ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်၊ သက္ကယ်ပြင်ကျေးရွာမှ တရုတ်နိုင်ငံ၊ ရွှေလီမြို့သို့ အလုပ်လုပ်ကိုင်ရန် ထွက်ခွာလာ သည့် ဘင်္ဂါလီ ၁၅ ဦးအား လိုက်ပါပို့ဆောင်သူ နှစ်ဦးနှင့်အတူ နောင်ချိုမြို့နယ် အိုရီယမ်တယ် တိုးဂိတ်တွင် ဒီဇင် ဘာ ၁၂ ရက်နေ့က ဖမ်းမိခဲ့ကြောင်း နောင်ချိုမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးက သိရသည်။
ဖမ်းထားသူထဲတွင် အမျိုးသား ၁၃ ဦးနှင့် အမျိုးသမီး ၂ ဦးပါဝင်ပြီး ရွှေလီမြို့သို့ သွားရောက်လုပ်ကိုင်နိုင်ရေးအတွက် ဦးအာမင်(စိစစ်ဆဲ)နှင့် ကလောမြို့၊ ရပ်ကွက် ၄ နေ မောင်မောင်တင် (ခ) ယူဆွတ်တို့ထံ တဦးလျှင် ကျပ်သိန်း ၂၀ ပေးဆောင်ခဲ့ရကြောင်း ဖမ်ဆီးခံရသူများက ရဲထံထွက်ဆိုထားသည်။
နောင်ချိုမြို့နယ် ရဲတပ်ဖွဲ့မှူးရုံး တာဝန်ရှိသူ တဦးက “ ရခိုင်ဘက်ကနေ တရုတ်ကိုသွားကြမှာလို့ သိရတယ်၊ အခု လ.ဝ.က ဥပဒေနဲ့တရားရုံး ဦးတိုက်လျှောက်ထားတယ်၊ ပြန်ပို့ဖို့တော့ လောလောဆယ် မရှိသေးဘူး” ဟု ပြောသည်။
ဒီဇင်ဘာ ၈ ရက်နေ့နံနက်အစောပိုင်းတွင် လူစု၍ စစ်တွေမှ ရန်ကုန်သို့ စက်လှေဖြင့်ထွက်ခွာလာခဲ့ပြီး ဒီဇင်ဘာ ၁၀ ရက်နေ့တွင် ရန်ကုန်ဆိပ်ကမ်းရှိ နှစ်ထပ်အိမ် တအိမ်သို့ရောက်ရှိကာ အနားယူခဲ့ကြောင်း ရဲတပ်ဖွဲ့က ထုတ်ပြန်သည်။
ယင်းနေ့ ည ၁၀ နာရီခန့်တွင် မြောက်ဒဂုံမြို့နယ်၊ အလုံလမ်းဆုံနှင့် ရွှေပြည်သာမြို့နယ်၊ ဒညင်းကုန်း လမ်းဆုံးတို့ အထိ ၎င်းတို့မှ အဖွဲ့ ၃ ဖွဲ့ခွဲ၍ လမ်းလျောက်သွားကာ ပူးပေါင်ခဲ့ကြပြီးနောက်
အီစွတ်ပါ နှစ်ဦးမှ ဦးဆောင်ကာ Hiace ယာဉ်ဖြင့် မူဆယ်မြို့သို့ထွက်ခွာလာစဉ် ဖမ်းဆီးခံရခြင်းဖြစ်ကြောင်း သိရသည်။
နောင်ချိုမြို့ခံတဦးဖြစ်သည့် ဦးတင်ဦး က “တရုတ်ဘက်ကို တက်မယ့်သူတွေ ပါလာတယ်လို့ သတင်းပေး ရတဲ့အတွက် ဖမ်းမိတာလို့ကြားတယ်၊ စခန်းမှာဖမ်းဆီး ထိန်းသိမ်းထားတာလဲ မှန်ပါတယ်” ဟု ဧရာဝတီသို့ ပြောသည်။
ဖမ်းဆီးရမိမှုနှင့်ပတ်သက်ပြီး လိုက်ပါပို့ဆောင်သူများဖြစ်သည့် ကလောမြို့နေ အေးမင်းထွန်း(ခ)စောနောင်နှင့် မောင်မောင်တင်တို့အား နောင်ချိုမြို့မရဲစခန်းက (ပ)၂၂၅/၂၀၁၈၊ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၆၇ ဖြင့် အမှုဖွင့်အရေးယူထားသည်။
ယာဉ်ပေါ်ပါ ဘင်္ဂါလီ ၁၅ ဦးကိုလည်း မြန်မာနိုင်ငံအတွင်း နေထိုင်သူများ အက်ဥပဒေပုဒ်မ ၆(၂)/(၃)ဖြင့် မြို့နယ်လူဝင်မှုကြီးကြပ်ရေး ဦးစီးဌာနက တရားလိုပြုလုပ်ကာ မြို့နယ်တရားရုံးတွင် ဦးတိုက်လျောက်ကာ တရားစွဲဆိုလျှက်ရှိကြောင်း သိရသည်။
ပြီးခဲ့သည့် နိုဝင်ဘာ ၁၆ ရက်နေ့ကလည်း ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တန်းမြို့နယ် တံတားမြို့ သံတဲကျေးရွာ အနီးတွင် စက်လှေဖြင့်ဝင်ရောက်လာသည့် ဘင်္ဂါလီ ၁၀၆ ဦးအား ဖမ်းဆီးရမိခဲ့ပြီး စစ်တွေမြို့သို့ တပ်မတော်ရေယာဉ်ဖြင့် ပြန်လည်ပို့ဆောင်ပေးခဲ့သည်။
နိုဝင်ဘာ ၂၅ ရက်နေ့ကလည်း တနင်္သာရီတိုင်းဒေသကြီး လောင်းလုံမြို့နယ်၊ ဘုတ်ကျွန်းအနီးတွင် ဖမ်းမိခဲ့သည့် ဘင်္ဂါလီ ၉၃ ဦးအား စစ်ဆေးမှုများပြုလုပ်ပြီးနောက် ၎င်းတို့ထွက်ခွာလာခဲ့သည့် စစ်တွေမြို့နယ်၊ သက္ကယ်ပြင်နှင့် သဲချောင်းကျေးရွာတို့ကို တပ်မတော်ရေယာဉ်ဖြင့် ပြန်ပို့ခဲ့သည်။
မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး(OCHA) ၏ နိုဝင်ဘာ ၂၆ ရက်နေ့ သတင်းထုတ်ပြန်ချက်တွင် ဘင်္ဂါလီများအနေဖြင့် ရခိုင်ပြည်နယ်အလယ်ပိုင်းမှ ဘင်္ဂလားပင်လယ်အော်ကို ဖြတ်ကာ ထွက်ခွာကြိုးပမ်းမှုများ ပိုမိုများပြားလာသည်ကိုတွေ့ရကြောင်း ဆိုထားသည်။