ရန်ကုန် ဖွံ့ဖြိုးရေး အတွက် ပြင်သစ် ဖွံ့ဖြိုး တိုးတက်ရေး အေဂျင်စီ (AFD) မှ ချေးငွေ ယူရိုသန်း ၇၀ ချေးယူမည့် အပေါ် သဘောမတူကြောင်း ယမန်နေ့က ကျင်းပသည့် ပြည်ထောင်စု လွှတ်တော် အစည်းအဝေးက ဆုံးဖြတ်လိုက်သည်။
အဆိုပါ ချေးငွေ ကိစ္စနှင့် ပတ်သက်၍ လွှတ်တော်၏ အဆုံးအဖြတ်ကို ရယူရန် အတွက် စက်ခလုတ် အသုံးပြု၍ မဲခွဲ ဆုံး ဖြတ်ခဲ့ရာ ထောက်ခံမဲ ၃၄ မဲ၊ ကန့်ကွက်မဲ ၄၉၇ မဲ၊ ကြားနေမဲ ၆ မဲ တို့ဖြင့် ကန့်ကွက်မဲ များခဲ့ခြင်း ဖြစ်သည်။
ထိုကြောင့် ပြည်ထောင်စု လွှတ်တော် နာယက ဦးတီခွန်မြတ်က ရန်ကုန်တိုင်း ဒေသကြီး အတွင်း စီမံကိန်း လုပ်ငန်းများ ဆောင်ရွက်ရန် အတွက် ပြင်သစ်ဖွံ့ဖြိုးတိုးတက်ရေး အေဂျင်စီ (AFD) ထံမှ ချေးငွေ ယူရိုသန်း ၇၀ အား ရယူနိုင်ရေးကို လွှတ်တော်က သဘောမတူကြောင်း ကြေညာခဲ့သည်။
အဆိုပါ စီမံကိန်းနှင့် ပတ်သက်၍ ကိုယ်စားလှယ်များက ချေးယူမည့် ငွေပမာဏကို မည်သည့် နေရာတွင် မည်မျှ သုံးမည် ကို တိတိကျကျ မဖော်ပြနိုင်ခြင်း၊ စီမံကိန်း တခု ဆောင်ရွက်မည် ဆိုပါက အချိန်မည်မျှ ကြာမည်၊ ဘတ်ဂျက် မည်မျှ သုံးစွဲ မည်၊ မည်သည့် ကာလတွင် စီမံကိန်း ပြီးဆုံး၍ ယင်းစီမံကိန်းမှ အကျိုးအမြတ်မှာ မည်သည့် အရာများ ရရှိမည် ဆိုသည်ကို အချက်အလက် ပြည့်စုံစွာဖြင့် မဖော်ပြနိုင်ကြောင်း၊ ဖော်ပြနိုင်မှသာလျှင် လွှတ်တော်သို့ တင်ပြသင့်ကြောင်း ကိုယ်စားလှယ် များက ထောက်ပြ ဝေဖန်မှုများရှိသည့် စီမံကိန်း တခုလည်း ဖြစ်သည်။
ပုလဲ မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်စန်းလှိုင်က“နောင်ဆို ချေးငွေနဲ့ ပတ်သက်ရင် သေသေ ချာ ချာ စစ်ဆေးဖို့ လိုလာပြီ ဆိုတာကို တွေ့ရတယ်။ ဘာကြောင့်လဲ ဆိုတော့ ကျမတို့ တိုင်းပြည်မှာ ကြွေးမြီ ဝန်ထုပ်ဝန်ပိုးဟာ အရမ်းများ နေတယ်။ တချို့ဟာတွေလည်း အောင်မြင်တာ ရှိပါတယ်။ တချို့ဆိုရင်လည်း ငွေသာ ကုန်သွားတယ် ထိထိ ရောက်ရောက် အကျိုးမရှိတာတွေ အများကြီး တွေ့ရတယ်”ဟု လွှတ်တော် အစည်းအဝေးအပြီး မီဒီယာများကို ပြောသည်။
ချေးယူမည့် ယူရို သန်း ၇၀ သည် အတိုးနှုန်းအရ အလွန် နည်းပါးသည့် ချေးငွေ ဖြစ်သည့် အပြင် ဆိုင်းငံ့ကာလလည်း ၃၂ နှစ်ဖြစ်သည့် အတွက် လက်ခံနိုင်စရာ ကိစ္စတခု ဖြစ်ကြောင်း၊ သို့သော် စီမံချက်ကို တိတိကျကျ မဖော်ပြနိုင်ခြင်းကြောင့် ကိုယ်စားလှယ်များက ကန့်ကွက်ရခြင်း ဖြစ်ကြောင်းလည်း ဒေါ်ခင်စန်းလှိုင်က ဆိုသည်။
ဂန့်ဂေါ မဲဆန္ဒနယ်မှ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဒေါ်ယဉ်မင်းလှိုင်ကလည်း“အခု ကိစ္စကတော့ အခုနောက်ဆုံး ချိန်ထိ သူတို့ကလည်း လွှတ်တော်က လိုအပ်တဲ့၊ တောင်းဆိုထားတဲ့ အချက်အလက်တွေကို တိတိကျကျ တင်ပြနိုင်ခြင်း မရှိတဲ့ အတွက် အဲဒါတွေ အတွက် အခုလို ငြင်းပယ်လိုက်တာ ဖြစ်ပါတယ်”ဟု ပြောသည်။
ပြင်သစ် ချေးငွေ ယူရို သန်း ၇၀ ရယူပါက ပေးဆပ်ရမည့် အတိုးနှုန်းမှာ ခန့်မှန်း အတိုးနှုန်း ၀ ဒသမ ၇၇ ရာခိုင်နှုန်းဖြင့် တွက်ချက်ပါက ယူရို ၈ ဒသမ ၂ သန်း ဖြစ်ကြောင်း၊ စီမံကိန်း အတွက် ဥရောပ သမဂ္ဂမှ ပေးသည့် ထောက်ပံ့ငွေမှာ ယူရို ၉ ဒသမ ၅ သန်း ဖြစ်သည့် အတွက် အတိုးထက် ပိုသော ထောက်ပံ့ငွေ ရရှိမည် ဖြစ်ကြောင်း၊ စီမံကိန်း နည်းပညာများလည်း ရရှိမည် ဖြစ်ကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေး ဒု ဝန်ကြီး ဦးမောင်မောင်ဝင်းက လွှတ်တော်တွင် တင်ပြထားသည်။
သန်လျင် မဲဆန္ဒနယ်မှ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးလွင်ကိုလတ်က စီးပွားရေးအရ ကြည့်မည် ဆိုပါက တွက် ခြေ ကိုက်သည်ကို မတွေ့ရကြောင်း၊ စီမံကိန်း အကောင်အထည်ဖော်မည့် နယ်မြေရှိ လွှတ်တော် ကိုယ်စားလှယ်များနှင့် အကျေ အလည် ဆွေးနွေးပြီးမှ လွှတ်တော်သို့ တင်ပြသင့်ကြောင်း ပြောသည်။
အဆိုပါ ချေးငွေနှင့် ပတ်သက်၍ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဌာနမှ ဒု ဝန်ကြီး ဦးဆက်အောင်က ဆောင်ရွက်မည့် လုပ်ငန်း များမှာ ကမ်းပတ် စြင်္ကံလမ်း လုပ်ငန်းများအား ငမိုးရိပ်ချောင်း အရှေ့ဘက်ကမ်း အတွက်ပါ လုပ်ငန်း အသေးစိတ် အစီအစဉ်များ ရေးဆွဲချိန်တွင် ဖြစ်နိုင်ခြေရှိသော နေရာများအား ညှိနှိုင်း ရွေးချယ် သတ်မှတ် ဆောင်ရွက်ပေးမည် ဖြစ် ကြောင်း လွှတ်တော် သို့ တင်ပြသည်။
ထို့ပြင် စီမံကိန်းလျာထား နယ်မြေများ အတွင်း ကျူးကျော် နေထိုင်သူများ အား ပြန်လည် နေရာချထားရေး အစီအစဉ်များ အား သဘာဝ ပတ်ဝန်းကျင် လေ့လာ ဆန်းစစ်ချက်နှင့် လူမှုဘဝ လေ့လာ ဆန်းစစ်ချက် အသေးစိတ် ဆောင်ရွက်ပြီးချိန် တွင် သက်ဆိုင်ရာ ဌာနများက သတ်မှတ် ပြဋ္ဌာန်းထားသော လုပ်ထုံးလုပ်နည်းများ AFD သတ်မှတ် စံချိန် စံနှုန်းများနှင့် အညီ စနစ်တကျ ဆောင်ရွက်သွားမည် ဖြစ်ကြောင်းလည်း ၎င်းက ဆိုသည်။
ဆက်လက်၍ ဦးဆက်အောင်က“စီမံကိန်း ဖြစ်မြောက်နိုင်စွမ်း လေ့လာ ဆန်းစစ်မှုအား ချေးငွေထုတ်ချေးမည့် ပြင်သစ်နိုင်ငံ AFD အဖွဲ့အစည်း၏ စိတ်ဝင်စားမည့် နယ်ပယ်နှင့် မိမိနိုင်ငံဘက်က လိုလားချက်များ အကြိမ်ကြိမ် ညှိနှိုင်း ရယူခဲ့ခြင်း၊ စီမံ ကိန်းတွင် ပါဝင် ဆောင်ရွက်မည့် လုပ်ငန်း ဧရိယာများနှင့် ဆက်စပ်သည့် ဌာနများနှင့်လည်း ပေါင်းစပ် ညှိနှိုင်းခဲ့ရခြင်းများ ကြောင့် ၂ နှစ်နီးပါး အချိန်ယူဆောင် ရွက်ခဲ့ရပါတယ်”ဟု ပြောဆိုသည်။
ယခု စီမံကိန်း အတွက် ရရှိမည့် ချေးငွေသည် အတိုးနှုန်း သက်သာသည့် ချေးငွေဖြစ်ခြင်း၊ မြန်မာနိုင်ငံနှင့် နိုင်ငံတကာ မိတ်ဖက် နိုင်ငံများ ဆက်ဆံရေး ကောင်းမွန်သည့် ပြယုဂ်အား ပေါ်လွင်စေခြင်း၊ ၂၀၁၈ ခုနှစ် ဒီဇင်ဘာလ ၃၁ ရက် မတိုင် ခင် ချေးငွေအား အတည်ပြုနိုင်ပါက ချေးငွေ စည်းကမ်းချက်များမှာ ယခင်နှုန်း အတိုင်း ရယူနိုင်ခြင်း စသည့် အကြောင်း အချက်များကိုလည်း ထည့်သွင်း စဉ်းစားနိုင်ရန် ၎င်းက လွှတ်တော်သို့ တင်ပြသွားသည်။