အိမ်အကူလုပ်အားခတွင် တသောင်းတန်းအတုများပါဝင်မှုကြောင့် သမီးဖြစ်သူ နော်သောသွဲထူး ဖမ်းဆီးခံရ သည့်ဖြစ်စဉ်အား အစိုးရအနေဖြင့် အမှုမှန် အမြန်ဖော်ထုတ်ကာ သမီးဖြစ်သူကို လွှတ်ပေးစေချင်ကြောင်း မိခင် ဒေါ်သီသီခိုင်က တောင်းဆိုလိုက်သည်။
စင်္ကာပူနိုင်ငံမှ အိမ်ရှင်အမျိုးသမီး လဲလှယ်ပေးလိုက်သည့် တသောင်းကျပ်တန်များအား မြန်မာနိုင်ငံသို့ ပြန် ရောက်ချိန်တွင် သုံးစွဲမှုများပြုလုပ်ရာမှ ငွေအတု ၁၅၄ ရွက် လက်ဝယ်တွေ့ရှိသည်ဟုဆိုကာ နော်သောသွဲထူး အား ဒိုက်ဦးမြို့မရဲစခန်းက ဒီဇင်ဘာ ၆ ရက်နေ့တွင် မြန်မာနိုင်ငံတော် ဗဟိုဘဏ် ဥပဒေပုဒ်မ ၁၀၅/၁၀၆ ဖြင့် ဖမ်းဆီးအရေးယူထားခြင်းဖြစ်သည်။
ဒေါ်သီသီခိုင် က “မနေ့က ဒိုက်ဦးစခန်းက အချုပ်ခန်းမှာ သွားတော့ သမီးမြန်မြန်ထွက်ချင်နေပြီလို့ ပြောတယ်၊ အမှုကိုဖော်ထုတ်ပြီး ငွေတုလုပ်တဲ့သူတွေကို မြန်မြန်ဖမ်းမိစေချင်ပါတယ်” ဟု ပြောသည်။
နော်သောသွဲထူးအား ဖမ်းဆီးထားသည်မှာ ယနေ့တွင် ၉ ရက်မြောက်ရှိပြီဖြစ်ပြီး အမှုအား CID က လွှဲပြောင်း စစ်ဆေးလျှက်ရှိရာတွင် လတ်တလော အနေအထား အမှုအခြေအနေ အသေးစိတ်အား ထုတ်ဖော်ပြောကြား၍ မရသေးကြောင်းသာ CID မှ တရားရှိတဦးက ဧရာဝတီသို့ဖြေကြားသည်။
စင်္ကာပူနိုင်ငံအထိ မြန်မာငွေအတုများရောက်ရှိနေခြင်းနှင့်ပတ်သက်ပြီး စင်္ကာပူနိုင်ငံဆိုင် မြန်မာသံရုံအနေဖြင့် သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်းလုပ်ဆောင်များရှိနေပြီး အမှုဖြစ်စဉ်များမှာ စစ်ဆေးဆဲအဆင့်သာ ရှိသေးသည့်အတွက် မပြောနိုင်သေးကြောင်း သံရုံးဒုတိယအတွင်းဝန် ဒေါ်နှင်းနုနုအောင်က ဧရာဝတီသို့ပြောသည်။
ဒေါ်နှင်းနုနုအောင်က “ လက်ရှိမှာ အမှုတွေက ရဲစစ်ဆေးနေဆဲမို့ မှတ်ချက်တော့မပေးလိုပါဘူး၊ သံရုံးအနေနဲ့တော့ ဌာနဆိုင်ရာတွေနဲ့ ပူးပေါင်းဆောင်ရွက်နေပါတယ်” ဟု ပြောသည်။
နော်သောသွဲထူး အဖမ်းမခံရမီ နိုဝင်ဘာလကုန်ပိုင်းကလည်း ရွှေတိဂုံစေတီတော်သို့ လာရောက်လည်ပတ်သည့် စင်္ကာပူနိုင်ငံ သားနှစ်ဦးထံမှ တသောင်းကျပ်တန်ငွေအတုများ ဖမ်းမိမှုဖြစ်ပွားခဲ့သေးသည်။
ယင်းဖြစ်စဉ်အပေါ် မြန်မာနိုင်ငံဆိုင်ရာ စင်္ကာပူသံရုံးမှ အမှုအား ကူညီဆောင်ရွက်ပေးလျှက်ရှိသည့်အပြင် ၎င်းတို့ မြန်မာငွေလဲလှယ်ခဲ့သည့် စင်္ကာပူနိုင်ငံမှ ငွေလဲကောင်တာ အပါအဝင် ငွေလဲကောင်တာ ၁၈ ခုအား စင်္ကာပူရဲများက ဝင်ရောက်စီးနင်းကာ အက္ခရာစဉ် AG နှင့် AE တို့စသည့် နံပါတ်တူ မြန်မာငွေ တသောင်းကျပ်တန်များအား သိမ်းဆည်းအရေးယူ လိုက်ကြောင်း ဒီဇင်ဘာ ၆ ရက်နေ့တွင် ရဲများက ထုတ်ပြန်ခဲ့သည်။
မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်အရ နော်သောသွဲထူး၏ အလုပ်ရှင်အမျိုးသမီးမှ နိုဝင်ဘာ ၃၀ ရက်နေ့တွင် သူမ၏လစား စင်္ကာပူဒေါ်လာ ၃၁၂၃.၃၉ ဒေါ်လာအား စင်္ကာပူနိုင်ငံ MM Sharife Trader ငွေလဲကောင်တာတွင် မြန်မာငွေဖြင့် လဲလှယ်ပေးရာ၌ မြန်မာကျပ်ငွေ ၂၉ သိန်း ၆ သောင်းရရှိသည်ကို ယူဆောင်ကာ ဒီဇင်ဘာ ၂ ရက်နေ့တွင် မြန်မာနိုင်ငံ ပြန်လည်ရောက်ရှိခဲ့ကြောင်း ဖော်ပြထားသည်။
ဒေါ်သီသီခိုင်က “သမီးပြန်လာတော့ ပါလာတဲ့ပိုက်ဆံလေးတွေကို ကြွေးဆပ်တာဆပ် သုံးတာသုံးပေါ့၊ ဒီဇင်ဘာ ၄ ရက်နေ့သုံးပေါ့၊ ဖုန်းသွားဝယ်တဲ့အခါကျမှ ငွေကအတုတွေဆိုတာ ပြောပြလို့သိရတာ၊ ၆ ရက်နေ့ကျတော့ လူကြီးတွေ အသိပေးမှဆိုပြီး သွားတော့ အဖမ်းခံရတာပါပဲ” ဟု ရှင်းပြသည်။
နော်သောသွဲထူးသည့် ၂၀၁၅ ခုနှစ်မှ ၂၀၁၇ ခုနှစ်အထိလည်း ယခုကဲ့သို့ စင်္ကာပူနိုင်ငံတွင် အိမ်အကူ သွားရောက် လုပ်ကိုင်ဖူးပြီး ၂၀၁၇ ခုနှစ်တွင် ဗီဇာသက်တမ်းတိုးရန် ပြန်လာပြီးနောက် ဒီဇင်ဘာလတွင် ထပ်မံ၍ သွားရောက်လုပ်ကိုင်ခဲ့ခြင်းဖြစ်ကြောင်းလည်း ၎င်းက ပြောသည်။
အမှုနှင့်ပတ်သက်ပြီး နော်သောသွဲထူးအား အလုပ်သမားအဖွဲ့ အစည်းများနှင့် လွှတ်တော်ကိုယ်စားလှယ်များက လာမည့်ရုံးထုတ်တွင် အာမခံရရှိရေးနှင့် နစ်နာမှုမရှိစေရေး ကူညီဆောင်ရွက်လျှက်ရှိသည်။
ဒိုက်ဦးမြို့နယ်၊ အမှတ် ၂ မဲဆန္ဒနယ်၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးသူရဇော်က “အဓိက ကတော့ ဥပဒေအရ အခွင့်အရေးအပြည့်အဝရအောင်၊ အာမခံရအောင်တို့ပဲ ကြိုးပမ်းနေကြတာပေါ့” ဟု ဧရာဝတီသို့ ပြောသည်။
ဒိုက်ဦးမြို့၊ လယ်ကြားမြောင်ကျေးရွာတွင် နေထိုင်သည့် နော်သောသွဲထူး၏ နေအိမ်တွင် အက္ခရာစဉ် “AZ” “AE” တို့ဖြင့်စသည့် နံပါတ်တူ တသောင်းတန်အတုများ ဖမ်းမိခဲ့ခြင်းဖြစ်ကြောင်းလည်း သိရသည်။