ဒေါ်အောင်ဆန်းစုကြည် နေသည့် ရန်ကုန်တက္ကသိုလ် ရိပ်သာလမ်းရှိ ခြံအမှတ် ၅၄ အိမ် အမွေခွဲဝေမှုနှင့် ပတ်သက်ပြီး အထူး အယူခံ လျှောက်ထားမှု ပယ်ချလိုက်ခြင်း မျှတသည့် ဆုံးဖြတ်ချက် မဟုတ်ကြောင်း ဦးအောင်ဆန်းဦးက ပြော သည်။
ဒေါ်အောင်ဆန်းစုကြည်၏ အစ်ကို ဖြစ်သူ ဦးအောင်ဆန်းဦးက“တရားလွှတ်တော်ချုပ် ဦးထွန်းထွန်းဦးဆီ အယူခံတက် မယ်။ သူက လက်ခံမလား၊လက်မခံလား ဒါကရှိသေးတယ်။ လက်ခံချင်မှလည်း လက်ခံမှာ။ ဒီအမှုကို ဦးထွန်းထွန်းဦး အဆင့် အောက်က တရားသူကြီး ၃ ယောက် စလုံးက ဆက်တိုက် မကိုင်ရဲသလို လုပ်နေတယ်။ ကြည့်ရတာ နိုင်ငံတော် အကြံပေး အရာရှိတယောက်ကို စိုးရိမ်နေလို့ ဒီလိုနေမယ်”ဟု ဧရာဝတီကို ပြောပြသည်။
အဆိုပါ အထူးအယူခံကို အောက်တိုဘာလ ၁၇ ရက်က ပြည်ထောင်စု တရားလွှတ်တော်ချုပ် ရုံးသို့ ဦးအောင်ဆန်းဦး ကိုယ်တိုင် သွားရောက် တင်သွင်းခဲ့ခြင်းဖြစ်ပြီး ဒီဇင်ဘာလ ၁၂ ရက်တွင် အမှုအား ပလပ်မိန့် ချမှတ်လိုက်ခြင်း ဖြစ် ကြောင်း သိရသည်။
ပြည်ထောင်စု တရားလွှတ်တော်ချုပ်ရုံး ပြည်သူ့ ဆက်ဆံရေး ဌာနခွဲမှ ပြောရေးဆိုခွင့်ရှိသူ တဦးက“ဦးအောင်ဆန်းဦး လျှောက်ထားတဲ့ လျောက်ထားချက်ကို ဒီဇင်ဘာ ၁၂ ရက်နေ့က ပလပ်လိုက်တယ်ပေါ့။ အမိန့်ချတယ်ပေါ့။ နားလည် အောင် ပြောရရင်တော့ သူတို့လျှောက်တာကို ခွင့်မပြုဘူးဆိုပြီး အမိန့်ချလိုက်တာ”ဟု ပြောသည်။
ပြည်ထောင်စု တရားသူကြီးချုပ်ထံ အမြန်ဆုံး တင်ပြရန်အတွက် ပြည်ထောင်စု တရားလွှတ်တော်ချုပ်ရုံးက တရားဝင် ထုတ်ပြန်ထားသည့် စာရွက်စာတမ်း၊ အထောက်အထားများ ရယူကာ တင်ပြမည် ဖြစ်သည်ဟု သိရသည်။
အယူခံရာတွင် အရေးကြီးသော အချက်တခုဖြစ်သည့် တရားပြိုင်နှင့် အမွေတောင်းသူ မဟုတ်သည့် ဦးခင်မောင်အေး အား အမွေခွဲဝေပေးခြင်းနှင့် ပတ်သက်၍ တရားမမှုတွင် ယင်းနာမည် တကြိမ်မျှ မပါခြင်းအပေါ် ရှင်းလင်းစွာ ဖြစ်စေရန် လည်း တင်ပြသွားမည်ဟု ဦးအောင်ဆန်းဦးက ဆိုသည်။
၎င်းက“အယူခံ ၃ ခါ စုကြည် ဘက်က တက်တဲ့ အခါမှာလည်း သူ့နာမည် တခါမှ မပါဘူး။ နောက် သူကိုယ်တိုင်က လည်း ကော်မရှင်နာနဲ့ ခွဲတဲ့အခါမှာ တရားပြိုင်အနေနဲ့လည်း ဝင်လို့လည်း မရတော့ဘူး။ ဥပဒေအရ။ ဒါပေမယ့် စုကြည် က သူက ရတယ်ဆိုပြီးတော့။ သူဟာရနိုင်တဲ့ အာဏာပေါ့လေ။ ဥပဒေကို ကျော်ပြီး ရနိုင်တဲ့ အာဏာ၊ ပါဝါသုံးပြီး၊ ခင်မောင်အေးလည်း ခွဲပေးရမယ်လို့ ဘာတို့ လျှောက်လုပ်ပစ်တာပေါ့။ မရှုံးရှုံးအောင်”ဟု ပြောသည်။
အဆိုပါ နေအိမ် အမွေခွဲဝေမှု ပြဿနာသည် ၂၀၁၁ ခုနှစ်မှစကာ ဖြစ်ပွားခဲ့ခြင်း ဖြစ်ပြီး ၂၀၁၆ ခုနှစ် နိုဝင်ဘာလတွင် ရန်ကုန် အနောက်ပိုင်း ခရိုင် တရားရုံးက အပြီးသတ် အမိန့်ချထားကြောင်း သိရသည်။
မြေအကျယ် ၁ ဒသမ ၉၂၃ ဧကရှိ မိခင်ဒေါ်ခင်ကြည် အမည်ပေါက် ခြံအမှတ် ၅၄ အား နှစ်ထပ် အိမ်နှင့် မြေတဝက်ကို ဒေါ်အောင်ဆန်းစုကြည်၊ တထပ်တိုက်နှင့် မြေတဝက်ကို ဦးအောင်ဆန်းဦးတို့ ခွဲဝေရယူရန် တရားရုံးက ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။
၁၉၈၈ ခုနှစ်က ဒေါ်ခင်ကြည် ကျန်းမာရေး ချို့ယွင်းချိန်တွင် ပြည်ပရောက်နေသည့် သားသမီး နှစ်ဦးစလုံး ပြန်လာရန် ပြောဆိုသော်လည်း သမီးဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်သာ ပြန်လာပြီး ဦးအောင်ဆန်းဦးသည် ပြန်မလာခဲ့ကြောင်း၊ သမီး ဖြစ်သူ ပြန်ရောက်ချိန်တွင် ဒေါ်ခင်ကြည်က တူဖြစ်သူ ဦးခင်မောင်အေးကို ပေ ၇၀ x ပေ ၁၀၀ မြေနေရာ ပေးအပ် ခဲ့ကြောင်းလည်း ဆိုသည်။
အမွေကိစ္စနှင့် ပတ်သက်၍ ဦးအောင်ဆန်းဦးနှင့် ဒေါ်အောင်ဆန်းစုကြည်တို့၏ နှစ်ဖက်ရှေ့နေများ ညှိနှိုင်းရန် ပြောဆိုခဲ့ သော်လည်း ဦးအောင်ဆန်းဦးဘက်မှ တောင်းဆိုမှု များနေသည့်အတွက် ရှေ့နေချင်းညှိနှိုင်းမှု ပျက်ပြားခဲ့ဖူးကြောင်း၊ ယင်းသို့ တောင်းဆိုမှုကို လက်မခံသည့်အတွက် မိဘများ ပိုင်ဆိုင်သည့် မြေနှင့် ခြံကို လေလံတင်၍ ထက်ဝက်စီ ခွဲယူရန် ဦးအောင်ဆန်းဦးဘက်မှ အလိုရှိနေခြင်း ဖြစ်ကြောင်း သိရသည်။
ဦးအောင်ဆန်းဦးက“ကျနော်တို့ တောင်းဆိုထားတာ များလွန်းတယ်တဲ့၊ သူတို့မညှိပါဘူးတဲ့။ အဲဒါဆိုရင်လည်း ကျနော် တို့ တောင်းတာ များရင်လည်း ရှင်းရှင်းလေး။ လေလံပစ်လိုက်ရင် ထွက်လာမှာပဲ။ ကျနော်တို့ တောင်းထားတာများရင် ဘာလို့ သူတို့ လေလံအပစ်မခံရဲတာလဲ”ဟု ဆိုသည်။
သို့သော် ၎င်းဘက်မှ မည်သည့်အရာများ တောင်းဆိုခဲ့သည်ဆိုသည်နှင့် ပတ်သက်၍မူ တိကျစွာ ထုတ်ဖော်ပြောဆိုခြင်း မရှိပေ။
ဦးအောင်ဆန်းဦး၏ စွပ်စွဲပြောဆိုမှုနှင့် ပတ်သက်၍ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီမှ ပြောရေးဆိုခွင့်ရှိသူ ဦးမျိုးညွန့်က“ဒါကတော့ လုံးလုံးမဟုတ်ပါဘူး။ လွတ်လွတ်လပ်လပ် တရားရုံးက ဆုံးဖြတ်ပါလိမ့်မယ်။ ကျနော်တို့ ဘာမှ ဝင်ရောက် စွက်ဖက်ခြင်း မပြုဘူး။ မှတ်ချက်တောင် မပေးပါဘူး။ ကျနော်တို့ ပါတီအနေနဲ့ မပေးပါဘူး။ ဒေါ်အောင်ဆန်း စုကြည် အနေနဲ့ ပုဂ္ဂိုလ်ရေးအရလည်း မပေးပါဘူး။ တရားရုံးရဲ့ လွတ်လပ်စွာစီရင်ပိုင်ခွင့်ပါ”ဟု ပြောသည်။
ဒေါ်အောင်ဆန်းစုကြည် နေသည့် တက္ကသိုလ်ရိပ်သာလမ်းရှိ ခြံအမှတ် ၅၄ မှာ မိခင်ဖြစ်သူ ဒေါ်ခင်ကြည်အား ဝန်ကြီးချုပ် ဟောင်း ဦးနုက ပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
တာဝါလိန်းလမ်းနေအိမ် (ယခု ဗိုလ်ချုပ်အောင်ဆန်း ပြတိုက်) တွင် သားဖြစ်သူ အောင်ဆန်းလင်း ရေနစ်သေဆုံးခဲ့ သည့် ယင်းအဖြစ်ဆိုးအား မေ့ပျောက်နိုင်ရန်အတွက် ဒေါ်ခင်ကြည်နှင့် ကလေးများကို တက္ကသိုလ်ရိပ်သာလမ်းရှိ ခြံအမှတ် ၅၄ သို့ ဝန်ကြီးချုပ် ဦးနုက ပြောင်းရွှေ့ပေးခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။
ဆက်စပ် ဖတ်ရှုရန် – ဒေါ်အောင်ဆန်းစုကြည် နေသည့်အိမ် ရောင်းချ ခွဲဝေရန် အစ်ကိုဖြစ်သူ တောင်းဆို