ပြည်တွင်းလုပ်ငန်းများ ဖွံ့ဖြိုးရေးအလို့ငှာ အရည်အသွေးမီ ပစ္စည်းထုတ်လုပ်ရေးအတွက် ပြည်ပတင်သွင်းနေရသည့် အဓိကကုန်ကြမ်းများအပေါ် သွင်းကုန်အခွန်နှုန်းထား လျော့ချပေးမည်ဟု စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ပြည်ထောင်စု ဝန်ကြီး ဦးစိုးဝင်းက ပြောဆိုသည်။
ရန်ကုန်ရှိ ကုန်သည်စက်မှု အသင်းချုပ် (UMFCCI) တွင် ဒီဇင်ဘာလ ၁၄ ရက်က ပြုလုပ်သည့် ပုဂ္ဂလိက ဖွံ့ဖြိုး တိုးတက်ရေး ကော်မတီ ဥက္ကဋ္ဌ ဒုသမ္မတ ဦးမြင့်ဆွေနှင့် စီးပွားရေးလုပ်ငန်းရှင်များ၏ ၂၂ ကြိမ်မြောက် ပုံမှန်တွေ့ဆုံ ဆွေးနွေးပွဲတွင် ပြောဆိုခြင်း ဖြစ်သည်။
ဝန်ကြီး ဦးစိုးဝင်း က “အကောက်ခွန် ဦးစီးဌာနအနေနှင့် ဦးစားပေး အကောင်ထည်ဖော် ဆောင်ရွက်ပေးမယ့် လုပ်ငန်း ၂ ရပ် ရှိပါတယ်။ ဒုတိယတချက်ကတော့ ပြည်တွင်းထုတ်လုပ်တဲ့၊ အလားအလာရှိတဲ့ ကုန်ထုတ်လုပ်ငန်းတွေကို သင့်လျော်တဲ့ အချိန် အခွန်နှုန်းထား လျှော့ချ သတ်မှတ်ပေးဖို့ ဖြစ်တယ်” ဟု ပြောသည်။
ကုန်ကြမ်းပစ္စည်း အခွန်နှုန်းထား လျော့ချခြင်းဖြင့် ပြည်တွင်း ထုတ်လုပ်သူများ ထုတ်လုပ်မှု ကုန်ကျစရိတ် သက်သာမည် ဖြစ်ကာ အရည်အသွေးမြင့် ထုတ်လုပ်နိုင်သော ကုန်ချောများ ပြည်ပသို့ တင်ပို့ခြင်းကိုလည်း အခွန်နှုန်းထား တိုးမြှင့် ဆောင်ရွက်မည်ဟုလည်း ဝန်ကြီးက ဆိုသည်။
ပြည်ပ ကုန်ကြမ်းများကို တင်သွင်းရာတွင် ကုန်အမယ်ပစ္စည်းနှင့် အခွန်နှုန်းထား မတူညီသည့်အတွက် မည်သည့်ပုံစံဖြင့် လျှော့ချမည်နှင့် မည်သည့်အချိန်တွင် စတင်မည်ကိုမူ ပြောဆိုခဲ့ခြင်း မရှိပေ။
သို့သော် အချို့သော ကုန်ထုတ်လုပ်ငန်းများတွင် ပြည်ပ ကုန်ကြမ်းတင်သွင်းမှု ကိစ္စများ၌ လုပ်ထုံးလုပ်နည်းများကြောင့် ကြန့်ကြာမှုများ ရှိနေပြီး ယင်းကိစ္စများကိုပါ ဖြေလျော့ပေးနိုင်ပါက လုပ်ငန်းပိုမို တွင်ကျယ်မည်ဟု ပြောဆိုမှုများလည်း ရှိသည်။
မဏ္ဏိုင်စက္ကူစက်ပိုင်ရှင် ဦးတင်မောင်ဦး က “ကုန်ကြမ်းပေါ်မှာ အခွန်နှုန်းထား လျှော့ပေးမယ်ဆိုရင် ကျနော်တို့ ပြည်တွင်း လုပ်ငန်းရှင်တွေအတွက် ကောင်းပါတယ်။ ဒါပေမယ့် သွင်းဖို့ ခက်ခဲနေသေးတယ်။ သဘာဝပတ်ဝန်းကျင်လက်မှတ် ပါရမယ်တို့ ကျတော့ သွင်းလို့မရဘူး ဖြစ်နေတယ်။ ကျနော်တို့ စက္ကူမှာ လိုအပ်ချက်တွေရှိတယ်။ တယောက်မှ ကုန်ကြမ်းသွင်းလို့ မရသေးဘူး။ တင်ထားတာပဲ” ဟု ပြောသည်။
စက္ကူထုတ်လုပ်ရေး ကဏ္ဍတွင် လက်ရှိ၌ ပြည်တွင်းကုန်ကြမ်းကိုသာ အားထားနေရပြီး လိုအပ်ချက် မြင့်မားနေသည့်အတွက် ပြည်ပမှ ကုန်ကြမ်းတင်သွင်း ထုတ်လုပ်ရန် လိုအပ်နေခြင်း ဖြစ်သည်။
UMFCCI ဥက္ကဋ္ဌ ဦးဇော်မင်းဝင်း က “ဝန်ကြီးပြောတဲ့ သွင်းကုန်ကိစ္စမှာ အများကြီး အကောက်ခွန်တွေ လျှော့ပေါ့ပေးမယ်ပေါ့။ အကောက်ခွန်ဦးစီးဌာနနဲ့ မြန်မြန်ဆန်ဆန် ဒါလေးတွေကို လုပ်ပေးမယ်ဆိုရင် ကုန်သွယ်ရေးမှာ ပို့ကုန်ကဏ္ဍက တက်လာမှာပါ။ အခုက သိတဲ့အတိုင်းပဲ။ ပို့ကုန်လုပ်ငန်းတွေလည်း ယိမ်းယိုင်နေတဲ့ သဘောလေးရှိပါတယ်” ဟု ဆိုသည်။
တွေ့ဆုံပွဲတွင် ဝန်ကြီး ဦးစိုးဝင်း အကောက်ခွန် ကုန်လှောင်ရုံ လုပ်ငန်းစဉ်အား နိုငငံတကာ လုပ်ထုံးလုပ်နည်းများနှင့် အညီ ဆောင်ရွက်ပေးမည်ဟုလည် ထည့်သွင်း ပြောဆိုထားသည်။
ယင်းသို့ ဆောက်ရွက်ရန် လုပ်ဆောင်ရခြင်းမှာ ပြည်တွင်းလုပ်ငန်းရှင်များအနေဖြင့် အချိန်တိုအတွင်း ကုန်ပစ္စည်း တင်သွင်းခြင်းကို လျင်မြန်စွာ လုပ်ဆောင်နိုင်ခြင်း၊ ဈေးကွက် လိုအပ်ချက်အပေါ် မူတည်၍ ကုန်ပစ္စည်း ဖြန့်ဖြူးနိုင်ခြင်း၊ ကုန်ဈေးနှုန်း ကြီးမြင့်မှုအား ကာကွယ်နိုင်ခြင်း အပြင် တရားမဝင် တင်သွင်းလာသည့် ကုန်ပစ္စည်းများ လျှော့နည်းစေရန် လုပ်ဆောင်နိုင်ရန်အတွက် ဖြစ်သည်ဟု ဝန်ကြီးက တွေ့ဆုံပွဲတွင် ပြောဆိုသည်။