ပုံနှိပ်မီဒီယာလောက ကျဆုံးနေပြီဟု ပြောဆိုမှုများ ရှိသော်လည်း စာအုပ်ထုတ်ဝေရေးလုပ်ငန်းပိုင်းတွင်မူ နှစ်စဉ် တိုးတက်နေကြောင်း ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးရဲနိုင်က ပြောသည်။
ဒီဇင်ဘာလ ၁၅ ရက်က ပြန်ကြားရေးဝန်ကြီးဌာနတွင် ပြုလုပ်သည့် ဒီဇင်ဘာလ ၂၀ နှင့် ၂၁ ရက်တွင် ပြုလုပ်မည့် စာတ်သူများ စာဖတ်ရေး လှုပ်ရှားမှု အခမ်းအနား ကြိုတင်ပြင်ဆင်မှုလုပ်ငန်းများ သတင်းစာရှင်းလင်းပွဲတွင် ပြောဆိုခြင်းဖြစ်သည်။
ဦးရဲနိုင်က “တချို့လည်း မီဒီယာလောကမှာ မတည်မြဲဘူး၊ ကျဆုံးနေတယ်၊ လျော့သွားတယ်၊ ပုံနှိပ်လောက အသက်ရှင်သေးလား၊ ဘာညာဆိုပြီး သတင်းတွေ ကျယ်ပြန့်နေပါတယ်။ ဒါပေမယ့်လည်း စာအုပ်ထုတ်ဝေတဲ့ အရေအတွက်က တိုးတက်နေတယ်။ တောက်လျောက်ကို ထုတ်ဝေနေတယ်။ နှစ်စဉ်တိုးတက်နေတယ်” ဟု ပြောသည်။
ယခင်က စာအုပ်ထုတ်မည်ဆိုပါက မူပိုင်ခွင့်နှင့် မှတ်ပုံတင်ဌာနခွဲ (စာပေစိစစ်ရေး) သို့ ဦးစွာ တင်ရပြီး ခွင့်ပြုချက်ရမှသာ ထုတ်ဝေခွင့် ပြုခဲ့ရာမှ နောက်ပိုင်းတွင် ထုတ်ဝေပြီးမှ တင်ပြရသည့်စနစ်ကို ပြောင်းလဲ ကျင့်သုံးပြီးနောက်ပိုင်း စာအုပ်ထုတ်ဝေရေး လုပ်ငန်းများ ပိုမို တိုးတက်လာခြင်း ဖြစ်သည်။
၂၀၁၆ ခုနှစ်တွင် စာအုပ်ပေါင်း ၄၈၀၀ အထိ ထုတ်လုပ်မှု ရှိခဲ့ပြီး ၂၀၁၈ ခုနှစ်အတွက်မူ နိုဝင်ဘာလအထိမူ စာအုပ်ပေါင်း ၃၂၀၀ ကျော် ထုတ်လုပ် ဖြန့်ချိထားသည်ဟု သိရသည်။
“တနှစ် တနှစ်ကို ၄၀၀၀ ကျော်အထက်မှာပဲ စာအုပ်တွေ ထုတ်ဝေနေပါတယ်။ ဒါသတင်းစာ၊ ဂျာနယ်တွေ မပါသေးဘူးနော်။ စာအုပ်ချည်းပဲကို တိုးတက်နေတယ်။ ဒါကြောင့် စာအုပ်စာပေတွေက ပုံနှိပ်လောက တကယ့်ကို ကျဆင်းနေပြီလားဆိုတာ ဒီဘက် ရှုထောင့်ကနေကြည့်ရင်လည်း မဟုတ်ဘဲနဲ့ တိုးတက်နေတာကို ပြောခြင်းဖြစ်ပါတယ်” ဟု ဦးရဲနိုင်က ဆိုသည်။
စာအုပ်ထုတ်ဝေမှု တိုးမြှင့်လာခြင်းမှာ သတင်းကဏ္ဍတွင် မဟုတ်ဘဲ အခြားသော ရသ၊ သုတနှင့် စာပေရေးရာကဏ္ဍများအတွက် ဖြစ်ပြီး ဝယ်ယူဖတ်ရှုသူ အများစုမှာ လူငယ်များဖြစ်ကြောင်း စာအုပ်ရောင်းဝယ်ရေး ဈေးကွက်အတွင်းမှ စုံစမ်းသိရှိရသည်။
ပျဉ်းမနားမြို့ သော်တာစန်းစာပေမှ ဦးလင်းနိုင်ထွန်းက “တနှစ်ထက် တနှစ် စာအုပ်တွေ ပိုထွက်လာတယ်။ စိတ်ကူးချိုချို စာပေပုံနှိပ် တတိုက်ထဲက တပတ်ကို စာအုပ်ပေါင်း ၂၀ ကျော် ထွက်တယ်။ ငါတို့ စာပေ၊ နှစ်ကာလများစာပေတို့ကလည်း ထွက်တယ်။ ထွက်သမျှလည်း အခုနောက်ပိုင်းမှာ ရောင်းလာရတယ်” ဟု ပြောသည်။
စာဖတ်သူ တိုးပွားလာရေးအတွက် ပြန်ကြားရေးဝန်ကြီးဌာနက စာဖတ်ရေး လှုံ့ဆော်မှု၊ ကလေးစာပေပွဲတော်များကို နိုင်ငံတော်၊ ခရိုင်နှင့် ဒေသန္တရ အဆင့်ဟူ၍ အပိုင်း ၃ ပိုင်းခွဲကာ စီစဉ် ဆောင်ရွက်လျက်ရှိပြီး အခြားသော ရွေးချယ်စရာများ ပိုမိုများပြားလာ၍ စာဖတ်သူ နည်းလာခြင်းဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန ဒုဝန်ကြီး ဦးအောင်လှထွန်းက ဆိုသည်။
ပြန်ကြားရေးဝန်ကြီးဌာန ဒုဝန်ကြီး ဦးအောင်လှထွန်းက “ဆက်သွယ်ရေးက ထုတ်ပြန်ထားတဲ့ စာရင်းအရ သန်းပေါင်း ၅၀ ကျော်လောက်က တယ်လီဖုန်း နားမှာလေ။ သူတို့ ဆင်းကတ် ရောင်းထားတယ်။ သန်း ၃၀ ကျော်ကတော့ လက်တွေ့ကိုင်ပြီး သုံးစွဲနေတယ်။ ၁၈ သန်းကတော့ ဆိုရှယ်မီဒီယာ သုံးနေတယ်။ ဒါပေမယ့် ဒီထက်မက များလိမ့်မယ်လို့ထင်ပါတယ်။ လူအများစုက ပိုလွယ်တာပေါ့။ ပုံနှိပ်ကို ဖတ်တာထက် အွန်လိုင်းမှာ ဖတ်တာပေါ့။ ဒါလည်း အားပေးသင့်တဲ့ဟာ တခုပါ” ဟု ပြောသည်။
ပုံနှိပ်မီဒီယာ ကဏ္ဍ ကျဆင်းလာခြင်းအား မြှင့်တင်ရန်အတွက် မည်သို့လုပ်ဆောင်မည် ဆိုသည်ကိုမူ ပြန်ကြားရေး ဝန်ကြီးဌာနဘက်မှ အကျယ်တဝင့် ပြောဆိုခြင်း မရှိဘဲ စာအုပ်ထုတ်ဝေရေးကဏ္ဍ တိုးတက်လာမှုကိုသာ ဦးတည်ပြောဆိုခြင်းမှာ မှားယွင်းသည့် ဆက်စပ်မှုပင် ဖြစ်ကြောင်း သတင်းစာဆရာများက ဝေဖန်ကြသည်။
ဟင်္သာမီဒီယာ အယ်ဒီတာချုပ် ဦးဉာဏ်လှိုင်လင်းက “သတင်းမီဒီယာ အလုပ်ကို တိုးတက်ဖို့ အတွက် ဦးဆောင်ဖို့အတွက် ခြေလှမ်းမှန်တာတွေ၊ ခြေလှမ်းကောင်းတာတွေ၊ ရည်ရွယ်ချက်ကောင်းတာတွေ မတွေ့ရဘူး။ စကားအရာအားဖြင့်ဆိုရင် ပိုတောင် ဆိုးလာသေးတယ်။ ဒီဘက်က သတင်းထောက်တွေက သူ့ (ပြန်ကြားရေးဝန်ကြီးဌာန) ကို အားမလို၊ အားမရ ပြောတယ်။ သူက ဒါကို ရန်ဘက်သဘောမျိုး ပြန်လည်တုန့်ပြန်တာကို တွေ့ရတယ်ဆိုတော့။ ဒီသဘောအတိုင်း ဆက်သွားမယ်ဆိုရင်တော့သာ စာအုပ်ထုတ်ဝေရေးက သူတို့ပြောတဲ့အတိုင်း ဆက်ကောင်းအတိုင်း ဆက်ကောင်းလိမ့်မယ်။ သတင်းမီဒီယာပိုင်းအနေနဲ့ ဒီတိုင်းဆက်သွားမယ်ဆိုရင်တော့ ဘာမှဖြစ်လာမှာ မဟုတ်ဘူး” ဟု ဧရာဝတီကို ပြောသည်။
ပြန်ကြားရေးဝန်ကြီးဌာန၏ ၂၀၁၈ နှစ် အောက်တိုဘာလ ၃၁ ရက်အထိ ကိန်းဂဏန်းများအရ သတင်းစာထုတ်ဝေခွင့် ၄၆ ခုအနက် ၂၁ ခုနှင့် ဂျာနယ်ထုတ်ဝေခွင့် ၅၅၁ ခု အနက် ၃၁၄ ခုမှာ ထုတ်ဝေမှု ရပ်ဆိုင်းထားကြောင်း သိရသည်။
ထို့ပြင် မဂ္ဂဇင်း ထုတ်ဝေခွင့် ၄၅၈ ခု ထုတ်ပေးထားသည့်အနက် ၂၇၇ ရပ်ဆိုင်းသွားပြီ ဖြစ်သေ်ာလည်း ပုံနှိပ်ခြင်းလုပ်ငန်းတွင်မူမူ ၁၅၄၂ ခု ခွင့်ပြုထားသည့်အနက် အနက် ၃၁ ခုသာ ပိတ်သိမ်းထားသည်ဟု သိရသည်။