နေပြည်တော် လယ်ဝေးမြို့နယ်၊ ဧလာတိုက်နယ်တွင် ဦလေးဖြစ်သူက အသက် ၈ နှစ်အရွယ် ဒုတိယတန်း ကျောင်းသူကို လုယက်သတ်ဖြတ်ခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ကြောင်း ဧလာနယ်မြေရဲစခန်းမှ သိရသည်။
ရဲတပ်ဖွဲ့၏ စစ်ချက်များအရ ဒီဇင်ဘာလ ၁၄ ရက်နေ့က သေဆုံးသူ မမိုးဝဿန် ကျောင်းသို့သွားစဉ် ဦးလေးဖြစ်သူ အသက် ၂၄ နှစ်အရွယ် ကျော်ရဲ (ခ) ဇော်လင်းအောင်က လမ်းတွင် မုန့်ကျွေးမည်ဟု ခေါ်ဆောင်၍ လည်ပင်းညှစ် သတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထို့အတူ မမိုးဝဿန် ဝတ်ဆင်ထားသော ငါးမူးသားခန့်ရှိ ရွှေဆွဲကြိုးနှင့် လက်စွပ်များကို ရယူခဲ့ခြင်းဖြစ်ကြောင်း ဧလာရဲစခန်းက ဧရာဝတီသို့ ပြောသည်။
ဧလာရဲစခန်းမှ တာဝန်ရှိသူ တဦးက “ သူ (တရားခံ) က အကြွေးတွေထူလို့ အခုလို သတ်မိတယ်ပေါ့။ သတ်ပြီး ပစ္စည်းတွေယူပြီး ရွှေတွေပေါင်တာပေါ့” ဟု ပြောသည်။
စစ်ဆေးချက်များအရ ဧလာမြို့ မြို့သစ်ရပ်နေ မမိုးဝဿန်သည် ဒီဇင်ဘာလ ၁၄ ရက် နံနက်ပိုင်းက မြို့သစ် မူလတန်းလွန်ကျောင်းသို့် ကျောင်းတက်ရန် စက်ဘီးဖြင့် သွားရောက်ခဲ့ကြောင်း သိရသည်။
နေ့လည်ထမင်းစားချိန်တွင် မမိုးဝဿန်မှာ နေအိမ်သို့ ပြန်မလာသဖြင့် မိသားစုဝင်များက ကျောင်းသို့ လိုက်လံစုံစမ်းရာ ယင်းနေ့တွင် ကျောင်းသို့ ရောက်မလာခဲ့ကြောင်း သိရသဖြင့် ရဲစခန်းတွင် တိုင်ချက်ဖွင့်ကာ လိုက်လံရှာဖွေခဲ့ကြောင်း သိရသည်။
ထို့သို့ လိုက်လံရှာဖွေရာတွင် ဧလာလေယာဉ်ကွင်း ခြံစည်းရိုးအနီး ခြုံတောအတွင်းရှိ အမှိုက်ပုံတွင် မမိုးဝဿန်အား လည်ပင်းညိုမည်းဒဏ်ရာ၊ မျက်နှာညိုမည်း၊ ဒဏ်ရာ၊ ဒူးပွန်းဒဏ်ရာများဖြင့် သေဆုံးလျှက်ရှိသည်ကို တွေ့ရကြောင်း ဧလာရဲခစန်းမှ သိရသည်။
ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ခဲ့ရာတွင် ပြစ်မှုကျူးလွန်သူမှာ သေဆုံးသူ၏ ဦးလေးတော်စပ်သူဖြစ်ပြီး ဧလာတိုက်နယ်ဆေးရုံတွင် အထွေထွေလုပ်သားအဖြစ် အလုပ်လုပ်ကိုင်သော အသက် ကျော်ရဲ (ခ) ဇော်လင်းအောင် ဆိုသူဖြစ်ကြောင်း ပေါ်ပေါက်ခဲ့ခြင်းဖြစ်သည်။
ကျော်ရဲ (ခ) ဇော်လင်းအောင် က ၎င်းအနေဖြင့် ငွေလိုသဖြင့် တူမဖြစ်သူကို သတ်မိသည်အထိ ကျူးလွန်မိခြင်း ဖြစ်သည်ဟု ထွက်ဆိုထားကြောင်း သိရသည်။
“လယ်ထွန်နေတဲ့သူက အသက် ၂၀ လောက် ဂျင်းအင်္ကျီဝတ်ထားတဲ့ လူငယ်တယောက် မိန်းကလေးကို မုန့်ကျွေးနေတာမြင်တယ်လို့ ပြောတာ၊ အဲဒီကနေ ဆက်လိုက်တော့ ညနေမှာ သူ့ကိုမိတာ၊ သေဆုံးသူ ကောင်မလေးက သူ့တူမအရင်းလေ၊ သူ့အကိုရဲ့ သမီးပါ ” ဟု ရဲတပ်ဖွဲ့တာဝန်ရှိသူတဦးက ပြောသည်။
သေဆုံးသူ မမိုးဝဿန်အား ဧလာတိုက်နယ်ဆေးရုံတွင် စစ်ဆေးခဲ့ပြီး စစ်ဆေးချက်အရ အခြားဒဏ်ရာများ မတွေ့ရှိရဟုလည်း သိရသည်။
ပြစ်မှုကျူးလွန်သူအား နယ်မြေရဲစခန်းတွင် လူသတ်မှု၊ လုယက်မှု၊ ရာဇသတ်ကြီးပုဒ်မ ၃၀၂ ၊ ၃၉၄ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။