အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်၏ ပထမဆုံး ရုံးခွဲများကို ရန်ကုန်နှင့်မန္တလေးမြို့တွင် လာမည့်နှစ် ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း ကော်မရှင် အတွင်းရေးမှူးက ပြောသည်။
အဆိုပါရုံးခွဲများ ဖွင့်လှစ်သွားမည့် နောက်ဆုံးအခြေအနေနှင့် စပ်လျဉ်း၍ လွှတ်တော်ကိုယ်စားလှယ်များ၏ မေးမြန်းချက်ကို တုံ့ပြန်ရာ၌ ကော်မရှင်အတွင်းရေးမှူး ဦးစန်းဝင်းက တိုင်းဒေသကြီးနှင့်ပြည်နယ် အသီးသီးတွင်လည်း နှစ်အလိုက် ဘတ်ဂျက်သုံးငွေ ခွင့်ပြုမှုအပေါ် မူတည်၍ ကော်မရှင်အနေဖြင့် ရုံးခွဲများ ဆက်လက်ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း လွှတ်တော်တွင် ဖြေကြားခဲ့သည်။
လတ်တလောအနေအထားတွင် နေပြည်တော်၌ ကော်မရှင်ရုံး တရုံးတည်း ရှိသေးသည်။ ၂၀၁၈ ခုနှစ်၊ ဇွန်လတွင် အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေကို ပြဋ္ဌာန်းခဲ့ပြီး အခြားတိုင်းဒေသကြီးနှင့်ပြည်နယ်များတွင်လည်း တိုင်ကြားလာမှုများကို ထိထိရောက်ရောက်နှင့် အဆောတလျင် ကိုင်တွယ်နိုင်ရေးအတွက် ပြည်ထောင်စုအစိုးရ၏ထောက်ခံချက်ဖြင့် ၎င်းကော်မရှင်ရုံးခွဲများ ဖွင့်လှစ်ရန် ခွင့်ပြုခဲ့သည်။
ကော်မရှင်တွင် ဌာနခွဲနှစ်ခုဖွဲ့စည်းသွားရန်၊ ရန်ကုန်နှင့်မန္တလေးဒေသများအတွက် ရုံးခွဲနှစ်ခု ဖွင့်ရန် အဆိုပြုချက်ကို တင်ပြပြီးဖြစ်ကြောင်း ဦးစန်းဝင်းက ဆက်လက်ပြောကြားသည်။ အဆိုပါအစီအစဉ်ကို ပြီးခဲ့သည့်သြဂုတ်လက ပြည်ထောင်စုအစိုးရက ထောက်ခံပြီးဖြစ်သည်။
အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေကို ယခင်ဦးသိန်းစိန်အစိုးရလက်ထက် ၂၀၁၃ ခုနှစ်တွင် ပြဋ္ဌာန်းခဲ့သည်။ ယင်းဥပဒေကို ၂၀၁၄၊ ၂၀၁၆ နှင့် ၂၀၁၇ ခုနှစ်တို့တွင် ၃ ကြိမ်ပြင်ဆင်ခဲ့သော်လည်း အပြောင်းအလဲများမှာ သိသာထင်ရှားခဲ့ခြင်းမရှိပေ။ ကော်မရှင်အသစ်ကို အငြိမ်းစားဗိုလ်ချုပ်နှင့်ပြန်ကြားရေးဝန်ကြီးဟောင်းဖြစ်သူ ဦးအောင်ကြည်က ဥက္ကဋ္ဌအဖြစ် ဦးဆောင်လျက် ၂၀၁၇ ခုနှစ်၊ နိုဝင်ဘာလတွင် စတင်ဖွဲ့စည်းခဲ့သည်။
ဌာနဆိုင်ရာအဆင့်၌ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကြိုးပမ်းမှုကြီးကြပ်ရန်အတွက် အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးအဖွဲ့များကို အစိုးရဌာနများအတွင်း ဖွဲ့စည်းခွင့်ပြုထားကြောင်း ဒီဇင်ဘာလ ၇ ရက်တွင် ကျင်းပသော အပြည်ပြည်ဆိုင်ရာ အဂတိလိုက်စားမှု တိုက်ဖျက်ရေးနေ့ အခမ်းအနားသို့ ပေးပို့သောသဝဏ်လွှာမှာ သမ္မတဦးဝင်းမြင့်က ကြေညာခဲ့သည်။