ပြည်ထောင်စု အစိုးရ၏ ဒီမိုကရေစီစံနှုန်း မူဝါဒများကို ပြည်နယ်နှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့များက အကောင် အထည်ဖော်ရာ၌ စီမံခန့်ခွဲမှုညံ့ဖျင်းခြင်းနှင့် အုပ်ချုပ်မှု မှားယွင်းခြင်းများကြောင့် ဒီမိုကရေစီ ကျဆုံးနိုင်ကြောင်း သမ္မတ ဦးဝင်းမြင့်က သတိပေး ပြောကြားလိုက်သည်။
မော်လမြိုင်မြို့ရှိ ပြည်နယ်ခန်းမတွင် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နှင့် မွန်ပြည်နယ်အစိုးရအဖွဲ့၊ လွှတ်တော် ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာ အကြီးအကဲတို့ ဒီဇင်ဘာ ၁၄ ရက် တွေ့ဆုံပွဲတွင် သမ္မတက ယင်းသို့ သတိပေး ပြောကြားခဲ့ခြင်းဖြစ်သည်။
သမ္မတ ဦးဝင်းမြင့် က “ပြည်နယ်တိုင်းအစိုးရအနေနဲ့ စီမံခန့်ခွဲမှု ညံ့ဖျင်းရင်၊ ပြည်နယ်တိုင်း အစိုးရအနေနဲ့ အုပ်ချုပ်မှု မှားယွင်းရင် ဒီမိုကရေစီ ကျဆုံးနိုင်တယ်ဆိုတာကို သတိချပ်ဖို့လိုတယ်။ ဒါသမိုင်း သက်သေတွေ ရှိပါတယ်၊ အခြားနိုင်ငံတွေမှာလည်း ရှိပါတယ်။ ဒါအရေးကြီးဆုံးအချက်ပါ” ဟု သတိပေးသည်။
ထို့အပြင် ဒီမိုကရေစီကို အကောင်အထည်ဖော်သည့် သက်ဆိုင်ရာ ပြည်နယ်တိုင်း အစိုးရများ၏ အုပ်ချုပ်မှု ညံ့ဖျင်းမှု၊ စီမံခန့်ခွဲမှု မှားယွင်းမှုများကြောင့် ဒီမိုကရေစီ ကျဆုံးလျှင် နိုင်ငံတော်အပေါ် သမိုင်းပေးတာဝန် မကျေပွန်ရာ ရောက်မည်ဖြစ်ဟု ထပ်မံသတိပေးသည်။
ဒီမိုကရေစီနိုင်ငံသို့ သွားရာလမ်းတွင် ပြုပြင်ပြောင်းလဲမှု နှောင့်နှေးစေနေသည့် ဌာနဆိုင်ရာ အဖွဲ့အစည်း အသီးကိုလည်း ပြည်နယ်တိုင်း အစိုးရများက ကြပ်မတ်ရမည်
ဖြစ်ကြောင်း၊ တရားစီရင်ရေးမဏ္ဏိုင်ကို တည့်မတ်ရမည်ဖြစ်ကြောင်း၊ အဂတိလိုက်စားမှုများကို ပိုမို တိုက်ဖျက်ရမည်ဖြစ်ကြောင်း၊ လူ့အခွင့်အရေး ချိုးဖောက်ခံရမှုများကို ကာကွယ်ရမည်ဖြစ်ကြောင်း စသည့် အချက်များကိုလည်း သမ္မတ က ထောက်ပြသည်။
ယင်းအပြင် တရားစီရင်ရေးမဏ္ဏိုင်တွင် အုပ်ချုပ်ရေးနှင့် ဥပဒေပြုရေးဘက်က မိမိတို့ ရာထူးအရှိန်အဝါဖြင့် လွှမ်းမိုးမှုများ မပြုလုပ်ရန်လည်း သမ္မတက သတိပေး ပြောကြားခဲ့သည်။
မိမိတို့အုပ်ချုပ်ရေးသည် တရားဥပဒေစိုးမိုးရေးမှုကို အထောက်အကူပြုသည့် အုပ်ချုပ်ရေးဖြစ်ရန် လိုအပ်သည့်အပြင် ပြည်သူကို ဖိနှိပ်ချုပ်ချယ်သည့် အုပ်ချုပ်ရေးယန္တရား မဖြစ်စေလိုကြောင်းနှင့် ပြည်သူကို အလုပ်အကျွေးပြုပြီး ပြည်သူကပေးသည့် တာဝန်ကို အကောင်အထည်ဖော်နိုင်ရမည့် အုပ်ချုပ်ရေးဖြစ်စေလိုကြောင်း ၎င်းက ဆိုသည်။
“နိုင်ငံံသူ၊ နိုင်ငံသားအားလုံး အခွင့်အလမ်းညီမျှမှု၊ အဆင့်အတန်း ညီမျှမှု၊ အိုးအိမ်ယာ ညီမျှမှု အဲ့လိုဖြစ်စေချင်ပါတယ်၊ ကျနော်တို့ရဲ့ အုပ်ချုပ်ရေးယန္တရားသည် တရားဥပဒေ စိုးမိုးရေးကို အထောက်အကူပြုတဲ့ အုပ်ချုပ်ရေးစနစ်ဖြစ်စေလိုပါတယ်။ ကျနော်တို့ရဲ့ အုပ်ချုပ်ရေး စီမံခန့်ခွဲမှုသည် ပြည်သူကို ဖိနှိပ်ချုပ်ချယ်တဲ့ ပြည်သူလူထုကို နှိပ်စက်တဲ့ ယန္တရား မဖြစ်စေလိုပါဘူး” ဟု သမ္မတ က ပြောသည်။
ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးကို နိုင်ငံတော်အစိုးရတဖွဲ့တည်းဖြင့် အကောင်အထည်ဖော်၍ရသော ကိစ္စမဟုတ်ဘဲ မဏ္ဍိုင်ကြီးသုံးရပ်အပြင် ပြည်သူလူထုအားလုံး ပါဝင်လုပ်ဆောင်ဖို့လိုအပ်ကြောင်း သမ္မတက ပြောဆိုသည်။