သတင်း

လွိုင်လင် ပဋိပက္ခ အတွက် PNO နှင့် ထမ့်ဆန်း ကိုရင်လေးထံ RCSS စာပို့

Want create site? Find Free WordPress Themes and plugins.

ရှမ်းပြည်နယ် တောင်ပိုင်း လွိုင်လင်မြို့နယ်တွင် လူသေသည်အထိ ဖြစ်ခဲ့သည့် ပဋိပက္ခ စွပ်စွဲချက်နှင့် ပတ်သက်၍ ပအို့ဝ် အမျိုးသား အဖွဲ့ချုပ် (PNO) နှင့် ထမ့်ဆန်းဂူရှိ ကိုရင်လေး တပ်ဖွဲ့ထံ စာပို့ ဖြေရှင်းထားကြောင်း ရှမ်းပြည် ပြန်လည် ထူထောင်ရေး ကောင်စီ (RCSS/SSA) ထံမှ သိရသည်။

ပဋိပက္ခ ဖြစ်စဉ်မှာ လွိုင်လင်မြို့နယ် တောင်နောက် ကျေးရွာ အုပ်စု ဆိုင်းငင်း ကျေးရွာ ရေရရှိရေးအတွက် ရေထွက်ရာ နေရာသို့ တောင်နောက်ကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူး၊ ဆိုင်းငင်းကျေးရွာ ရွာလူကြီးနှင့် ရပ်ဖိရပ်ဖ ၄ ဦးက ရေပိုက် သွယ်တန်းရန် ကြည့်ပြီးအပြန် လက်နက်ကိုင်အဖွဲ့ တဖွဲ့က ဒီဇင်ဘာလ ၁၁ ရက်တွင် ဖမ်းဆီးခဲ့ရာမှ စတင်ခြင်း ဖြစ် သည်။

ယင်းသို့ ဖမ်းဆီးမှုကို ရွာသားများ တွေ့ကာ လွှတ်ပေးရန် တောင်းဆိုသည့် အတွက် ပြန်လွှတ်ပေးရန် သဘောတူထား ချိန်တွင် လက်ပြန် ကြိုးတုပ်ခံထားရသူနှင့် အချင်းများကာ လက်နက်ကိုင်အဖွဲ့ဘက်က သေနတ်ဖြင့် ပစ်၍ ၅ ဦးသေ ဆုံး ပြီး၃ ဦး ဒဏ်ရာ ရရှိမှု ဖြစ်ပွားခဲ့သည်။

ယင်းပဋိပက္ခနှင့် ပတ်သက်၍ PNO အပါအဝင် ပအို့ဝ် အမျိုးသား လွတ်မြောက်ရေး အဖွဲ့ချုပ် (PNLO) နှင့် ပအို့ဝ် အဖွဲ့ အစည်းများက ပစ်ခတ်သူသည် RCSS အဖွဲ့မှ ဖြစ်ကြောင်း၊ လူ့အခွင့်အရေး ချိုးဖောက်ကြောင်းနှင့် ထိရောက်စွာ အရေး ယူပေးရန် အစိုးရကို တိုက်တွန်းကြောင်း ထုတ်ပြန်ထားသည်။

သို့သော် သေဆုံးသူများမှာ ကိုရင်လေး တပ်ဖွဲ့ (ထမ့်ဆန်းဂူ ကိုရင်လေး) မှ ဖြစ်ကာ မိမိတို့ တပ်ဖွဲ့ဝင်များအား ဓားဖြင့် ခုတ်ကာ လက်နက် ဝင်လုသည့်အတွက် ပစ်ခတ်ခဲ့ခြင်း ဖြစ်သည်ဟု ဒီဇင်ဘာလ ၁၂ ရက်တွင် RCSS ဘက်က ဧရာဝတီ သို့ ပြောဆိုထားသည်။
ဒေသခံများကမူ သေဆုံးသူများမှာ ဆိုင်းငင်း ကျေးရွာ ရွာသူကြီး ဦးခွန်ထွန်းဦး၊ ကျေးရွာ ကျောင်းကော်မတီဝင်များ ဖြစ်သည့် ခွန်တမူ၊ ခွန်တဆန်း၊ ခွန်တဝင်း၊ ခွန်တခဲတို့ ဖြစ်ပြီး ဒဏ်ရာရသူများမှာ တောင်နောက် ကျေးရွာအုပ်စုမှ ကျောင်းကော်မတီ စာရေး ဦးဇော်အောင်၊ ခွန်မြင့်အောင် (ခ) တာလောင်နှင့် ခွန်တလဥတ္တရ တို့ ဖြစ်ကြောင်း ပြောဆို ထားသည်။

RCSS မှ ပြောခွင့်ရပုဂ္ဂိုလ် ဒုဗိုလ်မှူးကြီး စိုင်းမိဏ်းက“ကျနော်တို့ စစ်ဦးစီးချုပ်ရုံးက ပို့တာပါ၊ မနေ့က ရက်စွဲနဲ့ပို့ တာ ပါ။ (ထမ့်ဆန်း) ကိုရင်လေးဆီကို။ ပြီးတော့ PNO ဥက္ကဋ္ဌ အောင်ခမ်းထီ ဆီကို မိတ္ထူပို့ထားပါတယ်။ ထုတ်ပြန်ကြေညာ ချက် တွေက အခြေအနေအမှန်ကို မသိဘဲ ထုတ်ပြန်ထားတော့ အမြင်မှားမှုတွေ ပိုမိုဖြစ်စေနိုင်တယ်”ဟု ပြောသည်။

RCSS စစ်ဦးစီးချုပ် ဒုဗိုလ်ချုပ်ကြီး ခေးငင်း အမည်တပ် ပေးပို့သည့် စာထဲတွင် “ယမန် မနေ့က (၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာ ၁၁ ရက်နေ့) ဖြစ်ပွားခဲ့တဲ့ ကိုရင်လေးတို့၏လူများ မိမိတို့ တပ်ဖွဲ့ဝင်များကို ဓားနှင့်ဝင်ခုတ် သေနတ်လုယူမည့် လုပ်ရပ် မျိုး ဖြစ်ပွားခဲ့ရာ မိမိတို့အနေနှင့် အတော် အံ့အားသင့်မိပါကြောင်း၊ ယခုလိုကိစ္စမျိုး မဖြစ်သင့်ဘူးဟု မြင်သလို ကိုရင်လေး တို့၏ လူများကို ထိန်းသိမ်းပေးရန် တောင်းဆိုလိုပါကြောင်း” ပါရှိသည်။

ထို့ပြင် ယင်းကိစ္စနှင့် ပတ်သက်၍ မိမိတို့ ရှမ်းပြည်နယ် တိုင်းရင်းသား လူမျိုးကြား တဖက်ရန်သူက သွေးခွဲ လုပ်ကြံနေ သည့် ပြဿနာ ဖြစ်သည်ဟု မြင်ကြောင်း၊ ဆရာတော် (ထမ့်ဆန်းဂူ ကိုရင်လေး) အနေဖြင့် PNLO တပ်ဖွဲ့များနှင့် ပူးပေါင်း လိုက်ပြီး ယခု ပဋိပက္ခများ ဖြစ်ပွားလာရသည်ဟု သိရပါကြောင်းလည်း ဖော်ပြထားသည်။

RCSS/SSA စစ်ဦးစီးချုပ် ဒုဗိုလ်ချုပ်ကြီး ခေးငင်းက“အဲဒီလို တကယ်ဖြစ်ခဲ့မယ်ဆိုရင် ဆရာတော်ဟာ သံဃာ ဝိနည်း တော်အတိုင်း မလိုက်နာအပ်တော့သလို ဖြစ်နေပါပြီ။ ဒါကြောင့် ဆရာတော် အနေနဲ့ ကောင်းကောင်းမွန်မွန် ပြန်လည် သုံးသပ်ဖို့ မိမိ ဒကာတို့အနေနဲ့ တောင်းဆိုလိုပါတယ်”ဟု ထုတ်ပြန်ချက်မှတဆင့် လျှောက်ထားသည်။

အဆိုပါ ထုတ်ပြန်ချက် ပေးပို့မှုနှင့် ပတ်သက်၍ ပအို့ဝ် အမျိုးသား အဖွဲ့ (PNO) လွိုင်လင် ဆက်ဆံရေးရုံး တာဝန်ခံက မိမိတို့ မသိကြောင်းနှင့် ဗဟိုရုံးက ဆောင်ရွက်ခြင်း ဖြစ်နိုင်သည့်အတွက် ဗဟိုကသာလျှင် သိနိုင်ကြောင်း ဆိုသည်။

လွိုင်လင်ခရိုင် အတွင်း RCSS အပြင် မတ်ကျန်း ပြည်သူ့စစ်အဖွဲ့၊ ကိုရင်လေး တပ်ဖွဲ့၊ ပအိုဝ့် အမျိုးသားအဖွဲ့ချုပ် ဥက္ကဋ္ဌ အောင်ခမ်းထီ ဦးဆောင်ဖွဲ့စည်းပေးထားသည့် ပအိုဝ့် ပြည်သူ့စစ် အဖွဲ့ (PNO)တို့ လှုပ်ရှားလျက် ရှိကြောင်း သိရသည်။

ပဋိပက္ခကြောင့် သေဆုံးသူများကို ယနေ့တွင် သဂြိုဟ်မည် ဖြစ်ပြီး ဆိုင်းငင်း ကျေးရွာ အနီးတွင် မတ်ကျန်း ပြည်သူ့စစ် အဖွဲ့ လှုပ်ရှားလျက်ရှိကာ ဒေသခံ ပအို့ဝ်လူမျိုးများနှင့် ပဋိပက္ခများ ဖြစ်ပွားခဲ့ဖူးကြောင်း သိရသည်။

အမည်မဖော်လိုသူ ဆိုင်းငင်းကျေးရွာ ဒေသခံတဦးက“ကျနော်တို့ သံသယ ဖြစ်တာက ဘာကြောင့် ဖမ်းသွားတာလဲ၊ ဘာလို့ သူတို့က သတင်းအမှားကြီးကို အရင်ဆုံးထုတ်ပြန်တာလဲ။ ဖမ်းသွားတဲ့အဖွဲ့မှာ လက်မောင်းတံဆိပ် မပါတော့ ဘယ်အဖွဲ့လို့ ကျနော်တို့လည်း တိုက်ရိုက်မပြောနိုင်ဘူး။ ဒါပေမယ့် ကျနော်တို့ထင်တာ မတ်ကျန်း ပြည်သူ့စစ်အဖွဲ့လို့ ထင်တာ။ ပြီးတော့ တခြားအဖွဲ့ (RCSS)က သတင်းထုတ်လာတာ။ ကျနော်တို့ ဒါကို စဉ်းစားလို့မရဘူး ဖြစ်နေတယ်” ဟု ဧရာဝတီကို ပြောသည်။

ဆက်စပ် ဖတ်ရှုရန် – လြိုင္လင္ ပဋိပကၡ ၅ ဦးေသဆုံး၍ ၃ ဦး ဒဏ္ရာရ

Did you find apk for android? You can find new Free Android Games and apps.
Loading