မြန်မာနိုင်ငံ၌ အစားအစာ ဘေးအန္တရာယ် ကင်းရှင်းရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် လုပ်ငန်းရှင်များ ပူးပေါင်း ပါဝင်မှု အားနည်းနေသေးသည်ဟု မန္တလေးတိုင်း စားသုံးသူ ရေးရာ ဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး ဒေါ်ခင်မြင့်မြင့်သန်း က ဧရာဝတီကို ပြောသည်။
ဒီဇင်ဘာ ၁၂ ရက်နှင့် ၁၃ ရက်က မန္တလေးမြို့တွင် ပြုလုပ်သော စားသုံးသူ အကာအကွယ် ပေးရေးနှင့် အသိပညာ ပေးရေး ဆိုင်ရာ လူထု ဆွေးနွေးပွဲ၌ ယင်းသို့ ပြောခြင်း ဖြစ်သည်။
အစားအစာ ဘေးအန္တရာယ် ကင်းရှင်းရေး ကွင်းဆက်တွင် ထုတ်လုပ်သူ၊ ဖြန့်ဖြူး ရောင်းချသူနှင့် စားသုံးသူတို့မှာ အဓိက ဖြစ်ရာ စားသုံးသူ အသိပညာပေးရေး များတွင် စီးပွားရေး လုပ်ငန်းရှင်များ ဘက်မှ ပူးပေါင်း ပါဝင်မှု အားနည်း နေကြောင်း ဒေါ်ခင်မြင့်မြင့်သန်းက ဆိုသည်။
၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် အတွင်း မန္တလေးတိုင်း စားသုံးသူ ရေးရာ ဦးစီးဌာနသို့ စားသုံးသူများမှ ပေးပို့သည့် အစား အစာ၊ ဝန်ဆောင်မှုနှင့် ပတ်သက်သော တိုင်ကြားစာပေါင်း ၇၀ ကျော် လက်ခံရရှိခဲ့ကြောင်း အဆိုပါ ဌာနက သိရသည်။
ယင်းတိုင်ကြားစာ ၇၀ ကျော်တွင် အစားအစာနှင့် ပတ်သက်သည့် တိုင်ကြားစာများ အပါအဝင် ကုန်စည်များ အတွက် တိုင်ကြားစာ ၁၅ စောင်၊ ဟိုတယ်နှင့် ခရီးသွား လုပ်ငန်း၊ ဆက်သွယ်ရေး လုပ်ငန်း အစရှိသည့် ဝန်ဆောင်မှု လုပ်ငန်း များနှင့် ပတ်သက်သည့် တိုင်ကြားစာ ၅၅ စောင်တို့ ဖြစ်ကြောင်း ဒေါ်ခင်မြင့်မြင့်သန်းက ပြောသည်။
မန္တလေးတိုင်း အစားအစာနှင့် ဆေးဝါးကြီးကြပ် ကွပ်ကဲရေး ဦးစီးဌာန (FDA) မှ ဒေါက်တာ ကောင်းထက်ဦးက လည်း“စီးပွား ရေး လုပ်ငန်းရှင် တချို့က ဝိသမ လောဘသမားတွေ ရှိတယ်။ ရေသန့် တံဆိပ် တခုကို သောက်သုံးရန် မသင့်လို့ ကြေ ညာလိုက်ရင် တခြား နာမည် တခုနဲ့ ပြောင်းထုတ်ကြတယ်။ ဒါမှမဟုတ် ဒီလိုကြေညာချက်တွေနဲ့ မြန်မြန်ဆန်ဆန် လက် လှမ်း မမီတဲ့ နယ်မြို့လေးတွေမှာ သွားရောင်းကြတယ်။ ဒါတွေကို အရေးယူမှု အပိုင်း အားနည်းနေတယ်လို့ မြင် ပါ တယ်”ဟု ပြောဆိုသည်။
စားသုံးသူများ အတွက် ဥပဒေကြောင်း အကာအကွယ် ကိစ္စတွင် ၂၀၁၄ ခုနှစ် မြန်မာနိုင်ငံ စားသုံးသူ ကာကွယ်ရေး ဥပဒေ ရှိသော်လည်း ယင်းဥပဒေတွင် ပြဌာန်းထားသည့် ပြစ်ဒဏ်များမှာ ယနေ့ခေတ် အနေအထားဖြင့် ပြစ်မှု ပြစ် ဒဏ် ပိုင်းတွင် အားနည်းကြောင်း မြန်မာနိုင်ငံ ရှေ့နေ ကွန်ရက်မှ တရား လွှတ်တော်ရှေ့နေ ဦးမြင့်အောင်ထွဏ်း က ပြော သည်။
၂၀၁၄ ခုနှစ် ဥပဒေတွင် အများပြည်သူ ကျန်းမာရေး အတွက် ဘေးအန္တရာယ်ရှိသော ကုန်စည်များ ထုတ်လုပ်ခြင်း၊ ဖြန့်ဖြူး ရောင်းချသူအား ယင်းဥပဒေ ပုဒ်မ ၂၃ အရ ထောင်ဒဏ် ၃ နှစ်သို့မဟုတ် ငွေဒဏ် ကျပ် ၅ သိန်း သို့မဟုတ် ဒဏ် ၂ရပ်စလုံး ဖြစ်စေ ချမှတ်နိုင်ကြောင်း ပြဋ္ဌာန်းထားသည်။
ထို့ပြင် ယင်းဥပဒေ၏ နည်းဥပဒေ မထွက်သေးသဖြင့် အရေးယူမှု အပိုင်း၌ မည်သူက တာဝန်ယူ ဆောင်ရွက်မည်ကို မသိရှိကြောင်း ဆွေးနွေးသွားကြသည်။
ရှေ့နေ ဦးမြင့်အောင်ထွဏ်းက စားသုံးသူ ရေးရာ ဥပဒေ အသစ်ကို ပြီးခဲ့သည့် နှစ်က စတင် ရေးဆွဲလျက် ရှိပြီး မူကြမ်း အဆင့် ပြီးသွားပြီ ဖြစ်ကြောင်း ပြောဆိုသည်။
တရား လွှတ်တော်ရှေ့နေ ဦးမြင့်အောင်ထွဏ်းက “ဥပဒေတွေ ဘယ်လိုပဲ ကောင်းအောင် ပြုစုပြဌာန်းပါစေ လိုက်နာဖို့၊ ဥပဒေအတိုင်း အရေးယူဖို့ အရေးကြီး ပါတယ်။ အဲဒီလို မဟုတ်ရင်တော့ ဥပဒေက စာရွက်ပေါ်မှာပဲ ရှိနေပြီး ပြည်သူ အတွက် ဘာမှအသုံးကျမှာ မဟုတ်ပါဘူး”ဟုလည်း ဆိုသည်။
အဆိုပါ မန္တလေး ဆွေးနွေးပွဲ၌ စီးပွားရေး လုပ်ငန်းရှင်များသည် ပြဌာန်း ဥပဒေများနှင့် အညီ လိုက်နာရန် လိုခြင်း၊ ဖောက်ဖျက် ပါက သက်ဆိုင်ရာ တာဝန်ရှိ ဌာနများက ထိရောက်သော အရေးယူမှုကို စဉ်ဆက်မပြတ် ဆောင်ရွက်ရန် လိုကြောင်း ဆွေးနွေး ကြသည်။
ထို့ပြင် စားသုံးသူ ပြည်သူများ အနေဖြင့် အစားအစာ ဘေးအန္တရာယ် ကင်းရှင်းရေး အတွက် အသိပညာ ဗဟုသုတ များ ရှိခြင်း၊ အသိပေး တိုင်ကြားခြင်းများဖြင့် ဟန်ချက်ညီမှသာ အောင်မြင်နိုင်မည်ဟုလည်း ပြောဆို ဆွေးနွေးသွား ကြသည်။
လက်ရှိ၌ ရပ်ကွက်များ အတွင်း တပိုင်တနိုင် ထုတ်လုပ် ရောင်းချနေသည့် ရေသန့် လုပ်ငန်းများ၊ စာသင်ကျောင်း မုန့် အရောင်းဆိုင်များ၌ ရောင်းချနေသည့် ကလေးများ စားသုံးရန် မသင့်သည့် အစားအသောက်များ စသည်တို့ကိုလည်း စစ်ဆေးမှုနှင့် အရေးယူမှု အပိုင်း၌ အားနည်းနေသေးကြောင်း မန္တလေး ဒေသခံ ပြည်သူ တချို့က ပြောဆိုကြသည်။
အဆိုပါ ဆွေးနွေးပွဲသို့ တက်ရောက်ခဲ့သော မန္တလေး မြို့ခံ အိမ်ရှင်မ တဦးက“အချိုမှုန့်၊ ကြက်သားမှုန့် တွေက ကျန်းမာ ရေးနဲ့ မညီညွှတ်ဘူးလို့ ပြောကြတယ်။ ဒါပေမယ့် အခု တီဗီမှာ လာနေတဲ့ ဟင်းချက်ပြိုင်ပွဲ အစီအစဉ်တွေမှာ အဲဒီ ကြက်သား မှုန့်၊ အချိုမှုန့်တွေကိုပဲ တွင်တွင်ကျယ်ကျယ် သုံးပြကြတယ်။ တဖက်မှာလည်း မကောင်းဘူးလို့ ပြောတယ်၊ တီဗီ ကြော်ငြာတွေမှာကျ မပိတ်ဘူး ဆိုတော့ လူထုကို ကျန်းမာရေး အသိဝေဝါးအောင် လုပ်တယ်လို့ ယူဆ မိတယ်” ဟု ပြော သည်။
FDA မှ အစာအစာများ ဘေးကင်း လုံခြုံရေး အတွက် စစ်ဆေးခြင်း၊ စားသုံးရန် မသင့်သည့် စားသောက်ကုန်များကို ကြေညာ ပေးခြင်းများ ပြုလုပ်လျက်ရှိပြီး အရေးယူမှု အပိုင်းတွင် စည်ပင်သာယာရေး ကော်မတီလည်း ဆောင်ရွက် ရမည် ဖြစ်ကြောင်း သိရသည်။