိုင်မြဲရေးအတွက် အခိုင်အမာထောက်ခံကြောင်း ကျနော်တို့ပ ထပ်လောင်းပြောကြားခဲ့တယ်” ဟု အိန္ဒိယ နိုင်ငံခြားရေးဝန်ကြီးကပြောသည်။
အင်ဖာမှ မိုရေးနှင့် မန္တလေးမှ တမူးအထိ ဘတ်စကား ဝန်ဆောင်မှုကိုလည်း မကြာမီ စတင်နိုင်မည်ဟု မျှော်လင့်ကြောင်းသူပြောသည်။
ကုလားတန် ဘက်စုံ သယ်ယူပို့ဆောင်ရေး စီမံကိန်းသည် နောက်ဆုံးအဆင့်သို့ရောက်ရှိနေပြီဖြစ်ကြောင်း ဂိုခါလီ အသိပေးသည်။ စစ်တွေ ဆိပ်ကမ်းအတွက် လုပ်ငန်းလည်ပတ်မည့် ကုမ္ပဏီ မကြာမီကြေညာမည်ဖြစ်ကြောင်းလည်း သူပြောသည်။
မြန်မာနိုင်ငံသည် အိန္ဒိယ နိုင်ငံ၏ အရှေ့ဖက်သို့မျက်နှာမူ ပြုမူဆောင်ရွက်ရေးမူ အစိတ်အပိုင်းအဖြစ် နယူးဒေလီနှင့် ASEAN အကြား ကုန်းတွင်းနှင့် ပင်လယ်ရေကြောင်းကွင်းဆက်ဖြစ်ကြောင်းကိုလည်း အိန္ဒိယ နိုင်ငံခြားရေးဝန်ကြီးက အလေးထားပြောကြားပြီး “ကျနော်တို့ အရှေ့မြောက်အိန္ဒိယနဲ့ မြန်မာနိုင်ငံကြားမှာ နယ်စပ်ဖြတ်ကျော် ချိတ်ဆက်မှုတွေရှိတယ်။ ကျနော်တို့ရဲ့ရည်ရွယ်ချက်က အရှေ့တောင်အာရှနဲ့ အိန္ဒိယကို ချိတ်ဆက်ရေး၊ မြန်မာနိုင်ငံနဲ့ ပိုမိုခိုင်မာတဲ့ ကာကွယ်ရေး၊ လုံခြုံရေးနဲ့ စီပွားရေးဆက်ဆံမှု ထူထောင်ရေးနဲ့ ဘင်္ဂလားပင်လယ်အော် လုံခြုံရေး အာမခံချက်ရှိရေးအပါအဝင် အဓိက အချက်တွေကို အောင်မြင်အောင် လုပ်ဆောင်ဖို့ဖြစ်ပါတယ်” ဟု ရှင်းပြသည်။
အိန္ဒိယ သမ္မတသည် အန္ဒိယနိုင်ငံ၏ အကူအညီဖြစ် တည်ထောင်ထားသော နေပြည်တော်ရှိ ဆန်စပါးဇီဝပန်းခြံနှင် စိုက်ပျိုးရေး သုတေသနနှင့် ပညာရေး အဆင့်မြင့်ဌာနတို့သို့သွားရောက်ခဲ့ကြောင်း မြန်မာနိုင်ငံခရီးစဉ်အကြောင် းပြောရာတွင် ဂိုခါလီက ရှင်းပြသည်။
“ မြန်မာနိုင်ငံက အကူအညီလိုနေတဲ့ နယ်ပယ်တွေမှာ စွမ်းရည်တည်ဆောက်ရေးနဲ့ သုတေသန အတွက် အိန္ဒိယ နိုင်ငံက ဘယ်လိုကူညီနေတယ်ဆိုတာကို သမ္မတက နှစ်နေရာလုံးမှာ ကိုယ်တိုင်တွေ့မြင်ခဲ့တယ်” ဟုလည်း သူပြောသည်။
သမ္မတသည် ရန်ကုန်တွင် သက်ရှိထင်ရှားရှိနေသေးသော အိန္ဒိယ အမျိုးသားတပ်မတော်မှ စစ်ပြန်ကြီး ၉ ဦးနှင့်လည်း ဒီဇင်ဘာလ ၁၂ ရက်နေ့က တွေ့ဆုံခဲ့သည်ဟု သူပြောသည်။ ထိုတွေ့ဆုံစဉ်အတွင်း သမ္မတသည် ၎င်းတို့နှင့် နွေးထွေးသော ဆန္ဒများကို ဖလှယ်ခဲ့ပြီး ၎င်းတို့သည် လွတ်လပ်ရေးတိုက်ပွဲ၏ တစိတ်တပိုင်းဖြစ်သောကြောင့် တိုင်းပြည်အတွက် ဂုဏ်ရှိကြောင်းပြောကြားခဲ့သည်ဟု နိုင်ငံခြားရေးဝန်ကြီးကပြောသည်။
“သမ္မတက နက်တာဂျီ ဆူဘတ်ချန်ဒါရာဘို့စ်နှင့် ကျနော်တို့လွတ်လပ်ရေးရဲ့ အခြားခေါင်းဆောင်တွေအကြောင်း ပြန်ပြောပြခဲ့တယ်။ ပြီးတော့ သူတို့ကို လည်စီးပုဝါတွေ ချီးမြှင့်ပြီး စကားစမြည် ပြောဆိုခဲ့ပါတယ်” ဟု ဂိုခါလီ ပြောသည်။
ဒီဇင်ဘာလ ၁၃ ရက်နေ့တွင် သမ္မတကိုဗင်နှင့် သမ္မတကတော် ဆာဗီတာ ကိုဗင်တို့သည် ရှရီကာလီ ဘုရားကျောင်းနှင့် အိန္ဒိယနိုင်ငံ၏ နောက်ဆုံးဘုရင် ဗဟာဒါး ရှား ဇဗား၏ ဂူဗိမ္မာန်တို့သို့သွားရောက်သည်။
ထိုနောက် သမ္မတသည် အိန္ဒိယနိုင်ငံ၏ ကုန်ထုတ်စွမ်းရည်နှင့် နည်းပညာကိုပြသရန် အိန္ဒိယကုမ္ပဏီ ကြီး၊ ငယ် ၄၅ ခုမှ ၅၀ ခန့်အထိပါတဝင်သော အိန္ဒိယ စက်မှုလုပ်ငန်းရှင်များအသင်းချုပ် (CII) က ကျင်းပသည့် Enterprise India ပြပွဲကို ဖွင့်လှစ်ပေးသည်။ ထိုနောက် သမ္မတနှင့် သမ္မတ ကတော်တို့သည် ဓမ္မဇောတိ ဝိပဿနာ တရားရိပ်သာသို့ သွားရောက်သည်။
ဒီဇင်ဘာလ ၁၄ ရက်နေ့တွင် သမ္မတနှင့် သမ္မတကတော်တို့သည် နယူးဒေလီသို့ပြန်လည်ထွက်ခွာမည်ဖြစ်သည်။
ကိုးကား ။ ။ ANI