၂၀၁၈ အာဆီယံချန်ပီယံရှစ် ဆူဇူကီးဖလားပြိုင်ပွဲတွင် မြန်မာအသင်း ရလဒ်မကောင်းသည့်အတွက် မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် (MFF) နှင့် နိုင်ငံ လက်ရွေးစင်အသင်းနည်းပြချုပ် အန်တွမ်နီဟေးတို့ နှစ်ဖက် သဘောတူညီချက်ဖြင့် စာချုပ်ဖျက်သိမ်းလိုက်ပြီ ဖြစ်ကြောင်း MFF က ထုတ်ပြန်ကြေညာသည်။
ဆူဇူကီးဖလားပြိုင်ပွဲတွင် အောင်မြင်မှုရရေးအတွက် ဂျာမန်လူမျိုး အန်တွမ်နီဟေးလ်နှင့် စာချုပ်ချုပ်ဆိုခြင်းဖြစ်ကာ အုပ်စုအဆင့်တွင်ပင် ထွက်ခဲ့ရသည့်အတွက် MFF နည်းစနစ်ကော်မတီမှ သုံးသပ်မှုများ လုပ်ဆောင်ပြီးနောက် စာချုပ်ဖျက်သိမ်းခြင်း ဖြစ်သည်။
မြန်မာလက်ရွေးစင်အသင်းမှာ ဆူဇူကီးဖလားပြိုင်ပွဲတွင် ကမ္ဘောဒီးယားအား ၄ – ၁ ၊ လာအိုအား ၃ – ၁ ဖြင့် အနိုင်ရပြီး ဗီယက်နမ်အသင်းနှင့် ဂိုး မရှိ သရေကြောင့် ရမှတ် ၇ မှတ်ဖြင့် အုပ်စုတက်ရန် အခြေအနေကောင်းနေကာ အုပ်စုနောက်ဆုံး ပွဲစဉ်တွင် မလေးရှားအား သရေ ကန်နိုင်ပါက အုပ်စုအဆင့် တက်မည်ဖြစ်သော်လည်း ၃ ဂိုးပြတ်ဖြင့် ရှုံးနိမ့်ခဲ့သည့်အတွက် နုတ်ထွက်ခဲ့ရခြင်း ဖြစ်သည်။
အန်တွမ်နီဟေး က “ကျနော့်အနေနဲ့ ကျနော့်အသင်း၊ ကျနော်တို့ ကစားသမားတွေ၊ အသင်းတာဝန်ရှိသူတွေနဲ့ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် မိသားစုဝင်တွေ အားလုံးကို ကျေးဇူးတင်ကြောင်း ပြောလိုပါတယ်။ အားလုံးနဲ့ အတူတကွ လက်တွဲ လုပ်ကိုင်ခဲ့ရတာ ဂုဏ်ယူစရာနဲ့ အခွင့်အရေး တရပ်လည်း ဖြစ်ခဲ့ပါတယ်။ အနာဂတ်မှာ အားလုံးပဲလိုချင်တဲ့ အောင်မြင်မှုကို ထိရောက်စွာ ရရှိနိုင်ပါစေလို့ ကျနော် အကောင်းဆုံး ဆန္ဒပြုပါတယ်။ အထူးကျေးဇူးတင်ရမှာကတော့ ကျနော်တို့ရဲ့ မြန်မာဘောလုံးပရိသတ်ကိုပါ။ တကယ့်ကို အံ့သြချီးမွမ်းဖွယ်ရာကောင်းတဲ့ ပရိသတ်တွေပါပဲ” ဟု ပြောဆိုကြောင်း MFF ၏ အင်တာနက်စာမျက်နှာတွင် ဖော်ပြထားသည်။
အန်တွမ်နီဟေးမှာ မြန်မာ ယူ ၂၃ အသင်းနှင့် လက်ရွေးစင်အသင်း နည်းပြချုပ်အဖြစ် တနှစ်ခွဲ စာချုပ် ချုပ်ဆိုထားပြီး လက်ရှိအချိန်အထိ ၇ လသာ တာဝန်ယူထားရသေးသည်။
၎င်းတာဝန်ယူထားသည့် ကာလအတွင်း မြန်မာ့လက်ရွေးစင်အသင်းမှာ ၈ ပွဲကစား၊ ၂ ပွဲနိုင်၊ ၁ ပွဲ သရေ၊ ၅ ပွဲရှုံးရလဒ်ဖြင့် အနိုင်ရရှိအောင် စွမ်းဆောင်နိုင်မှု ၂၅ ရာခိုင်နှုန်းသာ ရှိသည်။
MFF နည်းစနစ် ကော်မတီက “မြန်မာ့ လက်ရွေးစင် အသင်း ဆူဇူကီးဖလား ပြိုင်ပွဲအုပ်စုမှ ထွက်ခဲ့ရခြင်းမှာ နည်းပြချုပ် တဦးတည်း အပေါ်တွင်သာ တာဝန်ရှိခြင်း မဟုတ်ကြောင်း၊ MFF နည်းစနစ်ကော်မတီ အနေဖြင့် ဘက်ပေါင်းစုံ စနစ်တကျ အပြန်အလှန် သုံးသပ်ခဲ့ကြောင်း၊ MFF နှင့် နည်းပြချူပ်တို့ စာချုပ် ချုပ်ဆိုရာတွင် အဓိက ဦးတည်ချက်ဖြစ်သည့် အာဆီယံ ချန်ပီယံရှစ် (ဆူဇူကီးဖလား) အောင်မြင်မှု ရရှိရေးသည်သာ စာချုပ်၏ အဓိကအချက် ဖြစ်သည့်အတွက် ယခုကဲ့သို့ လမ်းခွဲရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်ကြောင်း” ၎င်းတို့၏ အင်တာနက်စာမျက်နှာတွင် ဖြေရှင်းထားသည်။
ထို့ပြင် “နည်းပြချူပ်တွင်သာ အပြည့်အ၀ တာဝန်ရှိခြင်း မဟုတ်ဘဲ ကစားသမားများ အပါအဝင် ဘက်ပေါင်းစုံမှ အားနည်းမှုများကြောင့်သာ အောင်မြင်မှုနှင့် ဝေးကွာရခြင်း ဖြစ်ကြောင်း” လည်း MFF ထုတ်ပြန်ချက်တွင် ပါရှိသည်။
ထုတ်ပြန်ချက်နှင့် ပတ်သက်၍ MFF တာဝန်ရှိသူများထံ ဆက်သွယ်ခဲ့သော်လည်း နိုင်ငံခြား ခရီးစဉ်များ သွားနေသည့်အတွက် ဆက်သွယ်၍ မရခဲ့ပေ။
မြန်မာ့လက်ရွေးစင်ဟောင်းနှင့် လက်ရှိ မြန်မာ U-19 အသင်းနည်းပြ ဦးမျိုးလှိုင်ဝင်း က “ကျနော်တို့မှာ နိုင်ငံတကာအဆင့်မီ Player (ကစားသမား) တွေ နည်းနေသေးတဲ့ အတွက်ကြောင့် ဒီပြိုင်ပွဲမှာ မအောင်မြင်ဘူးလို့ ပြောလို့ရတယ်။ နည်းပြရော၊ အဖွဲ့ချုပ်ပံ့ပိုးမှုရော ရှိပေမယ့် ကွင်းထဲမှာ ကစားတဲ့ Quality Player (အရည်အသွေးမြင့် ကစားသမား) လုံလောက်မှု မရှိတဲ့အတွက် အောင်မြင်မှုမရခဲ့တာလို့ ထင်ပါတယ်။ ဒါကြောင့် ဒီလမ်းခွဲမှုက အဖွဲ့ချုပ်အတွက်ရော၊ နည်းပြကြီးအတွက်ပါ နှစ်ဦးနှစ်ဖက်အတွက် အကောင်းဆုံးလို့ ပြောလို့ရပါတယ်” ဟု ဧရာဝတီကို ပြောသည်။
MFF က မြန်မာ့လက်ရွေးစင် ဘောလုံးအသင်းအတွက် ၁၉၉၃ ခုနှစ်မှ ၂၀၁၈ ခုနှစ်အထိ ၂၅ နှစ်တာ ကာလအတွင်း နည်းပြ ၁၈ ဦးအထိ အပြောင်းအလဲများ ပြုလုပ်ကာ အောင်မြင်မှုရရန် ကြိုးပမ်းခဲ့သော်လည်း အာရှနှင့် အာဆီယံဒေသတွင်း အဓိကပြိုင်ပွဲများတွင်ပင် ရုန်းကန်နေရဆဲအဆင့်သာ ရှိသေးသည်။