ထိုင်း – မြန်မာနယ်စပ် မဲဆောက်မြို့နယ်တွင် ၄ လသား ကလေးတဦး အပါအဝင် ကျပန်းလုပ်ငန်း လုပ်ကိုင်နေသည့် ရွှေ့ပြောင်းလုပ်သား မြန်မာမိသားစုတစု လေးလောင်းပြိုင် အသတ်ခံရမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
အသတ်ခံရသူ ၄ ဦးမှာ ၄ လသား အရွယ် ကလေးငယ် တဦးနှင့် ၄ နှစ်အရွယ် ကလေးငယ်တဦး၊ အသက် ၄၇ နှစ် အရွယ် ဖခင်ဖြစ်သူနှင့် ၄၅ နှစ်အရွယ် မိခင်တု့ိ ဖြစ်ကာ တဲအတွင်း ညဘက် အိပ်ပျော်နေစဉ် ရိုက်နှက် သတ်ဖြတ် သွားခြင်း ဖြစ်ကြောင်း မဲဆောက်မြို့နယ် ရဲတပ်ဖွဲ့နှင့်အတူ အခင်းဖြစ်ပွားရာသို့ ကွင်းဆင်း မှတ်တမ်းယူခဲ့သူ ပြည်သူ့ စေတနာ့ ဝန်ထမ်းအသင်း (People Volunteer’s Association – PVA) ဒု ဥက္ကဋ္ဌ ဦးဇေယျာက ဧရာဝတီကို ပြောသည်။
“၄ ယောက်လုံးက အရိုက်ခံရပြီး သေတာ။ ၄ လအရွယ် ကလေးက မျက်နှာ အရိုက်ခံထားရတဲ့ ဒဏ်ရာနဲ့ သူ့ အမေ နားမှာပဲ သေနေတယ်။ ကျန်တဲ့သူတွေကတော့ ဦးခေါင်းကို အရိုက်ခံရတဲ့ ဒဏ်ရာတွေနဲ့ သေတာ။ ၄ နှစ်အရွယ် ကလေး ကိုတော့ ရိုက်ပြီး အိမ်ရှေ့က ကန်ထဲ ပစ်ချသွားတာ”ဟု ၎င်းက ပြောပြသည်။
အခင်းဖြစ်ပွားသည့် တဲအတွင်း ရုပ်အလောင်းများ အနီးတွင် သွေးစွန်းနေသည့် သံတုတ် ၂ ချောင်းနှင့် သစ်သားတုတ် တချောင်းကို တွေ့ရှိကာ သက်သေခံပစ္စည်း အဖြစ် ထိုင်းရဲတပ်ဖွဲ့က သိမ်းဆည်းထားကြောင်း သိရသည်။
သေဆုံးသူများထဲမှာ မိဘနှစ်ဦးမှာ ကြံခုတ်ခြင်း၊ နွားကျောင်းခြင်း အပါအဝင် ကျပန်းလုပ်ငန်း လုပ်ကိုင်နေသူများ ဖြစ်ကာ သေဆုံးသူ အမျိုးသမီးမှာ ယခင်အိမ်ထောင်နှင့် အသက် ၁၀ နှစ်၊ ၁၃ နှစ်နှင့် ၁၉ နှစ်အရွယ် သမီး သုံးဦးရှိပြီး အခင်းဖြစ်ပွားသည့်အချိန်တွင် နေအိမ်တွင် မရှိသည့်အတွက် လွတ်မြောက်ခဲ့ခြင်း ဖြစ်သည်ဟု ဦးဇေယျာက ပြော သည်။
မိသားစုဝင်များ အသတ်မခံရမီ ညပိုင်းက ခြံဝန်းတခုတည်းနေ အခြား မြန်မာနိုင်ငံသား စုံတွဲနှင့် ထိုစုံတွဲတို့၏ သူငယ် ချင်း အမျိုးသားတဦးနှင့် ၎င်း၏ မိဘများ နွားကျောင်းသည့် ကိစ္စနှင့် ပတ်သက်၍ စကားများခဲ့ကြသေးကြောင်း အသက် ၁၉ နှစ်အရွယ် သမီးကြီးက ထိုင်းရဲတပ်ဖွဲ့အား ရှင်းပြခဲ့သည်ဟုလည်း ဆိုသည်။
အသတ်ခံရသူများနှင့် အငြင်းပွား စကားများခဲ့သူ သုံးဦးမှာ အခင်းဖြစ်ပွားသည့် ညကပင် ထွက်ပြေးသွားသည့် အတွက် ထိုင်းရဲတပ်ဖွဲ့က အပူတပြင်း လိုက်ရှာနေသည့်အပင် အခင်းဖြစ်စဉ်နှင့် ပတ်သက်၍လည်း မြန်မာနိုင်ငံဘက်သို့ အကြောင်း ကြားထားကြောင်း သိရသည်။
“တခြံတည်းနေတဲ့ လင်မယား ၂ ယောက်၊ နောက် သူတို့ သူငယ်ချင်း ယောက်ျားလေးတယောက်၊ သုံးယောက်လုံးက အဲဒီညမှာပဲ ထွက်ပြေးသွားတယ်။ အခင်းမဖြစ်ခင်ကလည်း ရန်ဖြစ်ကြသေးတယ်။ ရဲကတော့ သူတို့ သတ်တယ်လို့ ယူဆ ထားတယ်။ အခု လိုက်ရှာနေတယ်”ဟု ဦးဇေယျာက ပြောသည်။
အခင်းဖြစ်စဉ်နှင့် ပတ်သက်၍ သတင်းရရှိထားပြီးဖြစ်ကာ အမှုမှန် ပေါ်ပေါက်ရေးအတွက် ထိုင်းရဲတပ်ဖွဲ့နှင့် ပူးပေါင်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်း မြန်မာနိုင်ငံဘက်ခြမ်း မြဝတီမြို့နယ် ရဲတပ်ဖွဲ့မှ တာဝန်ရှိသူတဦးက ဧရာဝတီကို ပြောသည်။
လေးလောင်းပြိုင်လူသတ်မှုနှင့် ပတ်သက်၍ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံး အလုပ်သမား သံအရာရှိများထံ ဧရာဝတီက တယ်လီဖုန်းဖြင့် အကြိမ်ကြိမ် ဆက်သွယ်မေးမြန်းသော်လည်း ဖုန်းကိုင် ဖြေကြားခြင်း မရှိပေ။