မန္တလေးမြို့ရှိ တလမ်းမောင်း အဖြစ် သတ်မှတ်ထားသော လမ်းများကို နှစ်လမ်းမောင်း ပြန်လည် ပြင်ဆင် သတ်မှတ် သွားမည် ဖြစ်ကြောင်း သိရသည်။
ယင်းသို့ လမ်း ပြင်ဆင်မှုများမှာ ၂ လခန့် ကြာမြင့်နိုင်ကြောင်းနှင့် ပြင်ဆင်မှု မစခင် တပတ်အလိုတွင် အများပြည်သူ သိရှိ စေရန် ကြေညာမှုများ ပြုလုပ်သွားမည်ဟု မန္တလေးတိုင်း အစိုးရ အဖွဲ့ စည်ပင်သာယာရေး ဝန်ကြီး မန္တလေး မြို့တော်ဝန် ဒေါက်တာ ရဲလွင်က သူ၏ Facebook မှ တဆင့် ပြောကြားထားသည်။ု
“၈၂ လမ်း နဲ့ ၄၂ လမ်း (ဘုရားကြီး) ကြားကလည်း ယာဉ်ကြောပိတ်ဆို့မှု သိပ်မများတာရယ်၊ လမ်းလည်း သိပ်မကျဉ်းတာ ကြောင့် ၂ လမ်းမောင်း တပြိုင်နက် မလုပ်ဘဲ Phase by phase လုပ်မှာပါ။ စလုပ်မယ့် နေ့မှာ ယာဉ်ထိန်း၊ စည်ပင်၊ ပြည်သူ့ ရဲတပ်ဖွဲ့နဲ့ လုပ်အားပေးလိုတဲ့ စေတနာ့ဝန်ထမ်းတွေနဲ့ ၃ ရက်လောက် ကြီးကြပ်ပေးသွားဖို့ စဉ်းစားထားပါ တယ်”ဟု ၎င်းက ဆို သည်။
တလမ်းမောင်းလမ်းများကို နှစ်လမ်းမောင်းအဖြစ် ပြန်လည် သတ်မှတ်ရခြင်းမှာ ယာဉ်ကြော ရှုပ်ထွေးမှု ကျဆင်းလာ စေရန် နှင့် ပြည်သူများ သွားလာရာ၌ နှောင့်နှေး ကြန့်ကြာမှုများ မဖြစ်စေရေး အတွက် ရည်ရွယ်၍ ပြုလုပ်ခြင်းဟု သိရသည်။
ဒေါက်တာ ရဲလွင်က“၈၁၊ ၈၂ နဲ့ ၈၃ လမ်းတွေကို တလမ်းမောင်း လုပ်ခဲ့တုန်းက လမ်းတွေက ပေ ၃၀ကျော်ပဲ ရှိခဲ့တာပါ။ အခု လမ်းတွေ ချဲ့ပြီးတော့ ပေ ၅၀ ကျော်ရှိလာလို့ ၈၀၊ ၈၄ လမ်းတွေနဲ့ လမ်းအကျယ် အတူတူနီးပါး ရှိနေပါပြီ။ လမ်းကျယ် ပေမယ့် ကားသွားဖို့ နေရာ နည်းနေတာက ကားတွေ ကန့်လန့် ရပ်တာတွေ၊ ၂ ထပ် ရပ်တာတွေ၊ လိုင်းကားတွေ စည်း ကမ်းမဲ့ နေတာတွေနဲ့ လမ်းပေါ် ကျူးပြီး ထွက်တဲ့ ဆိုင်တွေကြောင့်ပါ” ဟု ပြောထားသည်။
နှစ်လမ်းမောင်း ပြန်လည် ပြုလုပ်သွားမည့် လမ်းများမှာ ၂၆ နှင့် ၃၅ လမ်းကြားရှိ ၈၁ ၊ ၈၂ ၊ ၈၃ ၊ ၂၆ နှင့်၂၈ ကြားရှိ ၈၄ လမ်း(ဈေးချိုတော်) ၊ ၇၈ နှင့် ၈၀ လမ်းကြားရှိ ၃၆၊ ၃၇၊ ၃၉၊ ၄၀၊ ၄၂ လမ်းနှင့် မဟာမုနိ အရှေ့မုခ် ကြားရှိ ၈၁ လမ်း၊ ၈၂ လမ်းနှင့် ၈၄ လမ်းကြားရှိ ၄၂ လမ်းများ ဖြစ်ကြောင်း သိရသည်။
မန္တလေး မြို့တော် စည်ပင်သာယာရေး ကော်မတီ ဝင် ဦးကျော်ဆန်းမြင့်က“တလမ်းမောင်းတွေ လုပ်ထားတဲ့အတွက် သွားလာရတာ အဆင်မပြေဘူး။ လှည့်ပတ်ပြီး ရှောင်ကွင်း သွားနေရတာမျိုးတွေ ရှိနေတယ်။ ဒါကြောင့် နှစ်လမ်းမောင်း အဖြစ် မကြာခင် သတ်မှတ်ပေးတော့မှာပါ။ နှစ်လမ်းမောင်း စနစ်နဲ့ ကိုက်ညီအောင် မီးပွိုင့် တပ်သင့်တဲ့ နေရာ တပ် မယ်။ မီးပွိုင့် မပါမယ့် လမ်းဆုံတွေမှာ တောင်မြောက်လမ်းတွေကို မိန်းလမ်း အဖြစ် သတ်မှတ်ပြီး အရှေ့အနောက် လမ်း တွေ အတွက် လမ်းဆုံတွေမှာ အရှိန်လျှော့ဖို့ အချက်ပြမီးစနစ် (Yellow blinker) တွေ တပ်ဆင်ပေးသွားပါမယ်။ လမ်း အမှတ်အသားတွေလည်း ပြန်ပြင်ပြီး တပ်ဆင်သွားမှာပါ”ဟု ပြောသည်။
အဆိုပါ လမ်းများကို ယခင် အစိုးရ လက်ထက်က တလမ်းမောင်း အဖြစ် သတ်မှတ်ခဲ့ခြင်း ဖြစ်ပြီး အဓိက လမ်းမကြီးများရှိ တလမ်းမောင်းများမှာ ပြည်သူများ အတွက် အဆင်ပြေမှု ရှိသော်လည်း အချို့လမ်းများမှာ ပြည်သူများ အတွက် ဝန်ထုပ် ဝန်ပိုး ဖြစ်နေသည့် အပြင် သွားလာရာ၌ နှောင့်နှေး ကြန့်ကြာသလို ဆက်စပ်လမ်းများတွင်ပါ ယာဉ်ကြော ပိတ်ဆို့မှုများ ပိုမို ဆိုးရွားစွာ ဖြစ်ပေါ်နေကြောင်း မန္တလေးမြို့ခံများက ဆိုသည်။
မန္တလေးမြို့ခံ တဦးဖြစ်သူ ဦးအောင်အောင်နိုင်က“ဘုရားကြီး အရှေ့မုခ်(မဟာမုနိ )က ၈၁ လမ်းကို တလမ်းမောင်း သတ်မှတ်ထား တာပဲ ရှိတယ်။ ဘုရားကြီး တောင်ဘက် ခြမ်းမှာနေတဲ့ သူတွေက တခြား သွားစရာ လမ်းမရှိတဲ့ အတွက် တလမ်းမောင်း ကိုပဲ လမ်းပြောင်းပြန် ဝင်နေကြတာ။ တခြား လမ်းကနေ သွားရင် အရမ်းဝေးတာ ဆိုတော့ သိသိကြီးနဲ့ပဲ သွားလာနေကြ တာပဲ။ ဒါကြောင့် အဲဒီလို လမ်းမျိုးတွေကို နှစ် လမ်းမောင်း အဖြစ် ပြန်ပြီး သတ်မှတ်ပေးတာ ကောင်းပါ တယ်” ဟု ပြောသည်။
နှစ်လမ်းမောင်း အဖြစ် ပြင်ဆင်ရာတွင် ၈၂ လမ်း အတွက် ၂၉ လမ်း၊ ၃၂ လမ်းထောင့်နှင့် ၈၁ လမ်းနှင့် ၈၃ လမ်း အတွက် ၂၈ လမ်း၊ ၃၁ လမ်းထောင့်များတွင် ဆင်ဆာ ပါရှိသည့် အဆင့်မြင့် မီးပွိုင့် (SCAT)များ တပ်ဆင် ပေးသွားမည် ဖြစ်ကာ ၈၁ ၊ ၈၂ ၊ ၈၃ နှင့် ၂၆ ၊ ၃၅ လမ်းဆုံများရှိ မီးပွိုင့်များကို ပြောင်းလဲတပ်ဆင်ခြင်းတို့ကို ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။
“၇၈ နဲ့ လမ်း ၈၀ ကြား၊ ၃၆၊ ၃၇၊ ၃၉၊ လမ်း ၄၀၊ ၄၂လမ်းတွေမှာ SCAT မီးပွိုင့်တွေ တပ်ဆင်ပြီးတာရယ်၊ လမ်းတွေ ကျယ် လာတာရယ်ကြောင့် ၂ လမ်းမောင်း ပြန်လုပ်ပေးမှာပါ။ ဆိုင်ကယ်တွေတော့ ၃၆ လမ်းကို အသုံး အများဆုံး ဖြစ်လာမှာပါ” ဟု မန္တလေးမြို့တော်ဝန် ဒေါက်တာ ရဲလွင်က ဆိုထားသည်။
ထို့ပြင် ကားပါကင်ကို စနစ်တကျ သတ်မှတ်ပေးပြီး စည်းကမ်း ကြပ်မတ်သွားမည် ဖြစ်ပြီး လမ်း၊ ပလက်ဖောင်းနှင့် မြောင်း အစရှိသည့် နေရာများတွင် ကျူးကျော်နေသူများအား အရေးယူသွားမည် ဖြစ်ကြောင်း ၎င်းက ပြောဆိုထားသည်။