သတင်း

ရှမ်းမြောက်ပိုင်း စစ်ဘေးရှောင် တသောင်းခန့်တိုးလာ

Want create site? Find Free WordPress Themes and plugins.

ရှမ်းပြည်နယ်မြောက်ပိုင်းတွင် တိုက်ပွဲများ ပြန်လည်ဖြစ်ပွားမှုကြောင့် စက်တင်ဘာလမှ အောက်တိုဘာ လအထိ တလအတွင်း စစ်ရှောင်ဒုက္ခသည်စခန်း ၃၂ ခု၌ ဒုက္ခသည်ပေါင်း တသောင်းခန့်တိုးလာသည်ဟု အမျိုးသမီးများအဖွဲ့ချုပ် WLB၏ အထွေထွေအတွင်းရေးမှူး လွေးပိုးငယ်က ဧရာဝတီသို့ ပြောကြားသည်။

“ ကျမတို့ ရှမ်းပြည်နယ်မြောက်ပိုင်းမှာ တိုက်ပွဲတွေကတော့ ဆက်လက်ဖြစ်နေတယ်။ တိုက်ပွဲ ဖြစ်တဲ့ အတွက်ကြောင့် လူ့အခွင့်အရေးချိုးဖောက်မှုတွေက ဆက်ဖြစ်နေပြီး သတ်ဖြတ်တာတွေ၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်တာတွေ မုဒိမ်းမှုတွေက ဆက်လက်ဖြစ်နေတယ်။ အဲဒါကြောင့် တိုင်းရင်းသားဒေသအသီးသီးမှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကို အမြန်ဆုံးရပ်ဖို့ ကျမတို့က တောင်းဆိုနေတာဖြစ်တယ်။”ဟု ၎င်းက ဆက်ပြောသည်။

ရှမ်းမြောက်ပိုင်းတွင် ဖြစ်ပွားသောတိုက်ပွဲများသည် အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အစည်းများဖြစ်ကြသည့် တိုက်ပွဲရှိသကဲ့သို့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းအချင်းချင်းဖြစ်ပွားသည့် တိုက်ပွဲများလည်းကြောင့်လည်း စစ်ရှောင်ဒုက္ခသည်များ တိုးလာရခြင်းဖြစ်သည်ဟု သိရသည်။

သို့ဖြစ်ရာ ရေရှည်တည်တံ့ခိုင်မြဲသော ငြိမ်းချမ်းရေးကို တည်ဆောက်နိုင်ရန်အတွက် တိုင်းရင်းသား ဒေသအသီးသီးတွင် ဖြစ်ပွားနေသော စစ်ပွဲများ ရပ်တန့်ရန် အမျိုးသမီးအဖွဲ့အစည်း ၁၃ ဖွဲ့ဖြင့် ဖွဲ့စည်းထားသည့် အမျိုးသမီးများအဖွဲ့ချုပ်(WLB)က တောင်းဆိုလိုက်သည်။

တအန်းကွန်မြူနတီမှ ကောက်ခံရရှိထားသည့်စာရင်းဇယားများအရ ရှမ်းပြည်မြောက်ပိုင်းတွင် တအန်း လူမျိုးများသီးသန့်နေထိုင်သည့်စစ်ရှောင်စခန်း ၇ခုရှိကြောင်း၊အဆိုပါစစ်ရှောင်စခန်းများသည် နမ့်ခမ်း၊ နမ့်ဖက် ကာ၊ နမ္မတူနှင့် ကွတ်ခိုင်တို့တွင်ရှိကြောင်း၊ ကွတ်ခိုင်တွင်စစ်ရှောင်စခန်း သုံးခုရှိပြီး ၂၀၁၇ခုနစ်အထိ ကောက်ခံ ရရှိ ထားသောစာရင်းအရ စခန်း ၇ခုတွင် စစ်ရှောင်ဒုက္ခသည်ပေါင်း ၂၈၄၀ ဦး ရှိကြောင်း သိရသည်။

Myanmar Institute for Peace and Security၏ မြို့နယ်အဆင့် ပဋိပက္ခစောင့်ကြည့်ရေး အချက် အလက်ဒေတာဘေ့စ်တွင် မှတ်တမ်းတင်ထားသော အချက်အလက်များအရ ၂၀၁၈ခုနှစ်၊ နိုဝင်ဘာလအတွင်း၌ မြန်မာနိုင်ငံတစ်ဝှန်းလုံးတွင် လက်နက်ကိုင်ထိတွေ့မှု (၃၄) ကြိမ်ဖြစ်ပွားကြောင်း သိရသည်။

ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှုပူးတွဲကော်မတီ(UPDJC)၊အတွင်းရေးမှူးအဖွဲ့ဝင် ဒေါ်စောမြရာ ဇာလင်းကလည်း ၂၀၁၈ခုနစ်တွင် တိုက်ပွဲတွေပိုများလာပြီး ရခိုင်ပြည်နယ်တွင် တိုက်ပွဲပြန်ဖြစ်ခဲ့ ကြောင်း၊ ယခုကဲ့သို့ တိုက်ပွဲများဖြစ်နေခြင်းက နိုင်ငံအတွက် ကောင်းသည့် လက္ခဏာမဟုတ်ဟု ဆိုသည်။

အောက်တိုဘာလတွင် ချင်းပြည်နယ်ရှိ ပလက်ဝမြို့နယ်၊ ရခိုင်ပြည်နယ်ရှိ ဘူးသီးတောင်မြို့နယ်တို့တွင် တပ်မတော်နှင့် AA/ULA အဖွဲ့ (ရက္ခိုင့်အမျိုးသားအဖွဲ့ချုပ်/ ရက္ခိုင့်တပ်မတော်)တို့ အကြား တိုက်ပွဲများပြန် လည်ဖြစ်ပွားခဲ့သည်။

ယခုကဲ့သို့ တိုက်ပွဲများ ပြန်လည်ဖြစ်ပွားလာရခြင်းနှင့်ပတ်သက်ပြီး ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ်၊ အထွေထွေအတွင်းရေးမှူး ဦးစိုင်းညွန့်လွင်က “ ၂၁ရာစုပင်လုံပွဲမှာလည်း ဆွေးနွေးပွဲတွေက နည်းနည်း ထစ်ငေါ့တာတွေရှိလာတယ်။ မအောင်မြင်တာတွေ လည်း ရှိလာတယ်။ အဲဒါတွေနဲ့များ သက်ဆိုင် သလား မသိဘူး။ နောက်တခုက တရုတ်နဲ့ထိုးထားတဲ့ MOUကြောင့်ပဲဖြစ်သလားမသိဘူး။ ဒါက သိဖို့ကလည်း မလွယ်ပါဘူး။”ဟု ပြောသည်။

ပြည်တွင်းစစ်ဖြစ်ပွားသည့်အခါ အမျိုးသမီးနှင့်ကလေးများက အများဆုံးထိခိုက်ခံစားကြရသည်။

အထူးသဖြင့် အမျိုးသမီးများသည် မုဒိမ်းကျင့်ခြင်း၊ သတ်ဖြတ် ခြင်း၊ ညှဉ်းပန်းနှိပ်စက်ခြင်း၊ အတင်းအဓမ္မလုပ် အားစေခိုင်းခြင်း၊ ပေါ်တာဆွဲခြင်း၊ အခြားလိင်ပိုင်း ဆိုင်ရာ အကြမ်းဖက်ခြင်း၊ လူမှုအသိုင်းအဝိုင်းများ၏ ခွဲခြားဆက်ဆံခြင်းကို ပိုမိုခံစားကြရသည်။

“ ပြည်တွင်းမှာဖြစ်တဲ့စစ်ပွဲမှန်သမျှက အဲဒီအနားဝန်းကျင်က လူတွေကို ထိခိုက်တာပဲ။ အထူးသဖြင့် မိန်းကလေး တွေ အသက်ကြီးရွယ်အိုတွေ ကလေးတွေကို ထိခိုက်တယ်။ဒါက ကောင်းတဲ့ကိစ္စမဟုတ်ဘူး။ ဒါကို မဖြစ်စေချင်ဘူး။”ဟု ၎င်းက ဆက်ပြောသည်။

၂၀၁၈ ခုနှစ် အောက်တိုဘာလတွင် ရှမ်းပြည်နယ်ရှိ နမ္မတူမြို့နယ်တွင် လက်နက်ကိုင်ပဋိပက္ခ ဖြစ်ပွားမှု (၇) ကြိမ် ဖြစ်ပွားခဲ့ပြီး၊ ချင်းပြည်နယ်ရှိ ပလက်ဝမြို့နယ်၊ ရှမ်းပြည်နယ်ရှိ ကျောက်မဲမြို့နယ်၊ သီပေါမြို့နယ်၊ ကွတ်ခိုင်မြို့နယ်တို့တွင် လက်နက်ကိုင် ပဋိပက္ခ (၄) ကြိမ်ခန့်စီ ဖြစ်ပွားခဲ့ကြောင်း MIPS၏ ထုတ်ပြန်ချက်အရ သိရသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading