တနင်္သာရီတိုင်း အစိုးရအဖွဲ့ မီးလင်းရေးကော်မတီနှင့် ဖက်စပ်လုပ်ကိုင်နေသည့် Global Grand Services (GGS) ကုမ္ပဏီက လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနထံ ပေးရမည့် ဓာတ်ငွေ့ဖိုး ကျပ် ၈ ဘီလီယံအား အမြန်ဆုံး ပေးသွင်းရန် တိုင်းအစိုးရထံ အကြောင်းကြားစာ ပို့ထားသည်ဟု ဝန်ကြီးဌာနဘက်မှ သိရသည်။
GGS ကုမ္ပဏီမှာ တိုင်းအစိုးရနှင့် စာချုပ်ချုပ်ဆိုကာ ၂၀၁၇ ခုနှစ် ဇွန်လမှစ၍ သဘာဝဓာတ်ငွေ့သုံး လျှပ်စစ်ဓာတ်အားပေး စက်ရုံ တည်ထောင်ကာ ဒေသတွင်း ပုဂ္ဂလိက လျှပ်စစ်ဓာတ်အားပေးလုပ်ငန်းကို ဆောင်ရွက်နေခြင်းဖြစ်ပြီး လိုအပ်သည့် သဘာဝဓာတ်ငွေ့ကို ဝန်ကြီးဌာနထံမှ ရယူခြင်း ဖြစ်သည်။
လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေးလုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူး ဦးခင်မောင်ဝင်းက “သူတို့ဘက်ကတော့ အခုထက်ထိတော့ ကျနော်တို့ကို ပြန်အကြောင်းမကြားသေးဘူး။ ဒီငွေတွေဟာ နိုင်ငံဘဏ္ဍာ ဖြစ်တဲ့အတွက် မဖြစ်မနေပေးချေပါလို့ တနသာၤရီတိုင်းအစိုးရအဖွဲ့ကို အကြောင်းကြားထားတယ်။ ကုမ္ပဏီကိုလည်း မိတ္တူတော့ ပေးထားတယ်” ဟု ပြောသည်။
၎င်းက ဆက်လက်ပြီး GGS မှာ တိုင်းအစိုးရ အဖွဲ့နှင့် စာချုပ်ချုပ်ဆို လုပ်ကိုင်ခြင်း ဖြစ်၍ ကြပ်မတ်ရန် တာဝန်လည်း ရှိသည်ဟု ဆိုသည်။
ဓာတ်ငွေ့ဖိုးအတွက် ဝန်ကြီးဌာနဘက်မှ လစဉ် တောင်းခံခဲ့သော်လည်း ကုမ္ပဏီဘက်မှ ပုံမှန်ပေးချေနိုင်ခြင်း မရှိဘဲ ပြီးခဲ့သည့် ၄ လခန့်ကာ ကျပ်သိန်း ၃၀၀၀ ပေးသွင်းထားကြောင်း၊ ကျန် ဓာတ်ငွေ့ဖို့ ကျပ် ၈ ဘီလီယံဖိုး ရရှိရန်အတွက် တိုင်းအစိုးရ မီးလင်းရေး ကော်မတီနှင့် ဝန်ကြီးဌာနတို့ ညှိနှိုင်းဆောင်ရွက်မှုများ လုပ်နေကြောင်းလည်း သိရသည်။
ဦးဆောင်ညွှန်ကြားရေးမှူး ဦးခင်မောင်ဝင်း က “ဂက်စ်ဖိုးတွေက ကျနော်တို့ လစဉ်တောင်းပါတယ်။ သူတို့ဘက်ကလည်း အရှုံးပေါ်နေတယ်လို့ သိရပါတယ်။ အရှုံးပေါ်တာကတော့ တနင်္သာရီတိုင်းအစိုးရအဖွဲ့နဲ့ ကုမ္ပဏီနဲ့ စာချုပ်ချုပ်ဆိုတဲ့ အပိုင်းကဏ္ဍဖြစ်ပါတယ်။ ကျနော်တို့ကတော့ ဂက်စ်ဖိုး သတ်မှတ်ထားတဲ့ အတိုင်း၊ ပုဂ္ဂလိက ဓာတ်အားထုတ်ပြီး ရောင်းချတာ ဖြစ်တဲ့တွက် ပုဂ္ဂလိက ဈေးနှုန်းအတိုင်းပဲ တောင်းထားပါတယ်” ဟု ပြောသည်။
ဓာတ်ငွေ့ဖိုးအား ကုမ္ပဏီသို့ တိုက်ရိုက် တောင်းခံရခြင်း မဟုတ်ဘဲ တိုင်းအစိုးရ မီးလင်းရေးကော်မတီမှသာ တောင်းခံရခြင်း ဖြစ်ကာ ချုပ်ဆိုထားသော စာချုပ်ပါ အချက်အလက်များကို ဝန်ကြီးဌာနဘက်မှ သိရခြင်း မရှိကြောင်းလည်း သိရသည်။
တနင်္သာရီတိုင်း၊ မဲဆန္ဒနယ် (၇) မှ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးဇော်ဟိန်း ကလည်း ဓာတ်ငွေ့ဖိုး ကြွေးကျန် ကိစ္စအား ဒီဇင်ဘာလ ၆ ရက်က ပြည်ထောင်စုလွှတ်တော်၌ ဆွေးနွေးထားပြီး “မီးလင်းရေးကော်မတီက ကြားခံနေတာ ဆိုတော့ အဓိကက မပေးရင် စာချုပ်ပါစည်းမျဉ်းစည်းကမ်းအတိုင်း အရေးယူရမှာလေ။ သူတိုရဲ့ စာချုပ်ထဲက အတိုင်း သူတို့အရေးယူရမှာပေါ့။ နှစ်အကြာကြီးထားရင် နိုင်ငံတော်အတွက် နစ်နာတာပေါ့” ဟု ဆိုသည်။
ကုမ္ပဏီအနေဖြင့် ကျပ်သိန်း ၃၀၀၀ ပေးသွင်းမှု တကြိမ်သာရှိပြီး ကျန်ငွေမှာ စက်တင်ဘာလနှင့် နိုဝင်ဘာလ နှစ်လအတွက် ထပ်ပေါင်းပါက ကျပ် ၉ ဘီလီယံနီးပါးအထိ ရှိကြောင်းလည်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနဘက်မှ သိရသည်။
ဓာတ်ငွေ့ဖိုး ကြွေးကျန်နှင့် ပတ်သက်၍ Global Grand Services (GGS) ကုမ္ပဏီမှ တာဝန်ရှိသူ ကိုအောင်မြတ်အား ဖုန်းဖြင့် အကြိမ်ကြိမ် ဆက်သွယ်မေးမြန်းရန် ကြိုးပမ်းသော်လည်း ဖုန်းလက်ခံဖြေကြားခဲ့ခြင်း မရှိသည့်အတွက် မေးမြန်းခွင့် မရခဲ့ပေ။
တနင်္သာရီတိုင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီး ဦးကြည်လှိုင်က “သူတို့ငွေပေးဖို့ အကြောင်းကြားစာပို့တယ်ဆိုရင် ကျနော်တို့က အဲဒီကုမ္ပဏီကို ပြန်အကြောင်းကြားတယ်။ အဲဒီဟာပဲ ရှိတယ်လေ။ ဂက်စ်ဝယ်တာကျတော့ MOGE နဲ့ သူတို့နဲ့ လုပ်တာ။ အဲဒါကျ ကျနော် အတိအကျ မသိဘူး” ဟု ဧရာဝတီကို ပြောသည်။
GGS ကုမ္ပဏီအနေဖြင့် ယနေ့အထိ ဒေသတွင်း လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးမှုကို ဆက်လက် လုပ်ဆောင်နေဆဲ ဖြစ်ပြီး လွှတ်တော်အတွင်း ဦးဇော်ဟိန်း တင်ပြဆွေးနွေးခဲ့မှုနှင့် ပတ်သက်၍ ဒီဇင်ဘာလ ၁၅ ရက်တွင် ထားဝယ်မြို့တော်ခန်းမ၌ ရှင်းလင်းပွဲတရပ် ပြုလုပ်ရန် စီစဉ်နေသည်ဟု သိရသည်။
တနင်္သာရီတိုင်းတွင်းရှိ ခရိုင် ၃ ခု၊ မြို့နယ် ၁၀ ခု၌ အိမ်ထောင်စု ၂၈၃,၀၉၉ ခု ရှိပြီး ၁၀၀,၁၇၆ သာ လျှပ်စစ်မီး ရရှိသေးကြောင်း ပြည်ထောင်စုအဆင့် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ကိန်းဂဏန်းများအရ သိရသည်။