သတင်း

တရားစွဲခံရသူများပါ၍ သရပါ သပိတ်ခေါင်းဆောင်းများကို တိုင်းအစိုးရ မတွေ့

Want create site? Find Free WordPress Themes and plugins.

နေပြည်တော်သို့ ချီတက်စဉ် ဖြိုခွဲခံရသည့် သရပါ အလုပ်သမားသပိတ်နှင့် ပတ်သက်၍ မန္တလေးတိုင်း အစိုးရက ညှိနှိုင်းဆွေးနွေးရန် စာပို့သည့်အတွက် သွားရောက်ခဲ့သော်လည်း လက်ခံတွေ့ဆုံခြင်း မရှိခဲ့ဟု မြန်မာနိုင်ငံ စက်မှု၊ လက်မှုနှင့် ဝန်ဆောင်မှု လုပ်ငန်းပေါင်းစုံ အလုပ်သမားများ သမဂ္ဂ အဖွဲ့ချုပ် (MICS) က ပြောသည်။

တိုင်းအစိုးရအဖွဲ့က သရပါဟိုတယ်မှ ဝန်ထမ်း ၁၂ ဦး အလုပ်ထုတ်ခံရမှု ကိစ္စနှင့် ပတ်သက်၍ ညှိနှိုင်းဆွေးနွေးပေးလိုသည့် အတွက် ဒီဇင်ဘာလ ၁၄ ရက် နေ့လယ် ၂ နာရီတွင် အစိုးရအဖွဲ့ရုံးထံ လာရောက်ပေးရန် သရပါဟိုတယ်သပိတ် ခေါင်းဆောင်များထံ စာပေးပို့ခဲ့ခြင်း ဖြစ်သည်။

အဆိုပါ စာကို ညောင်ဦးမြို့နယ် အုပ်ချုပ်ရေးမှူးနှင့် မြို့နယ် စီမံခန့်ခွဲမှု ဥက္ကဋ္ဌ ဦးအောင်ကိုဝင်းက လက်မှတ်ရေးထိုး ပေးပို့ခဲ့ခြင်း ဖြစ်ပြီး ချီတက်သပိတ်တွင် ပါဝင်မှုကြောင့် တရားစွဲခံထားရသူများ ပါဝင်နေသည့်အတွက် တွေ့ခွင့် မပေးခဲ့ခြင်း ဖြစ်သည်။

MICS အထွေထွေအတွင်းရေးမှူး ကိုသက်နှင်းအောင် က “သပိတ်ခေါင်းဆောင်များ ရောက်လာချိန်မှာ တိုင်းအစိုးရ အဖွဲ့ဝင်း အတွင်းကို တရားစွဲခံထားရသူများကို ဝင်ခွင့်မပေးပါဘူးဆိုပြီး ညောင်ဦးခရိုင် အလုပ်သမားဦးစီးဌာနက ဦးစီးမှူး ဒေါ်မေနှင်းသူက ဖုန်းဆက်ပြီး ပြောလာပါတယ်။ အဲဒီတော့ ဒီသပိတ်ကို ခေါင်းဆောင်တာကလည်း တရားစွဲခံရသူတွေပဲ ဆိုတော့ တရားစွဲခံရလို့ ဝင်ခွင့်မပေးဘူးဆိုရင် ဘယ်သူနဲ့ ညှိနှိုင်းမှာလဲ။ အဲဒါကြောင့် တိုင်းအစိုးရအဖွဲ့ရုံးရှေ့ကနေ လှည့်ပြန်လာခဲ့ရပါတယ်” ဟု ဧရာဝတီကို ပြောသည်။

သရပါဟိုတယ် ဝန်ထမ်းများအား စေ့စပ်ညှိနှိုင်းပေးရန် ခေါ်ယူပြီးမှ ပယ်ဖျက်ခြင်းနှင့် ပတ်သက်၍ ညောင်ဦးမြို့နယ်၊ အလုပ်သမား ဆက်ဆံရေး ဦးစီးဌာန ဦးစီးမှူး ဒေါ်မေနှင်းသူ က “အဲဒီကိစ္စနဲ့ပက်သက်ပြီး ပြောဖို့ ကျမကို တာဝန်ပေးမထားတဲ့အတွက် ပြောလို့ မရပါဘူးရှင်။ အသေးစိတ်သိချင်တယ်ဆိုရင်တော့ တိုင်းအစိုးရအဖွဲ့ရုံးကိုပဲ ဆက်သွယ်ပေးပါလို့။ ကျမတို့ကလည်း ဝန်ထမ်းဆိုတော့ တာဝန်အရလုပ်ရတာပါ” ဟု ဧရာဝတီကို ပြောသည်။

ဆက်လက်၍ အလုပ်သမားများအရေး ကိုင်တယ်ဖြေရှင်းပေးရသည့် မန္တလေးတိုင်း သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန ဝန်ကြီး ဦးမျိုးသစ်နှင့် အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးအုန်းလွင်ထံ ဧရာဝတီက ဆက်သွယ်ခဲ့သော်လည်း ဆက်သွယ်၍ မရခဲ့ပေ။

သပိတ်စစ်ကြောင်း ဖြိုခွင်းခံရမှုအပြီး တရားစွဲခံထားရသူများမှာ သရပါဟိုတယ်မှ အလုပ်ထုတ်ခံထားရသူ ၅ ဦးသာ ပါဝင်ပြီး ဗကသ အဖွဲ့ချုပ်မှ ၃ ဦး၊ ကျောက်ဆည် သံတော်မြတ် ဘိလပ်မြေစက်ရုံမှ ၁ ဦး၊ မီကို ကော်ဖီမစ်စက်ရုံမှ အလုပ်ထုတ် ခံထားရသူ ၃ ဦးနှင့် MICS အဖွဲ့မှ တိုင်းတာဝန်ခံတို့ ဖြစ်သည်။

မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်၊ ပုဂံရှိ သရပါဟိုတယ် အလုပ်သမား သပိတ်စခန်းကို ဒီဇင်ဘာလ ၁၁ ရက်က အာဏာပိုင်များက ဖြိုခွင်းခဲ့သည့်အတွက် အခြားကဏ္ဍများရှိ အလုပ်သမားများ စုပေါင်းကာ ပုဂံမှ နေပြည်တော်သို့ ဒီဇင်ဘာလ ၁၃ ရက်က လမ်းလျှောက်ချီတက် ဆန္ဒထုတ်ဖော်ခဲ့ခြင်း ဖြစ်သည်။

သို့သော် ညောင်ဦးမြို့အထွက် ကျောက်ကူးကွေ့အနီးတွင် ညောင်ဦးရိုင် ရဲတပ်ဖွဲ့မှ အင်အား ၁၀၀ ကျော်က ဖြိုခွဲခဲ့ပြီး သပိတ်ဝန်းရံသူ မြန်မာနိုင်ငံလုံး ကျောင်းသားများသမဂ္ဂအဖွဲ့ချုပ် (ဗကသ) အဖွဲ့ဝင် ကျောင်းသားများ အပါအဝင် သပိတ်မှောက်လုပ်သား ၁၃ ဦးတို့ကို ဖမ်းဆီးကာ ညောင်ဦးမြို့မ စခန်းမှူးက တရားလိုပြုလုပ်ကာ ငြိမ်းချမ်းစွာ စုဝေးခြင်းနှင့် စီတန်းလှည့်လည်ခွင့်ဆိုင်ရာ ဥပဒေ ပုဒ်မ ၁၉ ဖြင့် အမှုဖွင့်ထားသည်။

သရပါဟိုတယ် အလုပ်သမားသမဂ္ဂခေါင်းဆောင် ကိုနေမျိုးဝင်းက “လက်ရှိ အစိုးရအနေနဲ့ အလုပ်သမားအရေးအပေါ် လျစ်လျုရှုတာ များတယ်။ ဖြေရှင်းပေးမှုမှာလည်း အလွန်အားနည်းတယ်။ အလုပ်သမား သပိတ်တွေအပေါ် အခုလို အကြမ်းဖက် ဖြိုခွဲ ဖမ်းဆီးနှိမ်နင်းတာတွေက လူသားလည်း မဆန်ဘူး” ဟု ဆိုသည်။

သို့သော် ညောင်ဦးခရိုင် ဒုအုပ်ချုပ်ရေးမှူး ဦးခင်ဇော်ကမူ “သပိတ်စစ်ကြောင်း ထွက်မယ်ဆိုတာကို ငြိမ်းချမ်းစွာ စုဝေးခြင်းနှင့် စီတန်းလှည့်လည်ခြင်းဆိုင်ရာ ဥပဒေနဲ့အညီ ကြိုတင် အသိပေးထားခြင်း မရှိတဲ့အတွက် ခရိုင်နဲ့ မြို့နယ် ရဲတပ်ဖွဲ့ဝင်တွေက မြို့အထွက်မှာ နောက်ကြောင်းပြန် လှည့်ဖို့ပြောတယ်။ ဒါကို လက်မခံဘဲ အတင်းတိုးထွက်ပြီး အဓိကရုဏ်းအသွင် လုပ်ဆောင်လာလို့ ၁၃ ဦးကို ဖမ်းခဲ့ပြီး ညောင်ဦးမြို့နယ်တရားရုံးမှာ ငြိမ်းစုစီပုဒ်မနဲ့ တရားစွဲဆိုထားတယ်” ဟု ပြောသည်။

လက်ရှိတွင် ဖမ်းဆီး တရားစွဲဆိုထားသူများကို အာမခံဖြင့် ပြန်လွှတ်ပေးထားပြီး ဒီဇင်ဘာလ ၁၇ ရက်တွင် စတင် စစ်ဆေးမည်ဟု သိရသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading