ရခိုင်ပြည်နယ် အတွင်း တပ်မတော်နှင့် ရက္ခိုင့် တပ်မတော် (AA) တို့ကြား ဖြစ်ပွားသည့် တိုက်ပွဲများကြောင့် ပုဏ္ဏားကျွန်း မြို့နယ်၌ စစ်ဘေးရှောင် မြိုတိုင်းရင်းသား ၃၀၀ ကျော် အထိ ရှိလာကြောင်း သတင်း ရရှိသည်။
ယင်း ထွက်ပြေး တိမ်းရှောင်လာသော မြို တိုင်းရင်းသားများသည် ၎င်းတို့ ရွာအနီး၌ လက်နက်ကြီး၊ လက်နက်ငယ်များ ပစ်ခတ်သံများကို ကြားရသောကြောင့် စိုးရိမ် ထိတ်လန့်ကာ ထွက်ပြေးလာခြင်း ဖြစ်ကြောင်းလည်း သိရသည်။
ပုဏ္ဏားကျွန်း မြို့နယ် သင်ပုန်းတန်း ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးသိန်းဝင်းက“ စစ်ဘေးရှောင်တွေ ထပ်တိုးလာပါတယ်။ မနေ့က နေ့လယ်က ၂၉၀ ထပ်ရောက်ပါတယ်။ အရင် ရောက်နေတဲ့ ဖက်ဝန်းချောင်း ရွာသား ၄၂ ဦးနဲ့ဆို အားလုံးပေါင်း ၃၃၂ ဦး ထိ ရှိနေပါတယ်။ ရွာအနားမှာ တိုက်ပွဲ ဖြစ်သံတွေ ကြားရတော့ ရွာမှာ ဆက်မနေရဲတော့လို့ ဒီကို ထွက်ပြေးလာ ကြတာလို့ ပြောပါတယ်”ဟု ဧရာဝတီသို့ ပြောသည်။
အဆိုပါ စစ်ရှောင်လာသော တိုင်းရင်းသားများမှာ ပုဏ္ဏားကျွန်းမြို့နယ် ကျောက်ဆည်တောင် ကျေးရွာမှ လူဦးရေ ၂၃၄ ဦး၊ သပြုချောင်း ကျေးရွာမှ ၅၆ ဦး၊ ဖက်ဝန်းချောင်း ကျေးရွာမှ ၄၂ ဦး စုစုပေါင်း ၃၃၂ ဦး တို့ ဖြစ်ကြသည်။
ဖက်ဝန်းချောင်း ရွာမှ ရွာသားများမှာ ဒီဇင်ဘာလ ၉ ရက်က ထွက်ပြေး တိမ်းရှောင်လာခြင်း ဖြစ်ပြီး ကျောက်ဆည်တောင် ကျေးရွာနှင့် သပြုချောင်း ကျေးရွာတို့မှာ ဒီဇင်ဘာလ ၁၃ ရက်က ထပ်မံ ရောက်ရှိလာခဲ့ခြင်း ဖြစ်သည်။
ဦးသိန်းဝင်းက“စစ်ဘေးရှောင်တွေကို လာရောက် ကူညီပေးတာတော့ ရှိပါတယ်။ ပုဏ္ဏားကျွန်းမြို့နယ် အုပ်ချုပ်ရေးမှူးက ဆန်နဲ့ရိက္ခာတွေ လာပေးပါတယ်။ လူမှုကူညီရေး အဖွဲ့တွေ လာပေးတာ ရှိတယ်။ ဒါပေမယ့် ပထမ ရောက်တဲ့ ဖက်ဝန်း ချောင်းရွာ က လူ ၄၀ ပဲရတယ်။ မနေ့က ရောက်တဲ့ လူ ၂၉၀ ကတော့ ကယ်ဆယ်ရေး မရသေးဘူး။ စားရေး သောက်ရေး အခက်အခဲတွေကတော့ အများကြီး ရှိနေပါသေးတယ်”ဟု ပြောသည်။
လက်ရှိ အချိန်တွင် သင်ပုန်းတန်း ကျေးရွာ၌ ထွက်ပြေးလာသော စစ်ဘေးရှောင် လူဦးရေ များပြားလာသည့် အတွက် ကျေးရွာ အနီးရှိ ချောင်းကမ်းဘေး ကွင်းပြင် အလွတ်နှင့် ဘုန်းတော်ကြီး ကျောင်းတို့တွင် နေရာ၂ ခု ခွဲကာ အသီးသီး နေ ရာ ချပေးထားကြောင်းလည်း သိရသည်။
အလားတူ ဘူးသီးတောင်မြို့နယ် ကံပြင် ကျေးရွာအနီးတွင် တပ်မတော်နှင့် AA တို့ တိုက်ပွဲများ ဖြစ်ပွားနေမှုကြောင့် ကံပြင် ကျေးရွာရှိ လူပေါင်း ၂၀၀ ကျော်မှာ ဒီဇင်ဘာလ ၁၁ ရက်က နီးစပ်ရာ စည်တောင် ကျေးရွာသို့ တိမ်းရှောင်ခဲ့ ရသည်။
လက်ရှိ အချိန်တွင် အဆိုပါ ကံပြင် ကျေးရွာ အနီးတဝိုက်တွင် တိုက်ပွဲဖြစ်သံများကို မကြားရတော့သည့် အတွက် ဒီဇင်ဘာ လ ၁၃ ရက်က စည်တောင် ကျေးရွာမှနေ ၎င်းတို့ နေထိုင်ရာသို့ ပြန်သွားကြပြီ ဖြစ်ကြောင်း ဘူးသီးတောင်မြို့နယ် အုပ်ချုပ် ရေးမှူး ဦးကျော်မင်းထွန်းက ပြောသည်။
အုပ်ချုပ်ရေးမှူး ဦးကျော်မင်းထွန်းက“စည်တောင်နဲ့ ကံပြင်က နီးနီးလေးဆိုတော့ ရွာသားတွေ သူ့နေရာ သူပြန်သွားကြ ပါပြီ။ ကျနော်တို့ကတော့ တပတ်စာ ဆန်၊ ဆီ၊ ဆား ရိက္ခာတွေ ထောက်ပံ့ပေးလိုက်ပါတယ်”ဟု ဧရာဝတီသို့ ပြောသည်။
လက်ရှိ၌ ဘူသီးတောင် မြို့နယ် အတွင်း တိုက်ပွဲဖြစ်ပွားမှု အခြေအနေမှာ တည်ငြိမ်နေပြီး လက်နက်ကြီး၊ လက်နက်ငယ် ပစ်ခတ်သံများကို မကြားရတော့သော်လည်း ရွာပြန်သွားသည့် ကံပြင် ကျေးရွာသားများမှာ အခြေအနေကို စောင့်ကြည့် လျက် ရှိကြောင်း သိရသည်။
ပြီးခဲ့သည့် နိုဝင်ဘာလ ၃၀ ရက်မှ စတင်ကာ မြန်မာ- ဘင်္ဂလားဒေ့ရှ် နယ်စပ် မိုင်တိုင်အမှတ် ၆၄ အနီး၊ ဘူသီးတောင် မြို့နယ်၊ နဟန်းရွာနှင့် ဝါးနက်ရုံကြား၊ ရသေ့တောင်မြို့နယ် ရေစိုးချောင်း အနီးတို့တွင် တိုက်ပွဲကြီး၊ တိုက်ပွဲငယ်များ ဖြစ်ပွား ခဲ့ကြောင်းလည်း တပ်မတော်နှင့် AA တို့က သတင်း ထုတ်ပြန်ခဲ့ကြသည်။
AA သည် ယခင်က ကချင်ပြည်နယ် KIA ထိန်းချုပ် နယ်မြေတခု ဖြစ်သည့် လိုင်ဇာတွင် အခြေစိုက်ခဲ့သော်လည်း လက်ရှိ အချိန်၌ ချင်းပြည်နယ် အထက်ပိုင်း မြန်မာ- အိန္ဒိယ နယ်စပ်တွင် ဗဟို ဌာနချုပ် ဖွင့်လှစ်ထားကြောင်း သိရသည်။
ထို့ကြောင့် ချင်းပြည်နယ် ပလက်ဝ မြို့နယ်အတွင်း တပ်မတော်နှင့် AA တို့ မကြာခဏ ထိတွေ့ကာ တိုက်ပွဲများ ဖြစ်ပေါ် ခဲ့ပြီး နှစ်ဘက် ထိခိုက် ကျဆုံးမှုများလည်း ရှိခဲ့ကြသည်။
ဆက်စပ်ဖတ်ရှုရန် –
တပ်မတော်နှင့် AA တိုက်ပွဲကြောင့် ဒေသသခံများ ရွာလုံးကျွတ် တိမ်းရှောင်ရ
လက်နက်ပေါက်ကွဲသံများကြောင့် ပုဏ္ဏားကျွန်းဒေသခံများ ထွက်ပြေးနေရ