နိုင်ငံတဝန်း အစိုးရ တပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ (EAOs) တိုက်ပွဲများအစား EAOs အချင်းချင်း တိုက်ပွဲများ ပိုများလာကြောင်း ငြိမ်းချမ်းရေးနှင့် လုံခြုံရေးဆိုင်ရာ မြန်မာ အင်စတီကျု (MIPS) က ထုတ်ပြန်လိုက်သည်။
ပြီးခဲ့သည့် နိုဝင်ဘာအတွင်း လက်နက်ကိုင်ပဋိပက္ခပေါင်း ၄၄ ကြိမ် ရှိခဲ့သည့်အနက် တပ်မတော်နှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ (EAOs) ထိတွေ့မှုမှာ ၂၁ ကြိမ် ရှိပြီး EAOs အချင်းချင်း ထိတွေ့မှုမှာ ၁၃ ကြိမ်နှင့် ဒေသန္တရ လက်လုပ်မိုင်းအသုံးပြု တိုက်ခိုက်မှု ၁၀ အထိ ရှိသည်ဟု MIPS ၏ နိုဝင်ဘာလအတွက် လစဉ် ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
MIPS အလုပ်အမှုဆောင် ညွှန်ကြားရေးမှူး ဦးမင်းဇော်ဦးက “တိုက်ပွဲအရှိန် တက်လာတာက တပ်မတော်နဲ့ မဟုတ်ဘူး၊ တိုက်ပွဲအရှိန်တက်လာတာက EAO (တိုင်းရင်းသားလက်နက်ကိုင်) အချင်းချင်း တိုက်ပွဲတွေက အရှိန်ပိုတက်လာတာကို တွေ့ရတယ်” ဟု ပြောသည်။
အောက်တိုဘာလကမူ တပ်မတော်နှင့် EAOs အဖွဲ့များ ထိတွေ့မှုမှာ ၁၆ ကြိမ်နှင့် EAOs ချင်း ထိတွေ့မှုမှာ ၁၂ ကြိမ်ရှိခဲ့ပြီး မိုင်းအသုံးပြု တိုက်ခိုက်မှု ပဋိပက္ခမှာ ၁၇ ကြိမ် ရှိခဲ့သည်။
လက်နက်ကိုင် ပဋိပက္ခများမှာ တိုင်းရင်းသားဒေသများရှိ မြို့နယ် ၂၀ တွင် ဖြစ်ပွားခြင်းဖြစ်ကာ မြို့နယ် ၁၁ ခုတွင် တကြိမ်ဆီသာ ဖြစ်ပွားခဲ့ပြီး ရှမ်းပြည်နယ် နမ္မတူမြို့နယ်တွင် ၇ ကြိမ်၊ ချင်းပြည်နယ် ပလက်ဝ၊ ရှမ်းပြည်နယ် ကျောက်မဲ၊ သီပေါ၊ ကွက်ခိုင်မြို့နယ်တို့တွင် ၄ ကြိမ်စီခန့် ဖြစ်ပွားကြောင်း MIPS ထုတ်ပြန်ချက်တွင် ပါရှိသည်။
ရှမ်းပြည်နယ်အတွင်း လက်နက်ကိုင်ပဋိပက္ခ မြင့်တက်လာခြင်းမှာ ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ (RCSS/ SSA) နှင့် တအာင်း (ပလောင်) အမျိုးသား လွတ်မြောက်ရေး တပ်ဖွဲ့ (TNLA) – ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP) ပူးပေါင်းတပ်ဖွဲ့တို့အကြား တိုက်ပွဲများ ပိုများလာခြင်းကြောင့် ဖြစ်ပြီး တိုက်ပွဲဖြစ်ရာ နယ်နိမိတ်လည်း ကျယ်ပြန့်လာသည်ဟု MIPS က ထုတ်ပြန်ထားသည်။
ဦးမင်းဇော်ဦးက “တခါတလေကျရင် ၂ ဖက်တွေ့ဆုံ ဖြစ်ကြတာ ရှိတယ်။ ဒါမှမဟုတ် တဖက်ကနေပြီးတော့ စစ်ဆင်ရေး လုပ်ပြီးတော့ တဖက်ကို သွားပြီးတော့ တိုက်တာမျိုးတွေ ရှိခဲ့တယ်။ တခါတလေကျလို့ရှိရင်လည်း သယံဇာတနဲ့ ဖြစ်တဲ့ တချို့ပြဿနာမျိုးတွေလည်း ရှိတာပေါ့ဗျာ။ အကြောင်းအရာကတော့ တိုက်ပွဲတိုင်းကို ဘာကြောင့်ဖြစ်တယ်လို့တော့ ကျနော်တို့လည်း မသိနိုင်ဘူး” ဟု ဆိုသည်။
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အချင်းချင်း ဖြစ်ပွားသည့် ပဋိပက္ခတွင် အများဆုံး ပါဝင်နေသည့် RCSS မှာ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ထိုးထားသည့် အဖွဲ့ဖြစ်သည်။
နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင် က “တောင်ပိုင်းကနေပြီးတော့ မြောက်ပိုင်းကိုလာပြီး ကျူးကျော်တယ်ဆိုတဲ့ အယူအဆနဲ့ အခုက တိုက်ပွဲတွေ ဖြစ်နေကြတာ။ အဲဒီကိစ္စကို ဘယ်သူမှ ထိန်းလို့လည်း မရပါဘူး။ ဘယ်လိုဖြေရှင်းမလဲ ဆိုရင် NCA မှာ အားလုံးပါဝင်လာနိုင်အောင် လုပ်ဖို့ လိုတယ်။ ပြီးရင် စစ်ရေးလှုပ်ရှားမှုတွေကို ရပ်ဆိုင်းပစ်ဖို့ လိုတယ်။ NCA ကို လက်ရှိ ဖြစ်ပေါ်နေတဲ့ကိစ္စတွေအပါအဝင် ပြန်သုံးသပ်ဖို့ လိုတယ်။ နောက်တခုက နေရာသတ်မှတ်မှုကိစ္စကို တိတိကျကျ လုပ်နိုင်ဖို့ လိုတယ်” ဟု ဧရာဝတီကို ပြောသည်။
ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်နှင့် ရခိုင်ပြည်နယ်၊ ဘူးသီးတောင်နှင့် ပုဏ္ဏားကျွန်းမြို့နယ်တို့တွင်လည်း ရက္ခိုင့်တပ်မတော် (AA) နှင့် တပ်မတော်အကြား ထိတွေ့မှုများ ရှိနေခြင်းမှာ နယ်မြေပြဿနာများကြောင့် ဖြစ်သည်ဟု MIPS က ဆိုထားသည်။
ဦးမင်းဇော်ဦး က “AA ရဲ့ အဓိကရည်မှန်းချက်ကတော့ ရခိုင်ပြည်နယ်ထဲမှာ ခြေကုပ်ရရေးဆိုတဲ့ဟာက သူတို့ ရည်မှန်းချက်ပေါ့။ AA က နေရာယူဖို့ ကြိုးစားတယ်၊ တပ်မတော်ဘက်က သွားတိုက်တယ်။ တိုက်လို့ရှိရင် AA ကလည်း ရှောင်ထွက်သွားတယ်၊ ဘင်္ဂလားဒေ့ရှ်ထဲ ဝင်သွားတာရှိတယ်။ အဲဒီလို ရှောင်ထွက်သွားလို့ရှိရင် ပြန်ငြိမ်သွားပြန်ရော။ ပြီး ပြန်ပေါ်လာပြန်ရော။ ဒါပေမယ့် တနိုင်ငံလုံးအနေနဲ့ ကြည့်မယ်ဆိုရင်တော့ တပ်မတော်နဲ့ ဖြစ်တဲ့ တိုက်ပွဲတွေက အရှိန်အများကြီးကျသွားတယ်လို့ ပြောလို့ ရတာပေါ့”ဟု ပြောသည်။
လက်ရှိတွင် AA အပါအဝင် TNLA၊ မြန်မာ့အမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) က ငြိမ်းချမ်းရေး ကော်မရှင် (PC) နှင့် ဒီဇင်ဘာလ ၁၂ ရက်က တရုတ်တွင် တွေ့ဆုံပြီးနောက် စစ်ရေးကိစ္စ ရပ်တန့်ကာ နိုင်ငံရေးလမ်းကြောင်းဖြင့် သွားမည်ဟု ကြေညာချက် ထုတ်ပြန်ထားသည်။
၂၀၁၈ ခုနှစ်အတွင်း ပဋိပက္ခအများဆုံးကာလမှာ မတ်လ ဖြစ်ပြီး အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ (EAOs) အကြား ထိတွေ့မှုမှာ ၈၉ ကြိမ်အထိ ရှိခဲ့ပြီး EAOs အချင်းချင်းကြား ထိတွေ့မှု ၃ ကြိမ်နှင့် မိုင်းအသုံးပြုတိုက်ခိုက်မှု ၁၈ ကြိမ်အထိ ရှိခဲ့သည်ဟု MIPS စာရင်းဇယားများအရ သိရသည်။