စစ်ကိုင်းမြို့ မင်းကွန်း တောင်ရိုး ပညာရေး အကယ်ဒမီကျောင်းတွင် ပြုလုပ်ခဲ့သည့် အလှူတခု၌ ဘာသာရေး အမြင်စောင်း စေမှု ဖြစ်ပွားခဲ့သဖြင့် တောင်းပန်ကြောင်း ခရစ်ယာန် သင်းအုပ်ဆရာ ဦးအောင်ထွန်းဦးက ဧရာဝတီကို ပြောသည်။
ဒီဇင်ဘာ ၈ ရက်က အဆိုပါ ပညာရေး အကယ်ဒမီကျောင်း၌ ခရစ်ယာန် သင်းအုပ်ဆရာ တပါးက ခရစ္စမတ် ကာလ ဖြစ် သောကြောင့် ကျောင်းရှိ ကျောင်းသား ကလေးငယ်များအား အာဟာရ ဒါနလှူဒါန်းခြင်း၊ လက်ဆောင်ပစ္စည်း ပေးအပ်ခြင်း နှင့် စုပေါင်း သီဆို တီးမှုတ်ခြင်းများ ဆောင်ရွက်ခဲ့သည့် အပြင် ကျောင်းရှိ ကျောင်းသား ကလေးငယ်များ၊ သာမဏေ၊ သီ လ ရှင်များအား လက်အုပ် ချီစေခြင်း၊ ခရစ်ယာန် ဘာသာ အမှတ်အသား လက်ဝါးကပ်တိုင် တံဆိပ်များ ကိုင်ဆောင် ဟော ပြောခြင်း၊ ဆုတောင်းခြင်းများ ပြုလုပ် စေခိုင်းခဲ့သည်ဟု သတင်းများ ထွက်ပေါ်ခဲ့သည်။
ယင်းကိစ္စနှင့် ပတ်သက်၍ ဗုဒ္ဓဘာသာဝင်များ အမြင်စောင်းစေမှု၊ စိတ်ထိခိုက်စေသည့် အပေါ် အနူးအညွတ် တောင်းပန် ကြောင်းနှင့် သဘောရိုးဖြင့်သာ ဆုတောင်း မေတ္တာပေးပို့ခြင်း ဖြစ်ကြောင်း သင်းအုပ်ဆရာ ဦးအောင် ထွန်းဦးက ပြောသည်။
“အလှူ လုပ်ပြီးတဲ့ အချိန်မှာ ဆုတောင်း မေတ္တာပို့သတာပါ။ လက်ဝါးကပ်တိုင် အမှတ်အသား ပြတယ် ဆိုတာ ခရစ္စမတ် အကြောင်းကို ကလေးတွေ သိဖို့ ရှင်းပြတဲ့ အတွက် ဒီပုံလေးကို ပြရင်း နားလည်စေဖို့ပဲ ရည်ရွယ်လိုက်တာပါ။ ဒါပေမယ့် အခုလို နားလည်မှု လွဲသွားတဲ့ အပေါ် ခွင့်လွှတ်ပေးဖို့ အနူးအညွတ် တောင်းပန်ပါတယ်။ တခြား ဘာသာ အပေါ် စော်ကား လို စိတ် မရှိသလို အဲဒီလိုလည်း မလုပ်ရဲပါဘူး”ဟု ၎င်းက ပြောပြသည်။
အဆိုပါ ဆုတောင်းခြင်း ပြုလုပ်ခဲ့သည့် ဗီဒီယိုဖိုင်သည် လူမှုကွန်ရက် Facebook တွင် ပျံ့နှံ့ခဲ့ပြီး ဘာသာရေး အပေါ် ဝေဖန် မှု များ ဖြစ်ပေါ်ခဲ့ကာ ခရစ်ယာန် သင်းအုပ် ဆရာတော်အား ဘာသာရေး ကိစ္စနှင့် ပတ်သက်ပြီး ကိုးကွယ်ရာ ဘာသာရေး စိတ်ဓာတ်ကို နာကျည်းစေရန် ကျူးလွန် ပြုလုပ်မှု ပုဒ်မ ၂၉၅ (က) ဖြင့် တရားစွဲဆိုရန် မကွေးကျောင်း ဆရာတော် ဦးပါမောက္ခက စစ်ကိုင်းမြို့ တရားရုံး၌ ဦးတိုက် လျှောက်ထားပြီး ဖြစ်ကြောင်း သိရသည်။
ဦးအောင်ထွန်းဦးက“ခရစ္စမတ် ကာလမှာ အားလုံး လှူကြ တန်းကြတာပါပဲ။ လုပ်သင့် လုပ်ထိုက်တဲ့ အလှူမို့ အားလုံး အစီအစဉ် အသေးစိတ် လုပ်ပြီး ပျော်ပျော်ပါးပါး လုပ်ခဲ့ကြတာပါ။ အခုလို ဒုက္ခရောက်မယ်လို့ မတွေးမိပါဘူး။ အလှူလုပ်ရင်း ဒုက္ခရောက်ရတဲ့ အပြင် တရားပါ စွဲခံထားရတဲ့ အတွက် နေလို့ထိုင်လို့ မတတ်လောက်အောင် စိတ်ကြေကွဲ ရပါတယ်။ အဲဒီအတွက် သဘောရိုးနဲ့ လုပ်ခဲ့တဲ့ကိစ္စအပေါ် အမြင်မစောင်းဘဲ ခွင့်လွှတ်ပေးဖို့ပဲ ပြောလိုပါတယ်”ဟု ပြောသည်။
မင်းကွန်းတောင်ရိုး ပညာရေး အကယ်ဒမီကျောင်းတွင် ဒီဇင်ဘာ ၈ ရက်က ဖြစ်ပွားခဲ့သော ဘာသာရေး ကိစ္စသည် ခွင့်ပြု ထားသည်ထက် ကျော်လွန် ဆောင်ရွက်ခြင်း ဖြစ်ကြောင်း ဒီဇင်ဘာ ၁၃ ရက်က မင်းကွန်း တောင်ရိုး ပညာရေး အကယ်ဒမီ ကျောင်းတွင် ပြုလုပ်ခဲ့သော သတင်းစာ ရှင်းလင်းပွဲ၌ အဆိုပါ ကျောင်း၏ ကျောင်းအုပ် ဆရာတော် ဦးဥက္ကဋ္ဌ က မိန့်ကြား သည်။
“ဦးပဉ္ဇင်း ခွင့်ပြုခဲ့တာက အာဟာရ ဒါန ကျွေးမွေးတာ၊ လက်ဆောင် ပစ္စည်းပေးတာနဲ့ စုပေါင်း သီဆို တီးမှုတ်ခွင့်ကိုပဲ ပေးခဲ့ တာပါ။ ဘုန်းကြီးကျောင်းမှာ ရှိတဲ့ တပည့် သားမြေး ဗုဒ္ဓ ဘာသာဝင်တွေကို လက်ဝါးကပ်တိုင် ရှေ့ထားပြီး ခရစ်ယာန် ဘာ သာဝင်တွေရဲ့ သွတ်သွင်းခြင်း ခံရတဲ့ ကိစ္စဟာ ဘုန်းကြီး ခွင့်ပြုချက် သဘောထား တစုံတခုမှ မပါပါဘူး”ဟု ကျောင်းအုပ် ဆရာတော်က မီဒီယာများအား ရှင်းလင်း မိန့်ဆိုသည်။
ကျောင်းအုပ် ဆရာတော်က ဆက်လက်၍“ဘုန်းကြီးက ကျောင်းအုပ် ဆရာတော် ဆိုပေမယ့် ကျောင်းကို ထိန်းသိမ်း စောင့်ရှောက်နေတဲ့ ညွှန်ကြားနေတဲ့ ဆရာတော် တွေရဲ့ ခွင့်ပြုချက်အရ ခွင့်ပြုပေးခဲ့ပါတယ်။ ဒီထက်ပိုပြီး ဘယ်အရာမှ ခွင့်မပြုခဲ့ပါ”ဟုလည်း မိန့်သည်။
ယင်းကိစ္စနှင့် ပတ်သက်၍ ခရစ်ယာန် တရားဟော ဆရာအား အရေးယူပေးရန် အတွက် မကွေးကျောင်း ဆရာတော် ဦးပါမောက္ခ ဦးဆောင်၍ စစ်ကိုင်းမြို့ တရားရုံးသို့ ဒီဇင်ဘာ ၁၂ ရက်က ဦးတိုက် လျှောက်ထားခဲ့ကာ တရားရုံးက လက်ခံ ခဲ့ပြီး ဒီဇင်ဘာလ ၂၀ ရက်တွင် ရုံးချိန်း ချိန်းဆိုထားကြောင်း သိရသည်။
အဆိုပါ ခရစ်ယာန် သင်းအုပ်ဆရာနှင့် ပတ်သက်၍ မန္တလေးမြို့ ခရစ်ယာန် အသင်းတော်များ ကောင်စီက ၎င်း၏ စိတ်ဆန္ဒ အလျောက် ပြုလုပ်ခဲ့ခြင်း ဖြစ်ပြီး ယင်းအပေါ် အပြင်းအထန် ကန့်ကွက်ကြောင်း ပြီးခဲ့သည့် ဒီဇင်ဘာ ၁၂ ရက်နေ့တွင် ထုတ်ပြန် ထားသည်။