ပြည်ထောင်စု၏ မည်သည့် အစိတ်အပိုင်းကမှ ခွဲထွက်ခွင့်မရှိကြောင်း တပ်မတော်ဘက်က လက်ခံပေးရန် တောင်းဆိုမှု အပေါ် NCA ထိုးထားသည့် အဖွဲ့များကြား လက်ခံသည့် အဖွဲ့ရှိသလို လက်မခံသည့် အဖွဲ့များ ရှိနေဟု ပအိုဝ့်အမျိုးသား လွတ်မြောက်ရေး အဖွဲ့ချုပ် (PNLO) ၏ ဦးဆောင်နာယက ဗိုလ်မှူးကြီး ခွန်ဥက္ကာက ပြောသည်။
ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ- ၂၁ ရာစု ပင်လုံ ညီလာခံတွင် ဆွေးနွေးနေသော ပြည်ထောင်စု သဘောတူညီချက် ပြည်ထောင်စု၏ မည်သည့် အစိတ်အပိုင်းကမှ ခွဲထွက်ခွင့်မရှိကြောင်း တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များဘက်မှ လက်ခံပေးရန် တပ်မတော်က တင်ပြထားရာ လက်နက်ကိုင်အဖွဲ့များ အငြင်းပွားနေကြသည်။
အဆိုပါ အငြင်းပွားမှုကို ကျော်လွှားနိုင်ရန်အတွက် အစိုးရ၊ တပ်မတော်၊ လွှတ်တော်မှ ထိပ်သီး ခေါင်းဆောင် ၁၀ ဦးနှင့် NCA ထိုးထားသည့် လက်နက်ကိုင် ၁၀ မှ ထိပ်သီး ခေါင်းဆောင် ၁၀ ဦးတို့ ၂၀၁၈ ခုနှစ်၊ အောက်တိုဘာ ၁၅-၁၆ ရက်က အလွတ်သဘောတွေ့ဆုံ ဆွေးနွေးခဲ့ကြသော်လည်း သဘောတူညီမှု မရဘဲ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ပင် ရပ်တန့် သွားခဲ့ကြသည်။
သို့သော်လည်း ခွဲမထွက်ရဆိုသော အချက်ကို တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူ စာချုပ် (NCA) ထိုးထားသည့် လက်နက်ကိုင် ၁၀ ဖွဲ့အနက် အဖွဲ့ကြီး တချို့သာ လက်မခံခြင်းဖြစ်ပြီး တချို့အဖွဲ့များ က လက်ခံရန် စဉ်းစားထားကြောင်း NCA ထိုးထားသည့် PNLO မှ ဗိုလ်မှူးကြီး ခွန်ဥက္ကာက ဧရာဝတီသို့ ပြောသည်။
“အဖွဲ့အကြီးတွေကတော့ သိပ်လက်မခံဘူး၊ ကျနော်တို့ အဖွဲ့ငယ်တွေကတော့ ပြဿနာမရှိဘူးလို့ ပြောထားတယ်၊ ဘာကြောင့်လဲ ဆိုတော့ ၁၉၄၇ ဖွဲ့စည်းပုံမှာ ခွဲထွက်ခွင့်ရှိတယ်လို့ ရေးထားဖူးတယ်။ သို့သော် ၁၀ နှစ် အတွင်း မသုံးရ၊ ခွဲထွက်ချင်ရင် ဘယ်လို လုပ်ရမယ်ပေါ့ဗျ၊ နောက်ဆုံးကျတော့ ပြည်သူ့ ဆန္ဒခံယူရမယ်ထိ ပါတယ်၊ လက်တွေ့ကျတော့ ပုဒ်မပဲ ရှိတယ်၊ လက်တွေ့လုပ်လို့ မရဘူး အခက်အခဲရှိတယ်၊ ဘယ်သူမှလည်း မသုံးဘူး အဲပုဒ်မ ၁၉၄၇ မှာပါတဲ့ ခွဲထွက်ပိုင်ခွင့်ရှိသည်ဆိုတဲ့ ပုဒ်မကို သုံးပြီးတော့ အခွင့်အရေးတောင်းတဲ့ ပြည်နယ်လည်း မရှိဘူး၊ လူမျိုးလည်း မရှိဘူး၊ ကျနော်သိသလောက်”ဟု ၎င်းက ပြောသည်။
သို့သော်လည်း ခွဲထွက်ခွင့်ရှိသည်ဆိုသော ပုဒ်မကို အကြောင်းပြ၍ ဗိုလ်ချုပ်ကြီး နေဝင်းက အာဏာသိမ်း သည့် အခြေအနေ တရပ်ဖြစ်ပေါ်ခဲ့ကြောင်း၊ ထို့ကြောင့် ခွဲထွက်ခွင့် ရှိခြင်း မရှိခြင်းကို ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ထည့်ရေးပါကလည်း အဆိုး၊ အကောင်း သက်ရောက်မှုရှိမည်မဟုတ်ဘဲ အာဏာသိမ်းရန် အကြောင်း ပြစရာသာ ဖြစ်ခဲ့ကြောင်း ဗိုလ်မှူးကြီး ခွန်ဥက္ကာက ပြောသည်။
လက်ရှိတွင် NCA ကို ရှမ်းပြည် ပြန်လည် ထူထောင်ရေးကောင်စီ (RCSS/SSA)၊ ကရင်အမျိုးသား အစည်း အရုံး(KNU)၊ ကရင်အမျိုးသား အစည်းအရုံး/ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော်-ငြိမ်းချမ်းရေး ကောင်စီ(KNU/KNLA-PC)၊ ဒီမိုကရေစီ အကျိုးပြု ကရင်တပ်မတော် (DKBA)၊ ပအိုဝ့်အမျိုးသား လွတ်မြောက် ရေးအဖွဲ့ချုပ်(PNLO)၊ ချင်းအမျိုးသား တပ်ဦး (CNF)၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး(ABSDF)၊ ရခိုင်ပြည်လွတ်မြောက်ရေး ပါတီ(ALP)၊ မွန်ပြည်သစ်ပါတီ(NMSP)၊ လားဟူ ဒီမိုရက်တစ် အစည်းအရုံး (LDU)တို့ ဖြစ်ကြသည်။
အဆိုပါ အဖွဲ့များအနက် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီ (JMC) အဆင့် ဆင့် အစည်းအဝေးများ တက်ရောက်ခြင်းကို ယာယီ ရပ်ဆိုင်းကြောင်း ကြေညာထားသည့် RCSS/SSA နှင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ် တရားဝင် အစည်းအဝေးများ တက်ရောက်ခြင်းကို ယာယီရပ်ဆိုင်းကြောင်း ကြေညာထားသည့် KNU မှ လွဲ၍ အများစုက ပြည်ထောင်စု၏ မည်သည့် အစိတ်အပိုင်းကမှ ခွဲမထွက်ရေး ကတိပြုပေးရန် တပ်မတော်၏ တောင်းဆိုချက်ကို လက်ခံထားကြကြောင်း ဗိုလ်မှူးကြီး ခွန်ဥက္ကာက ပြောသည်။
“အခု ယာယီ အဖွဲ့တွေကတော့ လက်မခံချင်ဘူးပေါ့ဗျာ၊ အခု ယာယီ ယာယီပြောထားတဲ့ အဖွဲ့တွေ၊ ကျန်တဲ့ အဖွဲ့တွေကလည်း ပြဿနာမရှိဘူး၊ မွန်ပြည်သစ်ကလည်း ပါတီအရ ဘာမှ မရှိဘူး၊ ပုဂ္ဂိုလ် တယောက်ချင်း၊ နှစ်ယောက်ချင်းအရတော့ ပြေတာတော့ ရှိမှာပေါ့၊ ပါတီရဲ့ မူတော့ မရှိပါဘူး”ဟု ၎င်းက ပြောသည်။
ခွဲမထွက်ရေးနှင့် ကိုယ်ပိုင်းပြဋ္ဌာန်းခွင့်၊ တခုတည်းသော တပ်မတော်ကို လက်ခံရေး တင်ပြ ဆွေးနွေးမှု ကြောင့် အစိုးရ၊ တပ်မတော်နှင့် NCA ထိုး လက်နက်ကိုင်အဖွဲ့တချို့ကြား အငြင်းပွားနေပြီး ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များလည်း ရပ်တန့်နေသည်။
RCSS/SSA မှ ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ယွက်စစ်ကတော့ ခွဲမထွက်ရေး ကတိပြုရန် တောင်းဆိုမှုသည် တဖွဲ့ ချင်း ဆုံးဖြတ်၍ မရပဲ ရှမ်းပြည်နယ်ရှိ လူထု သဘောထား ဆန္ဒခံယူပြီး လုပ်ကာ ဆုံးဖြတ်ရမည်ဖြစ်ကြောင်း ၂၀၁၈ ခုနှစ်၊ အောက်တိုဘာ ၂၀ ရက်က ဧရာဝတီသို့ ပြောထားသည်။
အဆိုပါ ခွဲမထွက်ရေး ကိစ္စ အငြင်းပွားမှုနှင့်ပတ်သက်ပြီး ငြိမ်းချမ်းရေးနှင့် လုံခြုံရေးဆိုင်ရာ မြန်မာ အင်စတီ ကျူ (MIPS)မှ Federalism and Constitutional Reform Programme ဒါရိုက်တာ ဒေါက်တာဆလိုင်း ငွန်ကျုံးလျန်က နိုင်ငံတကာတွင် ကျင့်သုံးသည့် နည်းနာ (၄)မျိုးကို အခြေခံကာ မူဝါဒချမှန်ရန် စဉ်းစား ရွေးချယ်သင့်ကြောင်း အကြံပြုထားသည်။
“ ခွဲထွက်ခွင့်ကို ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ခွင့်ပြုသည့် နိုင်ငံများ၊ ခွဲထွက်ခွင့်ကို ဖွဲ့စည်းပုံ အခြေခံဥပဒေ ဖြင့် တားမြစ်သည့် နိုင်ငံများ၊ ခွဲထွက်ခွင့် မပြုခြင်းကို ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် အခြားသော စကားရပ် များဖြင့် ပြဋ္ဌာန်းသည့် နိုင်ငံများနှင့် ခွဲထွက်ခြင်း/ခွဲမထွက်ခြင်း ဆိုင်ရာ ကိစ္စကို ဖွဲ့စည်းပုံတွင် လုံးဝ ဖော်ပြ ထားခြင်း မပြုသည့်နိုင်ငံများဟူ၍ တွေ့ရှိရပြီး ထိုနိုင်ငံများ၏ ဖြစ်စဉ်များကို သုံးသပ် လေ့လာသင့်ကြောင်း” ၎င်းက အကြံပြုသည်။
စပိန်နိုင်ငံရှိ ကတ်တလိုနီးယား ဒေသသည် ခွဲထွက်ရေး တောင်းဆိုနေသော်လည်း စပိန်နိုင်ငံ၏ ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် “စပိန်နိုင်ငံသည် ဖြိုခွဲမရသော နိုင်ငံဖြစ်သည်” ဟု ပြဋ္ဌာန်းထားခြင်းကြောင့် အထမ မြောက်ပဲ ဖြစ်နေကြောင်း သိရသည်။